သုံးပတ် - မြို့ကိုးမြို့

by Hla Soewai - Nov 17 2023

၁၀၂၇ ထိုးစစ်ကြီးသည် တနေ့ထက် တနေ့ အရှိန်အဟုန် မြင့်လာသည် နှင့် အမျှ သုံးပတ် မပြည့်ခင် အချိန် အတွင်း မှာပင် စစ်အာဏာရှင် တပ်များ ခေတ် အဆက်ဆက် တပ်စွဲထားသည့် မြို့ ကိုးမြို့ကို လက်လွှတ်လိုက်ရပြီ ဖြစ်သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြလာခဲ့သည်။

 

ရှမ်းပြည် မြောက်ပိုင်းတွင် ချင်းရွှေဟော်၊ ပန်ဆိုင်း၊ မုန်းကိုး၊ နမ်ခမ်း၊ သိန္ဒီ နှင့် ကွမ်းလုံ၊ စစ်ကိုင်းတိုင်းတွင် ကောလင်း၊ ခမ်းပတ်၊ ချင်းပြည်နယ်တွင် ရစ်ကောဒါ မြို့များ ဖြစ်သည်။

 

ယင်းနှင့် အတူ ထိုဒေသများ အတွင်းရှိ စစ်စခန်းပေါင်း ၁၄၄ ခု အား သိမ်းယူနိုင်ခဲ့ပြီး လက်နက်ခဲယမ်းများ တောင်ပုံရာပုံ ရရှိသွားခဲ့ကြသည်။

 

MNDAA မှ နောက်ထပ် ရည်မှန်းချက် အဖြစ် လောက်ကိုင် မြို့သိမ်း တိုက်ပွဲ ဆင်နွှဲမည်ဟု ထုတ်ပြန် ကျေညာလာခဲ့သည်။

 

ပြည်သူ့ကာကွယ်ရေး တပ်များသည် ယခုအခါ ထီးချိုင့်ကို ဝိုင်းရံ ပိတ်ဆို့ထား ပြီ ဖြစ်သည်။

 

ယခုအခါ ပထမဆုံး အကြိမ် ပြည်နယ် မြို့တော်သည် တော်လှန်ရေး အင်အားစုများ လက်သို့ ကျရောက်လုဆဲဆဲ ဖြစ်လာနေသည်။

 

ကရင်နီပြည်နယ်တွင် “၁၁.၁၁ စစ်ဆင်ရေး” (11.11 Operation) ၏ အစိတ်အပိုင်းတစ်ခုဖြစ်သော KNDF စစ်ကြောင်းက တတိယနေ့ နှင့် စတုတ္ထနေ့ စစ်ဆင်ရေးတွင် လွိုင်ကော်တက္ကသိုလ်ထဲ တပ်စွဲထားသော တပ်မ(၆၆)လက်အောက်ခံ ခမရ ၄၂၅ နှင့် ခမရ ၆ တပ်ရင်းတို့အား အပြီးသတ် ချေမှုန်းကာ နောက်ဆုံးလက်ကျန် တပ်ဖွဲ့ဝင်များမှ လက်နက်ချအညံ့ခံပြီး လက်နက်ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။ 

 

နိုဝင်ဘာလ(၁၃)ရက်နေ့ တစ်နေ့လုံး ဖြစ်ပွားသော တိုက်ပွဲတွင် လွိုင်ကော်တက္ကသိုလ်ဝန်းထဲတွင် တပ်စွဲထားသော စစ်ကောင်စီ၏ ခမရ ၄၂၅ တပ်ရင်းမှူး နှင့် ဒု-ရင်းမှူးအပါအဝင် တပ်ရင်းတစ်ရင်းလုံးနီးပါးသေဆုံးခဲ့ပြီး ခမရ ၆ ၏ အင်အား တစ်ဝက်နီးပါးကိုပါ ချေမှုန်းနိုင်ခဲ့သည်။ 

 

နိုဝင်ဘာလ ၁၄ ရက်နေ့တွင် လွိုင်ကော်တက္ကသိုလ်ဝင်းအတွင်း တပ်စွဲကျန်ရှိနေသော ခမရ ၆ မှ တပ်ဖွဲ့ဝင်များ အား အပြီးသတ်ချေမှုန်းရန် စစ်ဆင်ရေးကို မနက်ပိုင်းမှစ၍ ညနေပိုင်းအထိ ဆောင်ရွက်ခဲ့ကြောင်း၊ ကျန်ရှိစစ်ကောင်စီ တပ်ဖွဲ့များကို လက်နက်ချအညံ့ခံရန် မိမိတိုဘက်မှ အခွင့်အရေးပေးခဲ့ပြီးနောက် တပ်ခွဲမှူး ဦးစီးသော စစ်ကောင်စီတပ်သား ၃၂ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း သိရှိရသည်။ (ပုံတွင်ရှူ)

 

ရှမ်းပြည်နယ်၊ ကွတ်ခိုင်မြို့နယ်၊ တာမုံးညဲမြို့ရှိ စစ်တပ်၏ ခလရ-၁၂၃ တပ်ရင်း အထိုင်စခန်းကို KIA က သိမ်းပိုက်ရရှိခဲ့ကြောင်း KIA သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

 

ယခုလ စောစောပိုင်းက ထိုးစစ်ကြီး ပြန်လည် စတင်မည်ဆိုသော မင်းအောင်လှိုင်၏ ခြိမ်းခြောက်မှု သည် ယခုတိုင် အကောင်အထည် ဖေါ်လာနိုင်ခြင်း မရှိပဲ တမြို့ပြီး တမြို့ လက်လွှတ်နေရပြီ ဖြစ်သည်။

 

မင်းအောင်လှိုင်သည် တိုက်လေယာဉ်များ အားဖြည့်ပြီး ခြိမ်းခြောက်ထားနိုင်၍သာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ခေါင်းမပြူရဲခြင်း ဖြစ်သည် ဆိုကာ လေတပ်ကို အားဖြည့်ခဲ့ပြီး ကြည်းတပ်အား ခြင်းကျား အဆင့်မျိုး ဖြင့် ပေယျာလကံ ပြုခဲ့မှု၏ အကျိုးဆက်များ စတင်ခံစားနေရပြီ ဖြစ်သည်။

 

ယခုအခါ တနိုင်ငံလုံး အနှံ့ ဆင်နွှဲနေသော ထိုးစစ်ကြီး အား ရင်ဆိုင်နေရပြီး စစ်စရိတ်များ ထောင်းလာကာ ဖြူကာပြာကာ ကျလာနေပြီ ဖြစ်သည်၊ တဖက်တွင်လည်း အနောက်အုပ်စုမှ ‌၎င်းတို့ အတွက် ငွေရရာ ရကြောင်း လမ်းများကို တစထက် တစ ပိတ်ဆို့လာနေပြီလည်း ဖြစ်သည်။

 

တော်လှန်ရေး တပ်ဖွဲ့များ အတွက်လည်း ရံပုံငွေများ အပူတပြင်း လိုအပ်လာနေချိန်တွင် အမေရိကန် ၏ BURMA ACT ဖြင့် ရံပုံငွေ ချပေးရေး သည် အမေရိကန် လွှတ်တော် အတွင်း ၂၀၂၄ ဘတ်ဂျက် အတွက် ဒီမိုကရက် များ အုပ်စီးထား‌ သော အထက်လွှတ်‌ တော် နှင့် ရီပတ်ဘလီကင် အများစု ဖြစ်‌ နေသော အောက်လွှတ်‌ တော် အကြား အချင်းများ နေမှု ကြောင့်၂၀၂၄ နှစ်ဆန်းပိုင်း အထိ ရွှေ့ဆိုင်းခံလိုက်ရပြီ ဖြစ်သည်ဟု ဗီအိုအေ သတင်းတွင် ပါရှိလာခဲ့သည်။

 

ဒီမိုကရက်၏ ဆီးနိတ်သည် ၂၀၂၄ ဘတ်ဂျက်တွင် မြန်မာပြည် အတွက် လူသားချင်းစာနာမှု အကူအညီများ၊ ဒီမိုကရေစီ မြှင့်တင်ရေး အတွက် လိုအပ်သည်များ အတွက် ရံပုံငွေ ချပေးရန် လျာထားမှု အား ရီပတ်ဘလီကင်များ ကြီးစိုးသော အောက်လွှတ်တော်မှ ဖြတ်တောက်ပစ်ရန် ကြိုးပမ်းလာခဲ့သည်ဟု ဆိုသည်။

 

အမေရိကန် သည် ဦးစားပေး အစီအစဉ်များ ချမှတ်ရာတွင် ကိုယ်ကျိုးစီးပွားအား အဓိက ထားလွန်းနေသည့် အတွက် ကမ္ဘာတဝှမ်း ဒီမိုကရေစီ နှင့် လူ့အခွင့်အရေး ပိုင်းသည် နောက်သို့ ပြန်ဆုတ်လာနေသည်မှာလည်း အဆန်းတကြယ်တော့ မဟုတ်ပေ။

 

ယခုအခါ ဂျကာတာ တွင် အာဆီယံ ကာကွယ်ရေး ဝန်ကြီးများ နှစ်စဉ် အစည်းအဝေး ကျင်းပနေပြီး မြန်မာကို မူ တက်ရောက်ခွင့် မပြုခဲ့ပေ၊ ထိုအစည်းအဝေး မှ မြန်မာ တွင် အ‌ခြေအနေများ ဆိုးဝါးလာနေမှု အပေါ် စိတ်မကောင်း ဖြစ်ရပြီး မိမိတို့မှ ငြိမ်းချမ်းစွာ ဖြေရှင်းနိုင်ရန် ဆက်၍ ကြိုးပမ်းသွားမည်ဟု ဥက္ကဌ ဖြစ်သူ အင်ဒိုနီးရှား ကာကွယ်ရေး ဝန်ကြီး ပရာဘိုဝို ဆူဘီယန်တိုက ပြောလာခဲ့သည်။

 

ကြာသပတေးနေ့တွင် အမေရိကန်၊ တရုတ်၊ ရုရှား၊ အိန္ဒိယ၊ ဂျပန် အပါအဝင် နိုင်ငံ ရှစ်နိုင်ငံ မှ ကာကွယ်ရေး ဝန်ကြီးများ နှင့် ဆက်လက် ဆွေးနွေးကြမည် ဖြစ်သည်။

 

ကုလ အတွင်းရေး မှုး ချုပ်သည်လည်း သူ၏ ဝတ္တရား မပျက် "ဆနွင်းမကင်း" စာ ထုတ်လာပြန်သည်။

 

ပြည်သူများကတော့ ၎င်းတို့ အပေါ် စိတ်ကုန်ခမ်းနေကြပြီ ဖြစ်၍ မိမိတို့ လက်ရှိ အောင်ပွဲများ အလီလီ ရနေသည့် အာဏာရှင် စနစ် အမြစ်ဖြတ် နိုင်မည့်တော်လှန်ရေး သတင်းများကိုသာ အာရုံစိုက်နေကြပြီ ဖြစ်သည်။ မည်သူ အကူ့အညီ မျှ မပါပဲ စည်းလုံးညီညွတ်မှု အရင်းခံ၍ ရရှိလာနေသည့် အောင်ပွဲများ အတွက်လည်း လွန်စွာ အားတက် ဂုဏ်ယူနေကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!