တရုတ်၏ သဘောထား ထွက်ပေါ်

by Hla Soewai - Nov 10 2023

စစ်အာဏာသိမ်း အဖွဲ့၏ ပြောခွင့်ရ ဇော်မင်းထွန်းသည် ရုပ်မြင်သံကြား မှ တဆင့် ချင်းရွှေဟော်တွင် စစ်တပ် နှင့် အုပ်ချုပ်ရေး ပိုင်းမှ ဝန်ထမ်းများ မရှိတော့ပါဟု လူသိရှင်ကြား ဝန်ခံလိုက်ရပြီ ဖြစ်သည်။

 

ထို့အတွက် မြန်မာ အဖို့ နှစ်စဉ် ရရှိနေသော ကုန်သွယ်ခွန် အမေရိကန် ဒေါ်လာ ၁.၈ ဘီလီယံ ထဲမှ လေးပုံတပုံ ခန့် ဆုံးရှုံးခံလိုက်ရခြင်းပင် ဖြစ်သည်။ ဤသည်ကလည်း ပြီးခဲ့သည့် စက်တင်ဘာလ အတွင်း ၎င်းတို့ မှ ချင်းရွှေဟော်ကို ဖြတ်၍ ကုန်စည် စီးဆင်းမှု မှ မည်ရွေ့မည်မျှ ရနေကြောင်း ထုတ်ပြောခဲ့ခြင်း၍ သိရခြင်း ပင် ဖြစ်သည်။ နိုင်ငံ၏ ပြည်ပ ပို့ကုန် ၈၀ ရာနှုန်းသည် အဆိုပါ လမ်းကြောင်းမှ သွားနေခြင်း ဖြစ်၍ ဝင်ငွေ အကြီးအကျယ် ထိခိုက် သွားခဲ့ခြင်းပင် ဖြစ်သည်။

 

ပြည်သူများကလည်း ၁၀၂၇ ထိုးစစ်ကြီးအား အင်တိုက်အားတိုက် ထောက်ခံလာမှု နှင့် အတူ လက်ရှိ ထိုးစစ်ကြီး အရှိန်အဟုန်ကို ဆက်ထိမ်းနိုင်ရန် အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အပေါ် လူထုက အာရုံစိုက်လာနေပြီ ဖြစ်သည်။ အချို့သော တော်လှန်ရေး အဖွဲ့များက လည်း ၁၀၂၇ ထိုးစစ်ကြီး နှင့် တသားတည်း ရှိကြောင်း ပြသရန် တိုက်ခိုက်လာကြပြီ ဖြစ်ပြီး ရန်ကုန် အပါအဝင် အချို့ ဒေသများတွင် လျပ်တပျက် ထောက်ခံ ဆန္ဒပြပွဲများ ပြုလုပ်လာကြသည်။

 

ဤသည်ကလည်း အကျိုး အကြောင်း ဆီလျှော်မှု ရှိနေသည်။ တရုတ်သည် ၎င်း၏ နယ်စပ်ဒေသ လုံခြုံ တည်ငြိမ်မှု ရှိရေး အတွက် မြောက်ပိုင်း ညီနောင်များ အဖွဲ့ကို ဖိအားများ ပေးလာနေ၍ ဖြစ်သည်။ မြောက်ပိုင်း အဖွဲ့၏ ရည်ရွယ်ချက်တွင်လည်း အွန်လိုင်းမှ လိမ်လည်နေသည့် ဂိုဏ်းများ ပပျောက်သွားရန်ဟု လည်း ပါရှိသည်။ တရုတ်သည် ၁၉၇၉ တွင် ဗီယက်နမ်ကို ကျုးကျော်တိုက်ခိုက်ပြီး တလခန့် အကြာတွင် ရည်မှန်းချက် များ ပြည့်ဝ သွားပြီ ဆိုက ၎င်းတို့ သဘော နှင့် ၎င်းတို့ ပြန်ဆုတ်သွားခဲ့ဖူးပေသည်။

 

တရုတ် ပြည်သူ လုံခြုံရေးရာ ဝန်ကြီး သည် နေပြည်တော်သို့ ရောက်လာပြီး မင်းအောင်လှိုင်၊ ရာပြည့်၊ မြင့်ကြိုင် တို့ နှင့် တွေ့ဆုံ ဆွေးနွေးသွားခဲ့သည်။ 

 

သို့သော် အံ့ဩဖို့ ကောင်းလာရသည်က ယနေ့ထုတ် တရုတ် အစိုးရ အာဘော် တပိုင်း ဖြစ်သည့် Global Times ၏ အယ်ဒီတာ အာဘော်မှ မှ အဆိုပါ ခရီးစဉ် အပေါ် ကာကွယ်ရေးသားလာခြင်း ပင် ဖြစ်သည်။ တဖန် တရုတ်ပြည်သူ့နေ့စဉ် သတင်းစာမှလည်း ဆောင်းပါး အဖြစ် ပြန်လည် ထည့်သွင်း ဖေါ်ပြခဲ့သည်။

 

အဆိုပါ ခရီးစဉ်သည် တရုတ်နိုင်ငံသား များ ၏ ဘဝ နှင့် စည်းစိမ်ဥစ္စာများ ပျက်စီးအောင် ခြိမ်းခြောက်လာနေသည့် အွန်လိုင်း လိမ်လည်မှုများ ကို တိုက်ဖျက်ရန် အတွက် ဆွေးနွေးခဲ့ခြင်း သာ ဖြစ်ပြီး ဤသည်ကို အနောက်တိုင်း သတင်းစာများက မြန်မာ နှင့် လုံခြုံရေး အရ ပူးပေါင်း ဆောင်ရွက်ရန်ဟု အဓိပ္ပါယ် ဖွင့်ဆိုလာမှုကိုလည်း ရှုတ်ချထားသည်။ အချို့က လက်ရှိ မြန်မာ မြောက်ပိုင်း တွင် ဖြစ်ပွားနေသော ပဋိပက္ခ နှင့် ဆက်နွယ် ပတ်သက်သည်ဟု ပင် စွပ်စွဲလာခဲ့သည်ဟု ဆိုသည်။

 

မြန်မာပြည် မြောက်ပိုင်းသည် ထိုသို့ လိမ်လည် နေကြသူများ ကျက်စားရာ ဖြစ်သည်ဟုလည်း ပါရှိသည်။ ၎င်းတို့ အား နှိမ်နှင်းနိုင်ရန် သက်ဆိုင်ရာ နိုင်ငံများ အနေအဖြင့် အလေးအနက် ထားပြီး မဆုပ်မနစ် ကြိုးပမ်းသင့်သည်ဟု လည်း ဖေါ်ပြထားသည်။

 

တရုတ် အနေဖြင့် နိုင်ငံတနိုင်ငံ ၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက်ပြီး မိမိတို့ ဆန္ဒအတိုင်း ဖြစ်လာစေရန် မည်သည့်အခါမျှ အတင်းအကျပ် လုပ်မည် မဟုတ်ဟု လည်း ရေးသားထားခဲ့သည်။

 

ဆိုလိုသည်က တရုတ်ဝန်ကြီး၏ ခရီးစဉ်သည် လက်ရှိ ဖြစ်ပွားနေသော ပဋိပက္ခ နှင့် မပါတ်သက်ဟု ငြင်းဆိုသွားခဲ့ခြင်းပင် ဖြစ်သည်။

 

စစ်ကောင်စီသည် ငါးရက်အတွင်း ၎င်းတို့ စခန်းပေါင်း ၉၀ နီးပါး လက်လွှတ်ခဲ့ရသည့် ထိုးစစ်ကြီး အား တန်ပြန် နိုင်ရန် လေကြောင်းမှ တိုက်ခိုက်နေသည်က လွဲ၍ ယခုအထိ စစ်ကူ စေလွှတ်နိုင်ခြင်း မရှိသေးပေ။ မြောက်ပိုင်း ညီနောင်များ အဖွဲ့သည် လာရှိုးမြို့ပြင်မှ နေ၍ မန္တလေး-လားရှိုး-မူဆယ်လမ်းမကြီးအား အပြီး အပိုင် ထိန်းချုပ် ထားနိုင်၍ စစ်ကောင်စီ အဖို့ ရှမ်းပြည် မြောက်ပိုင်း သို့ ဝင်ရောက်နိုင်ခြင်း မရှိတော့ပဲ စစ်ကူများ ကို လေကြောင်းမှသာ ချပေးဖို့ ရှိတော့သည်။

 

အင်အား နှစ်သောင်း ခန့်အထိ ပါဝင်နိုင်သည်ဟု ခန့်မှန်းထားသော အဆိုပါ စစ်ဆင်ရေးကြီး ကြောင့် မင်းအောင်လှိုင် စစ်တပ်၏ ဂုဏ်သိက္ခာသည် ပြန်၍ အဖတ်ဆယ်မရအောင် အကြီးအကျယ် ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။

 

လူတိုင်းသည် အမိဝမ်းတွင်း မှ တူညီစွာ မွေးဖွားလာခဲ့သည် ဆိုသော ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ၏ အခြေခံ သဘော တရားကို စစ်တပ်သည် ငြင်းပယ်ခဲ့ပြီး ထိုသို့ တူညီခြင်း မရှိ၊ မိမိတို့သည် သာ အတွေးအခေါ် အယူအဆ ပို၍ သာလွန်၍ တိုင်းပြည်ကို အုပ်ချုပ်သွားနိုင်ခွင့် ရှိသူများဟု ခံယူထားကြပြီး ထိုအတိုင်းပင် လေ့ကျင့် ပျိုးထောင်လာခဲ့ကြသူ များ ဖြစ်နေသည်။

 

ဤသည်ကပင် လူသားတို့သည် မွေးဖွားလာကတည်း က မိမိ ကြမ္မာကို မိမိပြဋ္ဌာန်းပိုင်ခွင့် ရှိရမည် ဆိုသည်ကို လက်ခံလိုစိတ် မရှိပဲ တသွေးတသံ တမိန့် ဖြင့် အုပ်ချုပ်သွားရမည် ဆိုသည့် မူ အတိုင်း တောက်လျှောက်ကျင့်သုံးလာခဲ့ခြင်း ဖြစ်သည်။ ပြည်သူများသည် တွေးခေါ်မျှော်မြင်မှု မရှိ၊ အသိပညာ နည်းပါး၍ ၎င်းတို့အား နိုင်ငံရေးရာ များ အား ဆုံးဖြတ်ပိုင်ခွင့် ပေး၍ မဖြစ် ဟု သဘောထားခဲ့ကြသည်။ လွှတ်တော်တွင် ပင်နီ များ လွှမ်းခြုံလာသည်ကိုလည်း ကြည့်မရ ဖြစ်လာခြင်းသည် ထိုခံယူချက် ကြောင့်ပင် ဖြစ်သည်။

 

ဒီမိုကရေစီ ဆိုသည်မှာ အာဏာရှင်၏ လက်သပ်မွေးခံထားရသော လူနည်းစု ဖြစ်သည့် မိမိတို့အား အနိုင်ကျင့်ရန် အတွက် ဖြစ်သည်ဟု ယူဆလာကြသည်။

 

ယခုအခါ တတိုင်းပြည်လုံး ကို နှိပ်စက်ခဲ့ကြသည့် အာဏာရှင် နောက်လိုက်များသည် ၎င်းတို့ လုပ်ရပ်များ မှန်ကန်ကြောင်း ယုံကြည်ထားနိုင်မှသာ ဖြစ်ပေမည်၊ အာဏာရှင်အား ဆန့်ကျင်မည် ဆိုက ၎င်းတို့ လုပ်ရပ်များ မှားယွင်းသွားပြီဟု ဝန်ခံလိုက်သလို ဖြစ်သွား မည်ဟု ယူဆလာကြသည်။ ရန်သူသည် မကောင်းဆိုးဝါး များ မဟုတ်တော့ပဲ မိမိတို့သာ ဖြစ်သွားမည်၊ ဤသည်ကို လက်ခံနိုင်ဖို့ လွန်စွာ ခဲယဉ်းနေပေလိမ့်မည်။ မိမိတို့ ဘဝများ ပို၍ ကောင်းမွန်လာခြင်း ရှိမရှိ စဉ်းစားရမည့် အစား မိမိကိုယ် မိမိ တိုင်းပြည်ကို ကယ်တင်နေသည့် သူရဲကောင်းများ အဖြစ်သာ မှတ်ယူလာကြသည်။

 

ခေါင်းဆောင်လုပ်နေသူများသည် ထိုကဲ့သို့သော အမြင်များကို အားဖြည့်ပေးဖို့သာ လိုအပ်သည်။

 

လက်ရှိ အာဏာရှင်တို့၏ ဝါဒ ဖြန့်ချီနေမှုများသည် မှားသည်ဟု ဆန်းစစ်နေစရာ မလို၊ မိမိတို့၏ ခံယူချက်၊ ရပ်တည်ချက်များ ကို အားဖြည့်ပေးနေခြင်းဟု မှတ်ယူနေကြသည်။ ဓါးပြ ဂိုဏ်းသား များကဲ့သို့ပင် တစုတဝေးတည်း နေသွားနိုင်ဖို့၊ ဂိုဏ်းကြီး ပြိုကွဲ မသွားဖို့သာ ကြိုးပမ်းလာနေကြသည့် အဖြစ်သို့ ကူးပြောင်းသွားသည်။

 

ထို့အတွက်ကြောင့်လည်း တတိုင်းပြည်လုံးက အဓမ္မ ဝါဒီများဟု ပြစ်တင် ရှုတ်ချလေလေ၊ ၎င်းတို့အချင်းချင်း ကျောခြင်း ပိုကပ်လာလေ ဖြစ်နေကြခြင်းပင်။

 

ယခုလည်း ပြည်သူ ပြည်သားများ၏ အသက် အိုးအိမ် စည်းစိမ်ကို ဖက်ရွက်‌လောက်မျှပင် တန်ဖိုးထားခြင်း မရှိ၊ သုံးနှစ်သာ ပြည့်တော့မည် ဘာတခုမျှ တိုးတက်ရာ တိုးတက်ကြောင်းလည်း စွမ်းဆောင်နိုင်ခြင်း မရှိသူများက ၎င်းတို့ အား တရားဝင် အုပ်ချုပ်ပိုင်ခွင့် ပေးရန် “ရွေးကောက်ပွဲ” ဆိုသည်နှင့် လူထု ထံမှ အာဏာ ကို အတင်းအကျပ် လုယူရန် ကြံစည်နေကြပြီ ဖြစ်သည်။

 

ထိုသို့ အာဏာရှင် စနစ်ဖြင့် လူတွင်ကျယ် လုပ်ရန် ကြံစည်နေကြသူများအား ယခုလို အခွင့်သာလာချိန်တွင် အပြီးအပိုင် ဖယ်ရှားရန် အချိန်တန်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!