ဆိုကရေးတီး မင်းအောင်လှိုင်

by Hla Soewai - Nov 10 2023

မြောက်ပိုင်း ညီနောင်များ အဖွဲ့ ရဲ့ ၁၀၂၇ ထိုးစစ်ကြီးသည် တလှိုင်းပြီး တလှိုင်း အရှိန်အဟုန် ပြင်းစွာ နှင့် ရွေ့လျား လာနေ၍ အဘယ်ကြောင့် မင်းအောင်လှိုင် ကာကွယ်ရေး ဦးစီးချုပ် စဖြစ်လာခဲ့သည့် ၂၀၁၁ မတ်လ ၃၀ ရက်နေ့ နောက်ပိုင်း စစ်တပ်သည် အဆိုးဝါးဆုံး အခြေအနေနှင့် ရင်ဆိုင် နေရသနည်း ဆိုသည် ကို စစ်ကောင်စီ ကို ထောက်ခံနေသူ အင်အားစုများသည် မည်သို့မျှ နားမလည် နိုင်အောင် ဖြစ်နေကြရသည်။

 

သို့သော် သူတို့ နားမလည်နိုင် တွေးမရသည့် အဖြေကို ထိုးစစ်ကြီး စတင် လိုက်ပြီး ငါးရက်မြောက် နေ့တွင် ကာကွယ်ရေး ဦးစီးချူပ် အဖြစ် ၁၂ နှစ် ကျော်ကြာ တာဝန်ယူလာခဲ့သည့် မင်းအောင်လှိုင်က ရှင်းလင်းစွာ အဖြေပေးလိုက်ပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်း တွင် ဖေါ်ပြထားသည်။

 

ရုပ်မြင်သံကြား ဖန်သားပြင် ပေါ်တွင် ဆို၊ က၊ ရေး၊ တီး ပြိုင်ပွဲသို့ ပြုံးပြုံး ရွှင်ရွှင် တက်ရောက်လာသည့် ၎င်းတို့ အားအထားရဆုံး ကာကွယ်ရေး ဦးစီးချုပ် ကြီးကို တွေ့လိုက်ရခြင်းပင် ဖြစ်သည်။ ယင်းနှင့် အတူ အေဒီ ၆၄ ရောမမြို့ကြီး မီးဟုန်းဟုန်း တောက်နေစဉ် တယော ထိုး မပျက်သော နီရိုး ဘုရင်ကြီးကို လည်း မျက်စိထဲ မြင်လာကြတော့သည်။ ဆို က ရေး တီး တွင် ပါဝင်သူများကို ဆုလက်မှတ်များ ချီးမြှင့်နေချိန်တွင် အဓိက ကုန်သွယ်ရေး မြို့ ဖြစ်သည့် ချင်းရွှေဟော် မြို့သည် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ လက်အောက်သို့ ကျရောက်သွားခဲ့ပြီး ထိုးစစ်သည် ကချင်ပြည်နယ် နှင့် စစ်ကိုင်းတိုင်းသို့ ပျံ့နှံ့လာနေချိန်လည်း ဖြစ်သည်။

 

ယင်းနှင့် အတူ သိမ်းဆည်းရမိသော လက်နက်ကြီး၊ လက်နက်ငယ် မျိုးစုံ နှင့် လက်နက်ချလာသော စစ်ကောင်စီ တပ်သားများ ပုံ များသည် ဖေ့စ်ဘုတ်ပေါ်တွင် ပလူပျံနေချိန်လည်း ဖြစ်သည်။

 

၎င်းအဖို့က မှုစရာ မလိုဟု သဘော ပြလို၍ ထိုသို့ လုပ်ခဲ့ခြင်းမျိုး ဖြစ်နိုင်သော်လည်း မြေပြင် အခြေအနေများကို ကောင်းစွာ သိနားလည် ထားကြပြီး ဖြစ်သည့် စစ်ကောင်စီ နောက်လိုက်များ အဖို့က စိတ်ဓါတ်များ ကုန်းကောက်၍ မရအောင် ပျောက်ဆုံးသွားခဲ့ရသည့် မြင်ကွင်းမျိုး ဖြစ်သွားခဲ့သည်။ ၎င်းတို့ အတွက် သေရေးရှင်ရေး ဖြစ်နေချိန်တွင် စင်အောက်မှ နေ၍ လက်ခုပ်လက်ဝါးတီးကာ အားပေးနေသည့် မင်းအောင်လှိုင် အား လည်း ထိုမျှလောက် ပေါ့လျော့ နေရပါ့မလားဟု ဆဲသံဆိုသံများ တယ်လီဂရန် ချန်နယ် တွင် ပွက်လောရိုက်သွားခဲ့ရပေသည်။

 

၎င်းတို့ အဖို့က ယူကရိန်း သမ္မတ လို စစ်ဝတ်စုံကြီး ဝတ်ပြီး စစ်ဗိုလ်ချုပ်များကို အနီးကပ် ညွှန်ကြားနေရင်း အလုပ်များနေရှာမည်ဟု ယူဆထားကြ၍လည်း ဖြစ်သည်။

 

စစ်တပ်အား ထောက်ခံနေသူများသည် ကြိုက်လွန်းလှသည် မဟုတ်သော်လည်း တိုင်းပြည်ကို နှစ်ပေါင်း ၆၀ ကျော် အုပ်ချုပ်လာခဲ့သည့် စစ်တပ်အောက်တွင် နေသားကျနေသူများ ဖြစ်ပြီး ၎င်းတို့ကို သာ အစိုးရ ဟု မှတ်ယူထားကြသည်။ မရေရာ မသေချာ သော အခြေအနေမျိုး တွင် မနေလိုကြ သူများလည်း ဖြစ်သည်။ တော်လှန်‌ရေးသည် ၎င်းတို့ ထမင်းရည်ပဲ သောက်ရ သောက်ရ အေးအေးလူလူ နေ၍ ရနိုင်သည့် ပုံမှန် အနေအထား ကို ဖျက်ဆီးလာမှုဟု ရှုမြင်ခဲ့ကြသည့် status quo bias သမားများသာ ဖြစ်သည်။

 

တပ်စခန်းပေါင်း တရာနီးပါး လက်လွှတ်ခဲ့ရသည့် ခုနှစ်ရက်မြောက်နေ့တွင်တော့ အိပ်ပျော်နေရာမှ လှုပ်နှိုးခံလိုက်ရသည့်အလား ပြူးပြူးပြဲပြဲ ဖြစ်လာကာ ပြန်၍ တိုက်မည်ဟု လက်သီးလက်မောင်း တန်းလာခဲ့သည်။ ၎င်း၏ ပြောရေး ဆိုခွင့် ရှိသူ ဇော်မင်းထွန်းသည် လည်း ရုပ်မြင်သံကြားမှနေ၍ ဝန်ခံခဲ့ရသည်။

 

တခါဖူးမျှ ၎င်းတို့ သမိုင်းတလျှောက် ထိုသို့ အတိအလင်း ဝန်ခံခဲ့ခြင်း မျိုး မရှိခဲ့ပဲ ယခုလို ထုတ်ပြောလာမှုကိုပင် လေ့လာသူများက တအံ့တဩ ဖြစ်လာရသည်။

 

ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့၏ အင်အားသည် ယခုအခါ စစ်တပ် တိုက်ပွဲဝင် အသင့်အနေအထား ရှိသည် ဆိုသော အင်အား ၏ တဝက်ကျော် ရှိနေပြီး အလုံးအရင်းနှင့် ထိုးစစ် ဆင်လာခဲ့ခြင်းပင် ဖြစ်သည်။ ယင်းကို တနိုင်ငံလုံးရှိ စစ်အင်အားကို စုဆောင်းနိုင်မှသာ သာလွန်အင်အား ဖြင့် ပြန်၍ တိုက်နိုင်မည် ဖြစ်သော်လည်း စစ်ကူများ လာရာ လမ်းကြောင်းကို ပိတ်ဆို့ထားပြီး ဖြစ်သည်။

 

ယခုအခါ ရှုံးမဲ မဲလာနေသော မင်းအောင်လှိုင် တပ်များသည် ကချင် လွတ်မြောက်ရေး တပ်တော် ရှိရာ လိုင်ဇာ အား ဒဏ်ခတ်သည့် အနေဖြင့် လေကြောင်းနှင့် လက်နက်ကြီးများ ဖြင့် အပြင်းအထန် တိုက်ခိုက်လာခဲ့သည်။ မဟာမိတ် ညီနောင်များကို ထောက်ပံ့နေသည့် လက်နက်စက်ရုံများ ရှိနေသည်ဟု ယူဆ၍လည်း ဖြစ်သည်။

 

သို့သော် ၎င်းတို့ ၏ လက်နက်ကြီး ကျည် များသည် နိုဝင်ဘာ ၄ ရက်နေ့တွင် တရုတ် နိုင်ငံထဲ ကျရောက်သွားပြီး အိမ်တလုံးကို ထိမှန်ကာ လူသုံးဦး ဒဏ်ရာရရှိသွားခဲ့သည် ဟု အေးရှား တိုင်းမ်တွင် ရေးသားထားသည်။ အမည်မဖေါ်လိုသော ကေအိုင်အေ အဆင့်မြင့် အရာရှိကြီး တဦးကမူ ၎င်းတို့ အား တိုက်ရန် တရုတ်၏ ခွင့်ပြုချက် ရထားပြီး၍ ဖြစ်သည်ဟု ဆိုသည်၊ ယခုထိ တရုတ်သည် ၎င်းတို့ နယ်မြေထဲ လက်နက်ကြီးကျည်များ ကျရောက် ပေါက်ကွဲ၍ ထိခိုက် ဒဏ်ရာရသူ လေးဦး အထိ ရှိလာသော်လည်း ရေငုံနှုတ်ပိတ် နေဆဲပင် ဖြစ်သည်။

 

တရုတ်သည် လက်ရှိ ထိုးစစ်ကြီး အပေါ် ၎င်းတို့ မည်သို့ ရပ်တည် သွားရမည် အပေါ် ယတိပြတ် မဆုံးဖြတ် နိုင် ဖြစ်နေသော ကြောင့်ဟု ဆိုသည်။ ယင်းသည် ၎င်းတို့ အဖို့ မဟာမိတ် ညီနောင်များ အဖွဲ့ ၏ မယုံကြည် နိုင်လောက်အောင် ရရှိနေသော အောင်မြင်မှုများ ကြောင့် သဘောထား ရပ်တည်ချက် ပြောင်းသင့် မပြောင်းသင့် ချီတုံချတုံ ဖြစ်နေသည်ကို ထင်ဟပ်ပေါ်လွင်စေသည် ဟု သုံးသပ်ထားသည်။

 

အလားတူပင် နောက်ထပ် ဆောင်းပါး တပုဒ်တွင် အန်ထော်နီ ဒေးဗီးစ်က ထိုအောင်မြင်မှုများ ကို ကြည့်၍ ဒေသတွင်း နိုင်ငံများ ရှိ သံရုံးများ၊ နိုင်ငံခြားရေး ဝန်ကြီး ဌာနများကလည်း ၎င်းတို့ သက်တောင့်သက်သာ ခံယူထားသည့် မြန်မာ ပြည်တွင်းစစ်သည် ရှေ့မတိုး နောက်မဆုပ် ဖြင့် သာ ဆက်သွားနေမည် ဆိုသော ထင်မြင်ချက် ကို ပြန်လည် သုံးသပ်လာကြရပြီ ဖြစ်သည်ဟု ဆိုသည်။

 

ယခုအခါ ယခင်တခါဖူးမျှ မမြင်ခဲ့ရသော နေပြည်တော်သို့ ချီတက်မည့် တော်လှန်ရေး လမ်းကြောင်းသည် ဆောင်းဦးပေါက် မြူများ အကြား ရုတ်ခြည်း ထိုးထွက်လာသည့် အလား ရှင်းလင်း ပြတ်သားစွာ မြင်လာနေရပြီဟု ဆောင်းပါးရှင်က သုံးသပ်ထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!