စစ်တပ်သည် ပြိုလဲနိုင်စွမ်း မရှိသည့် အဖွဲ့အစည်း မဟုတ်တော့

by Hla Soewai - Nov 10 2023

မနေ့က ကျွန်တော် ရေးခဲ့သလို မင်းအောင်လှိုင်သည် သူ့ခါးပိုက်ဆောင်တပ်များ နေပြည်တော်သို့ ရောက်မလာနိုင်အောင် အသေအကြေ ခုခံ တိုက်ခိုက် ကြပါစေ ဟု ဆုတောင်း သည် အကောင်အထည် ပေါ်လာတော့မည် မဟုတ်တော့ ဆိုသည်က ချက်ခြင်းလို ထင်ရှားလာခဲ့သည်။

 

ကွမ်းလုံ မြို့ ကံမိုင်းရွာ အနီး အခြေစိုက်ထားသော ခမရ ၁၄၃ တပ်ရင်း မှ ဒုတပ်ရင်းမှုး ဦးဆောင်သည့် စစ်သည် ၄၁ ဦး သည် တနင်္လာနေ့တွင် မြောက်ပိုင်း ညီနောင်များ အဖွဲ့ထံသို့ လက်နက်ချ လာခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ထိုဖြစ်စဉ်သည် တပ်ရင်းကို အဝိုင်းခံရ၍ အင်အား မမျှပဲ လက်နက်ချခဲ့ခြင်း မဟုတ်ပဲ တိုက်ချင်စိတ် ကုန်ခမ်းလာ၍ ညှိနှိုင်း ဆွေးနွေးပြီးမှ လက်နက်ချခဲ့ခြင်း မျိုး ဖြစ်နေသည်က စစ်တပ်၏ သမိုင်းတွင် ပထမဆုံး ဟုပင် ပြော၍ ရနိုင်ပေသည်။

 

၎င်းတို့သည် စခန်းကို တနင်္ဂနွေ နေ့တွင် စွန့်ခွာခဲ့ပြီး MNDAA နှင့် လက်နက်ချရန် လာရောက် ဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်ဟု သိရသည်။

 

ထို့အပြင် ကိုးကန့်ဒေသရှိ စစ်တပ် ဖွဲ့စည်းပေးထားသော ပြည်သူ့စစ် အဖွဲ့ဝင် ၁၅ ဦးလည်း လက်နက်ချ ခဲ့ကြသည်ဟု သိရသည်။ ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်ကစပြီး စစ်ဖက် မှ လူတရာကျော် လက်နက်ချ ခဲ့ကြသည်ဟု မဟာမိတ် ညီနောင် များ အဖွဲ့က ဆိုသည်။

 

သိန္ဓီ-လာရှိုး လမ်းမကြီးပေါ်ရှိ နောက်ထပ် တပ်ရင်းတရင်းလည်း TNLA မှ ညအချိန် တိုက်ခိုက်လာချိန်တွင် စခန်းကို စွန့်ခွာသွားကြသည်ဟု သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

မဟာမိတ် ညီနောင်များ အဖွဲ့မှ စစ်တပ်အား လက်နက်ချရန် နှိုးဆော်ထားပြီး လက်နက်ချသူမှန်သမျှ အား လုံခြုံမှု ရှိရေး ဆေးဝါးကုသခွင့် ရရှိရေး နှင့် မိသားစုထံ ဂုဏ်သိက္ခာရှိရှိ ပြန်ခွင့်ရရေး ကို အာမခံမည်ဟု လည်း ကျေညာချက် ထုတ်ပြန်ထားသည်။ ခမရ ၁၄၃ မှ လက်နက်ချလာသူများ အား ခရီးစရိတ် အလုံအလောက် ပေးပြီး ပြန်လွှတ်ပေးခဲ့သည်။

 

ယခုအချိန်အထိ ချင်းရွှေဟော်၊ နောင်ချို နှင့် သိန္ဓီ မြို့များ အပါအဝင် စစ်စခန်းပေါင်း ၈၀ ကျော် အား မြောက်ပိုင်း ညီနောင် မဟာမိတ် အဖွဲ့မှ အောင်မြင်စွာ သိမ်းယူနိုင်ခဲ့ပြီး ဖြစ်သည်။

 

မင်းအောင်လှိုင် လက်အောက်ရှိ စစ်တပ်၏ တိုင်းပြည်အား ဖြတ်လေးဖြတ်၊ မြေလှန်စနစ် အစရှိသည့် အကြောက်တရားဖြင့် ထိန်းချုပ်သွား နိုင်စွမ်းသည် သိသိသာသာ လျော့နည်း ကျဆင်းလာပြီ ဖြစ်သည်။ တဖက်တွင် အမျိုးသား ညီညွတ်ရေး အစိုးရသည် လက်အောက်ခံ PDF တပ်များအား တပေါင်းတစည်းထဲရှိရန် စုစည်း လာနေပြီ ဖြစ်သည်။ “ဗမာတွေ အချင်းချင်း သတ်ကုန်ကြပြီ” ဟူ၍ပင် စစ်တပ် ပြောခွင့်ရ ဇော်မင်းထွန်း မှ လူသိရှင်ကြား ထုတ်ပြောလာခဲ့ပြီးလည်း ဖြစ်သည်။

 

ယင်းနှင့် ပတ်သက်၍ ဗမာ လူငယ်များ ၏ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ များ နှင့် စစ်ကောင်စီ လက်အောက်ခံ တပ်များ သည် နေပြည်တော် ကို သိမ်းပိုက်နိုင်ရေး တွင် လက်နက်နှင့် လူအင်အား အရာ တွင် တူညီမှု ရှိလာနေပြီဟု ဆိုလိုခြင်းလော ဟု ဧရာဝတီ မှ မေးခွန်းထုတ်လာခဲ့သည်။

 

အာဏာသိမ်းပြီးနောက် အကြီးမားဆုံး ဟု ပြော၍ရသည့် ၁၀၂၇ ထိုးစစ်သည် စစ်တပ် ၏ အရည်အသွေး ကို တတိုင်းပြည်လုံး သိအောင် ထုတ်ဖေါ် နိုင်ခဲ့သည်သာမက စစ်တပ် အတွင်း စိတ်ဓါတ်အင်အား ဖရိုဖရဲ ဖြစ်လာအောင်လည်း ဖန်တီးနိုင်ခဲ့၍ လွန်စွာ အရေးပါသော စစ်ဆင်ရေးကြီး အဖြစ် သမိုင်းတွင်သွားခဲ့ပြီ ဖြစ်သည်။

 

အမေရိကန် အခြေစိုက် ငြိမ်းချမ်းရေး အင်စတီကျု မှ ပြီးခဲ့သည့် မေလ အတွင်း ခန့်မှန်းချက်အရ တိုက်ပွဲဝင် အသင့် အနေအထား ၇၀,၀၀၀ ခန့်သာ ရှိသည် ဟု သိရသည်။ တရုတ်၊ အိန္ဒိယ နှင့် အာဆီယံ နိုင်ငံများ စိတ်ထဲတွင် လည်း ယခင်ကလို စစ်တပ်သည် မည်သို့မျှ ပြိုလဲ မသွားနိုင်ဟူသော ထင်မြင်ချက်များ လည်း ကွယ်ပျောက်စ ပြုလာနေပြီ ဖြစ်သည်။

 

စစ်တပ်သည် လေကြောင်းမှ တိုက်ခိုက် နေသည်က လွဲ၍ မြေပြင် ထိုးစစ်များ ဆင်နွှဲနိုင်စွမ်း မရှိတော့ပဲ ခံစစ်အသွင် ရောက်လာနေပြီ ဖြစ်သည်။

 

စစ်ကောင်စီသည် လက်ရှိတွင် စီးပွားရေး ဖရိုဖရဲ ဖြစ်လာမှု ကိုလည်း ရင်ဆိုင် ဖြေရှင်းနေရပြန်သည်။ အမေရိကန်သည် ယခုအခါ MOGE အား နာမည်ပျက် စာရင်း ထဲ့သွင်းခြင်း မဟုတ်သည့် တဆင့်လျော့ အဖြစ် မည်သည့် အမေရိကန် ကုမ္ပဏီ မှ ၎င်းတို့ နှင့် ဘဏ္ဍာရေး အရ ပတ်သက်ခြင်း မရှိရန် ပိတ်ဆို့ လိုက်ပြီ ဖြစ်၍ MOGE အတွက် ဒေါ်လာ ထုတ်ယူ နိုင်ခွင့် လမ်းကြောင်းများ အား ဟန့်တားလိုက်ပြီ ဖြစ်သည်။ လက်ရှိတွင် မြန်မာ တွင် လုပ်ကိုင်နေဆဲ ဖြစ်သော ထိုင်း PTT နှင့် တောင်ကိုရီးယား၏ POSCO တို့ အဖို့ ဆက်လုပ်မည်လော၊ ပြန်၍ သုံးသပ်မည်လောကို စဉ်းစားရဖို့ ဖြစ်လာနေသည်ဟု နစ်ကီ အေးရှား စာစောင်တွင် ရေးသားထားသည်။

 

မင်းအောင်လှိုင်၏ အိမ်မက်ထဲက အကြံများကိုလည်း တရုတ် နှင့် ရုရှား တို့က လေထိုး လေရော် သဘောမျိုးသာ ဆက်ဆံနေသည့် အဆင့် ထက် ပိုမလာ‌သေးသည်ကို တွေ့ရသည်။

 

ပြည်သူများ အနေဖြင့် မိမိတို့ မြို့ မနာအောင် အထိုင်ချ စခန်းများကို သွားရောက်၍ လက်နက်ချရန် ဝိုင်းဝန်း တောင်းဆို မေတ္တာရပ်ခံ သင့်သည်ဟု ယူဆမိသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!