တန်ပြန် ထိုးစစ် ဆင်မည်ဟု မင်းအောင်လှိုင် ကြုံးဝါး

by Hla Soewai - Nov 10 2023

နိုင်ငံ၏ အရှေ့မြောက် နှင့် မြောက်ပိုင်း ဒေသများ တွင် မြောက်ပိုင်း မဟာမိတ် ညီနောင်များ သိမ်းပိုက်ခံထားရသည့် မြို့များကို ပြန်လည် သိမ်းပိုက်နိုင်ရန် တန်ပြန် ထိုးစစ် ဆင်မည်ဟု မင်းအောင်လှိုင်မှ အာဏာသိမ်း အဖွဲ့ အစည်း အဝေးတွင် ကြုံးဝါးလိုက်ပြီ ဖြစ်သည်။

 

၎င်းအဖို့ တပ်တွင်း တွင်ပင် လှောင်ပြောင်ခံနေရသည့် ကာကွယ်ရေး ဦးစီးချုပ် ဖြစ်လာနေ၍ ထိုသို့ အပြောများကို ခါချဉ်ကောင် မာန်ကြီးသော်လည်း ခါးကမသန် ဆိုသလို ၎င်းတို့ အကြားတွင်ပင် ယုံကြည်သူ နည်းလာနေသည်။

 

သို့သော် ရုရှား စစ်အကြံပေးများ အကူအညီ ဖြင့် ကြုံးဝါးလာခြင်း ဖြစ်ပုံရသည်။ ရေတပ်သား ၈၀၀ ခန့် ပါရှိလာသည့် ရုရှားရေတပ်မှ ဖျက်သင်္ဘော သုံးစီးသည် နှစ်နိုင်ငံ ပူးတွဲ စစ်ရေး လေ့ကျင့်ရန် သီလဝါ ဆိပ်ကမ်းသို့ ဆိုက်ရောက်လာပြီ ဖြစ်သည်။ သို့သော် ယင်းသည် ယခင် လပေါင်းများစွာ ကတည်းက စီစဉ်ထားခြင်း ဖြစ်သည်၊ တရုတ်ကလည်း ရုရှားတို့ ဝင်ကူချင်သည့်တိုင် အနောက်အုပ်စု ဝင်ပါလာကာ မြန်မာပြည် စစ်တလင်း ဖြစ်သွားမည်ကို ၎င်းတို့ အကျိုးစီးပွား ရှိနေ၍ မည်သို့မျှ အဖြစ်ခံမည် မဟုတ်။

 

သို့သော် မင်းအောင်လှိုင် နှင့် အဖွဲ့သည် ၎င်းတို့ အာဏာကို တဲတဲ လေးပင် ဆုတ်ကိုင်ထားနိုင်မည်ဆိုက တိုင်းပြည်ကို စစ်တလင်း အဖြစ် ပြောင်းလဲ ပစ်ဖို့ ဝန်လေးကြသူများ မဟုတ်ပေ။

 

၎င်းမှ လက်ရှိ ယုံကြည်မှု တည်ဆောက်ထားသည့် တိုင်းရင်းသား အဖွဲ့အစည်းများ ရှိနေသော်လည်း စစ်စခန်းများကို တိုက်ခိုက်လာသူများကို ပြန်လည် ထိုးစစ်ဆင်သွားမည်ဟု လည်း ပြောလာခဲ့သည်၊ ထို့အတွက် ရက္ခိုင် တပ်တော် နှင့် ဝ တပ်များကို ရည်ညွန်းလာဟန် ရှိသည်။

 

လက်ရှိ အနေအထားသည် စစ်ကောင်စီ တပ်များ အဖို့ နေရာအနှံ့ သုံးနှစ် နီးပါး တိုက်ခိုက်နေရပြီး အောင်ပွဲ ဟူ၍ မယ်မယ်ရရ မပြနိုင်သဖြင့် တပ်တွင်း တွင် စိတ်ဓါတ်များ ကျဆင်းလာပြီး ယဲ့ယဲ့သာ ကျန်တော့၍ ဗျူဟာပိုင်းတွင် အမှား တခု ကျုးလွန်မိသည် နှင့် ချက်ခြင်းဆိုသလို ပြိုလဲသွားနိုင်သည့် အနေအထား ရောက်နေပြီ ဖြစ်သည်။

 

မဟာမိတ် ညီနောင်များ အဖွဲ့မှ မိမိတို့ အားလုံး အသင့်ပြင်ထားပြီး ဖြစ်သည်ဟု ပြောလာသည်၊ ၎င်း ထိုသို့ ကြုံးဝါးနေသည်ကို အခွင့်ကောင်းယူပြီး လက်ရှိ တွင် ရနိုင်သမျှ ဖိ၍ ထိုးစစ် ဆင်ထားသင့်သည်ဟု ယူဆမိသည်။ ယခုအခါ MNDAA အဖွဲ့ မှ သိန္ဓီ မြို့အား အပြီးအပိုင် ထိန်းချုပ်လိုက်နိုင်ပြီ ဖြစ်သည်ဟု ကျေညာချက် ထုတ်ပြန်လာခဲ့ပြီ ဖြစ်သည်။ စစ်ကောင်စီ တပ်များ စစ်ကူ လာနိုင်မည့် လမ်း ဖြစ်သည့် သိန္ဓီ မြို့ပြင်ရှိ နမ္မတူ မြစ်ကူး တံတားကို လည်း ဖေါက်ခွဲ ပစ်ခဲ့သည်ဟု သိရသည်။

 

ကွမ်းလုံ မြို့အားလည်း တဝက်နီးပါး ထိန်းချုပ် နိုင်ခဲ့ပြီး ယင်းမြို့ရှိ ခမရ ၁၂၇ အားလည်း တိုက်ခိုက်လျက် ရှိသည်။ ကွမ်းလုံ ကျသွားပြီ ဆိုလျှင် ကိုးကန့်ဒေသတခုလုံး အား စစ်ကောင်စီ လက်လွှတ်ရတော့မည် ဖြစ်သည်ဟု ဧရာဝတီက သုံးသပ်ထားသည်။

 

လက်ရှိတွင် လေကြောင်းမှ လွဲ၍ စစ်ကူလာနိုင်သည့် လမ်းကြောင်း မှန်သမျှ အား မြောက်ပိုင်း ညီနောင်များ အဖွဲ့က လုံးဝထိန်းချုပ်နိုင်ပြီ ဖြစ်၍ စစ်ကောင်စီ အတွက် အကြီးအကျယ် အထိနာနေပြီ ဖြစ်သည်။

 

ယခုအခါ ၁၀၂၇ ထိုးစစ်ကြီး ကြောင့် တနိုင်ငံလုံးရှိ တော်လှန်ရေး အင်အားစု များ အားသစ် လောင်းလိုက်သလို ဖြစ်လာပြီး စစ်ကိုင်း နှင့် မကွေးတိုင်း အတွင်း ရှိ စစ်စခန်း ဆယ်ခု ကို တပြိုင်နက်တည်း ထိုးစစ်ဆင်လာပြီ ဖြစ်သည်။ အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ပြည့်သူ့ကာကွယ်ရေး တပ်များသည်လည်း ကလေး၊ တမူး၊ ကျွန်းလှ၊ ကောလင်း၊ ဝန်သို၊ ကန့်ဘလူ၊ မိုးကုတ်၊ ပြင်ဦးလွင် ဒေသများ တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားလျက် ရှိသည်။ 

 

တွံတေး တူးမြောင်း အတွင်းတွင် ပင် တိုက်ပွဲများ ဖြစ်ပွားလာနေပြီ ဖြစ်သည်။

 

ကရင်အမျိုးသား သမဂ္ဂ လက်အောက်ခံ တပ်များသည်လည်း ကြာအင်းဆိပ်ကြီး နှင့် ကော့ကရိတ် မြို့ ရှိ စစ်စခန်းများကို တိုက်ခိုက်နေကြသည်။ ထို့ပြင် ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမကြီး နှင့် မဝေးလှသော ပဲခူးရိုးမ အရှေ့ခြမ်းသို့လည်း ထိုးဖောက်လာနေကြသည်။

 

ယခုအခါ ကရင်၊ ကချင်၊ ကယား၊ ရှမ်းမြောက်၊ မကွေး နှင့် စစ်ကိုင်းတိုင်းတို့တွင် စစ်မျက်နှာများ ဖွင့်ကာ တိုက်ခိုက်နေကြ၍ စစ်ကောင်စီ လက်အောက်ခံ တပ်များအဖို့ အလူးအလဲ ရင်ဆိုင်နေကြရပြီ ဖြစ်သည်၊ MI-35 ရဟတ်ယာဉ်များ လည်း တောင်ပြေး မြောက်ပြေး နှင့် ပျိုတိုင်းကြိုက်သည့် နှင်းဆီခိုင် ပမာ ကယ်ပါ ယူပါ နှင့် ဝိုင်းဝိုင်းလည် ဖြစ်နေသည်။

 

တပ်တွင်း တွင် သတင်းများကို မရမက ဖုံးဖိကာ ဖေါ့ပြောနေကြသော်လည်း မင်းအောင်လှိုင်၏ စစ်ရေးအရ ခေါင်းဆောင်မှု အရည်အချင်းကို အကြီးအကျယ် မေးခွန်းထုတ်လာနေကြပြီ ဖြစ်သည်။ ယခုအခါ သာမန် ဖြစ်ရိုးဖြစ်စဉ် မဟုတ်ပဲ စစ်တပ် သမိုင်းတွင် တခါဖူးမျှ မကြုံခဲ့ရဖူးသည့် ရှစ်ရက် အတွင်း စစ်စခန်း ၉၇ ခုနှင့် မြို့လေး မြို့ ကျသွားရသည့် အဖြစ် နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ မင်းအောင်လှိုင်၏ ဦးဆောင်မှု နှင့် ပြန် တိုက်ယူ နိုင်မည်ဟု ယုံကြည်နေကြသူများ ရှိနေပါက စိတ်ပေါ့သွမ်းသူများသာ ဖြစ်၍ စိတ်ကျန်းမာရေး ဆေးရုံ သို့ အမြန် တင်ပို့ နိုင်မှ စိတ်ချရပေတော့မည်။

 

ယခုလို အခြေအနေမျိုးသည် နောက်တကြိမ် မည်သို့မျှ ပြန် ဖြစ်လာနိုင်မည် မဟုတ်၍ ပြည်သူများ အနေဖြင့် တော်လှန်ရေး အသိဖြင့် အစွမ်းကုန် ပံ့ပိုးပေးကြပါရန် တိုက်တွန်းလိုပါသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!