လက်တကမ်း အလို

by Hla Soewai - Nov 10 2023

မြောက်ပိုင်း ညီနောင်များ အဖွဲ့၏ နေ့စဉ်လို အောင်ပွဲများ ဆက်တိုက်ရရှိနေပြီ ဆိုသည့် သတင်းများ နိုင်ငံတကာ သတင်းစာမျက်နှာမျာ တွင် ဝေဝေဆာဆာ ပါရှိလာနေပြီ ဖြစ်သည်။

 

ယခုအခါ တပတ်အတွင်း စစ်စခန်းပေါင်း ၁၀၆ ခု နှင့် မြို့ လေးမြို့ကို ထိန်းချုပ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုဖြစ်စဉ်များကို စစ်တပ် အတွင်း မှာပင် မည်သို့မျှ မယုံကြည်နိုင်လောက် အောင် မျက်လုံးပြူး မျက်ဆံပြူး ဖြစ်လာကြသည်မှာလည်း သဘာဝ ကျပေသည်။ ၎င်းတို့ အားအထားဆုံး လေကြောင်းပစ်ကူ နှင့် လက်နက်ကြီးများ ရှိနေသည့် ကြားမှပင် ထိုသို့ ဖြစ်လာနေသော ကြောင့်လည်း ဖြစ်ပေသည်။

 

ယခုထိ တရုတ်မှ လွဲ၍ မည်သည့် နိုင်ငံ အဖွဲ့အစည်းကမျှ အပစ်အခတ် ရပ်စဲကြပါရန်၊ စိုးရိမ်မကင်း အစရှိသည့် ကျေညာချက် မျိုး ထွက်ရှိလာခြင်း မရှိသေးသည်ကို တွေ့ရသည်။

 

နိုင်ငံကို နှစ်ပေါင်း ၆၀ ကျော် တင်းကျပ်စွာ ထိန်းချုပ်လာသော စစ်တပ်သည် မည်သို့မျှ ပြိုလဲ နိုင်လိမ့်မည် မဟုတ်သော နိုင်ငံတကာ၏ ယူဆထားချက်များ မှေးမှိမ်သွားခဲ့ပြီ ဖြစ်သည်။

 

လူထု၏ ထောက်ခံမှု မည်သို့မျှ မရပဲ လက်တဆုပ်စာ လူနည်းစု အတွက် တိုက်နေရသော စစ်ပွဲသည် သမိုင်း အဆက်ဆက် အောင်မြင်ရိုး ထုံးစံ ရှိခဲ့ပါ၏လော။

 

ဗီယက်နမ်၊ အာဖဂန်နစ္စတန်၊ အီရတ်တို့ တွင် မည်မျှ အင်အား ကြီး မားလှပါသည် ဆိုသော အမေရိကန် တို့ အရေးနိမ့် ခဲ့ရသည်ကပင် အနီးစပ်ဆုံး ဥပမာ ပင် ဖြစ်သည်၊ သို့သော် အမေရိကန် အစိုးရသည် ထိုသို့ မအောင်မြင် မှန်း သိသော စစ်ပွဲ ကို လက်နက်အားကိုး မိုက်ရူးရဲ စိတ်ဖြင့် ငယ်သားများ သေသေကြေကြေ ဆိုကာ ဆက်တိုက်ခဲ့ကြခြင်း မရှိ၊ ပြန်လည် ဆုတ်ခွာပေးခဲ့ကြစမြဲပင် ဖြစ်သည်။

 

ထိုသို့ မြန်မာ တိုင်းရင်းသား တရပ်လုံး၏ အရေးကို သစ္စာဖောက်၍ မိုက်လုံးကြီးနေသော စစ်ခေါင်းဆောင် များ အတွက် အသက်ကို ရင်း၍ တိုက်နေကြသော စစ်ကောင်စီ တပ်သားများသည် ဆက်၍ တိုက်ချင်စိတ် မရှိကြတော့သည်ကို တွေ့လာရသည်ဟု မြောက်ပိုင်း ညီနောင်များ အဖွဲ့မှ ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။ မင်းအောင်လှိုင် ပါးစပ်ကမချသော နိုင်ငံတော် အတွက် ဆိုသည်မှာလည်း သူ့အတွက် ပြောနေခြင်း သာ ဖြစ်သည်ကို သဘောပေါက်လာကြပြီ ဖြစ်သည်။

 

ယခုအခါ စစ်စခန်းများကို ဝိုင်းတိုင်း အပရိက ခုခံပြီး ဆုတ်ခွာထွက်ပြေးနေကြသည်က များသည်ဟု ဆိုသည်။ 

 

မင်းအောင်လှိုင်သည် ရေငုပ်သင်္ဘောများ၊ ရုရှား အမ်အိုင်ဂျီများ ဖြင့် ဟန်ရေးပြနေသော်လည်း ဖမ်းဆီးရမိသော လက်နက်များသည် မီးကျိုး မောင်းပျက် သာသာ ဒုတိယ ကမ္ဘာစစ်အတွင်း အမေရိကန် ကြည်းတပ်သုံး M-1 ရိုင်ဖယ် နှင့် အစ္စရေး နိုင်ငံထုတ် ဂါလီအမျိုးအစား ပြန်လည် မွမ်းမံထားသည့် MA-1 လက်နက်မျိုး များ ဖြစ်နေသည်ကိုလည်း စစ်ရေး လေ့လာသူများ အဖို့ တအံ့တသြ ဖြစ်ကြရပြန်သည်။

 

စစ်ကောင်စီ တပ်သား များ နှင့် ၎င်းတို့၏ မိသားစုများ မည်မျှ ပူလောင်သောက ရောက်နေကြမည် ဆိုသည်ကို မှန်းဆ ကြည့်နိုင်သည်၊ အာဏာရှင်၏ ပြင်းထန်လှသော ရာဇသံ ကို မတော်လှန် မလွန်ဆံ ဝံ့ လည်း ဖြစ်နေကြ၍ အားလုံးလည်း ဆောက်တည်ရာ မရ ဖြစ်လာကြကာ တန်ခိုးရှင်တဦးဦးအား ၎င်းတို့၏ လင်သား များ အသက်ချမ်းသာရာ ရရေး အတွက် အုန်းပွဲ ငှက်ပျောပွဲ များ ဖြင့် ပူဇော် ပသ လာကြသည်။ 

 

စစ်သည်များ အဖို့လည်း တပ်က ထွက်မရ၊ စစ်မြေပြင် တွင် တပ်ကို စွန့်ခွာမည်ဆိုက နေရာတွင်ပင် ချက်ခြင်း သေဒဏ် စီရင်နိုင်သည့် စစ်ဥပဒေ ကလည်း ရှိနေပြီး ဖြစ်၍ ဘာလုပ်၍ ဘာလုပ်ရမှန်း မသိအောင် အကျပ်ရိုက်လာနေကြသည်။ စစ်ကူ ဆိုသည်ကလည်း လေကြောင်းမှ ချပေးမှသာ ဖြစ်နိုင်ပေတော့မည် ဆိုသည်ကိုလည်း သိနေကြသည်၊ ထိုအနေအထား များကြားတွင် မိမိတို့ ခေါင်းပေါ်သို့ ဘယ်အချိန် ဗုံးမှားကြဲ ခံရမည် ကိုလည်း တွေးပူနေရပြန်သည်။

 

မင်းအောင်လှိုင် အဖွဲ့သည် ယခုအခါ အခြေအနေများ ထိန်းချုပ်ထားနိုင်ပြီး စိုးရိမ်ပူပန် စရာ မလို ကြောင်း ပြသသည့် အနေဖြင့် ပွဲလမ်းသဘင်များ တက်ရောက်ပြီး ဝါဒ ဖြန့်နေကြသော်လည်း ထိုအဖြစ်များကို ကြည့်၍ တပ်သားများ အဖို့ ဝါဒ ဖြန့်နေသည်ဟု မထင်ပဲ ၎င်းတို့ ဘဝက သာသာယာယာ ဖြစ်နေပါလားဟု အတွေးများ ဝင်လာနိုင်သည့် အန္တရာယ် ရှိလာနေသည်။

 

စစ်တပ်အတွက် ကျဆင်းနေသော စိတ်ဓါတ်များ ပြန်လည် မြှင့်တင်နိုင်ရေး အတွက် တခုတည်းသော ထွက်ပေါက်မှာ မင်းအောင်လှိုင် အား ဖြုတ်ချပြီး စစ်ဦးစီး ကောင်စီ မျိုး ပြန်လည် ဖွဲ့စည်းနိုင်မှသာ ဖြစ်ပေတော့မည်။

 

ယခုအခါ တရုတ်နိုင်ငံဖက်သို့ တိမ်းရှောင်သွားသူ ပေါင်း ၅,၀၀၀ ခန့် ရှိလာနေပြီ ဖြစ်သည်၊ တရုတ်အဖို့ မြန်မာပြည်တွင် စစ်အုပ်ချုပ်ရေး ရှိနေသရွေ့ စီးပွားရေး အရ အကျိုးအမြတ် မရနိုင်သည့် အပြင် ၎င်းတို့ ကြွေးကျော်နေသော မြန်မာပြည် တည်ငြိမ် ဖွံ့ဖြိုးတိုးတက်ရေးသည် မည်သို့မျှ ဖြစ်မလာနိုင်မည် ဆိုသည်ကိုလည်း သဘောပေါက် သင့်ပြီ ဖြစ်သည်။ သဘောပေါက်နေပြီ ဟုလည်း ယူဆရပေသည်။ တဖက်တွင်လည်း သမ္မတ ရှီကျင့်ပင်သည် ဒီမိုကရေစီ၊ လူ့အခွင့်အရေး များ မရှိပဲ တိုးတက်အောင် လုပ်၍ ရသည် ဆိုသော ၎င်းတို့ လို စနစ်မျိုး နှင့် ကမ္ဘာကြီးအား ပြောင်းလဲ ပစ်ရန် စိတ်ကူး ယဉ်နေဆဲ ဖြစ်၍ မြန်မာ နှင့် ပတ်သက်ပြီး တရုတ် အဖို့ အကြီးမားဆုံး အကျပ်အတည်း နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

လက်ရှိ အနေအထား ကို ဆက်ထိန်း ထားနိုင်မည် ဆိုလျှင် ပြည်သူတို့၏ အောင်ပွဲသည် လက်တကမ်း အလို သို့ ရောက်လာတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်