မီးဝိုင်း မြေလူး

by Hla Soewai - Nov 17 2023

မင်းအောင်လှိုင် အတွက် နေ့စဉ်လို ရတက် မအေးစရာ သတင်းများက ဆင့်ကဲ ဆင့်ကဲ ထွက်ပေါ်လာနေပြီ ဖြစ်သည်။

 

တိုက်ပွဲများ တွင် ၎င်းအား သစ္စာခံသော တပ်များ တပွဲပြီး တပွဲ အရေးနိမ့်နေသည်က မထောင်းတာလှသော်လည်း အောက်ခြေ စစ်သည်များသည် စိတ်ဓါတ်များ ပြိုလဲကာ စစ်တိုက်ခြင်စိတ် တစထက်တစ ကုန်ခမ်းလာနေကြသည့် အဖြစ်က သူ့အတွက် ရင်လေးစရာ ဖြစ်နေသည်။ ၎င်းတို့ ခေါင်းဆောင်များက လုံးဝ အခြေမလှဟု ယူဆမိလာချိန်တွင် လေယာဉ် ပေါ် တက်၍ ထွက်ပြေးသွားကြမည့် လူများသာ ဖြစ်သည်ကိုလည်း ရိပ်စားမိလာကြပြီ ဖြစ်သည်။

 

ထို့အတွက် စိတ်ဓါတ်များ တက်လာလို တက်လာငြား ရှေ့တန်းသို့ ဒန်ပေါက်ထုတ်များ ရဟတ်ယာဉ်များ ဖြင့် ပေးပို့ရခြင်း၊ အဖြူရောင် အနု ပညာရှင် ဆိုသူများအား ဖျော်ဖြေရေး ဆိုကာ ရှေ့တန်းသို့ အတင်းအကျပ် စေလွှတ်နိုင်ရန် စီစဉ်လာခြင်းများ အစရှိသဖြင့် ခေါင်းထဲပေါ်လာသည်များကို တောင်စဉ် ရေမရ လုပ်လာသည်ကို တွေ့နေရသည်။

 

နောက်ဆုံး သတင်းများအရ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လောက်ကိုင်ဒေသကွပ်ကဲမှု စစ်ဌာနချုပ် (ဒကစ) လက်အောက်ခံ ခမရ ၁၂၉ မှ တပ်ရင်းမှူး ဗိုလ်မှူး ဦးဆောင်၍ တပ်ဖွဲ့ဝင် ၁၂၆ ဦး နှင့် မိသားစုဝင် ၁၃၄ ဦး တပ်ရင်းတစ်ခုလုံး စုစုပေါင်းအင်အား ၂၆၂ ဦး MNDAA ထံတွင် အလင်းဝင် ပြည်သူ့ရင်ခွင် ခိုလှုံသွားခဲ့ကြသည် ဆိုသည်အား သတင်းဓါတ်ပုံများဖြင့် မြောက်ပိုင်း မဟာမိတ် ညီနောင်များ အဖွဲ့မှ ဝေဝေဆာဆာ ထုတ်ပြန်လာခြင်းပင် ဖြစ်သည်။

 

ထိုသို့ လက်နက်ချ အလင်းဝင်လာသော ဗိုလ်မှုး ကျော်ရဲအောင်သည် လက်အောက်စစ်သည်များ နှင့် မိသားစု ဝင်များ၏ အသက်ကို စာနာစိတ် အပြည့်ဖြင့် ကယ်တင်ပေးလိုက်ခြင်း ဖြစ်၍ ရဲရင့်သော သူရဲကောင်း တဦး အဖြစ် မှတ်တမ်းတင်ခံခဲ့ရသည်။

 

စစ်သည်တဦး စီအား ငွေကျပ် ဆယ်သိန်းစီနှင့် မိသားစုဝင် တဦးစီအား ငွေကျပ် တသိန်း စီ ချီးမြှင့်ကာ လုံခြုံရာ အရပ်များသို့ ပို့ဆောင်ပေးခဲ့သည်ဟု သိရသည်။ (ပုံတွင် ရှု)

 

ယခုအခါ လောက်ကိုင် ကို ဝိုင်းရံ ပိတ်ဆို့ထားသည့် အနေအထားမှ ဝင်ရောက် သိမ်းပိုက်တော့မည်ဟု MNDAA. က ထုတ်ဖေါ်ပြောဆိုလိုက်ပြီ ဖြစ်သည်။

 

ထိုကဲ့သို့သော သတင်းမျိုးသည် ၎င်း၏ တပ်များ အတွင်း စိတ်ဓါတ်များ ပြိုလဲသွားအောင် ထပ်၍ ရိုက်ချိုးခံလိုက်ရသည့် သတင်းမျိုးပင် ဖြစ်သည်။

 

ယခင်ကလို အင်အား အလုံးအရင်း ဖြင့် ထိုးစစ်ဆင်လာသော သောင်းကျန်းသူများ ကစင့်ကလျား ဖြင့် ဆုတ်ခွာသွားပြီး ၎င်းတို့ နောက်သို့ တပ်မတော် စစ်ကြောင်းများက လိုက်လံ ချေမှုန်းလျက် ရှိသည် ဆိုသော သတင်းများက မည်သို့မျှ ထွက်ပေါ်လာတော့မည် မဟုတ်ပေ။

 

ထိုးစစ်ဆင်ဖို့ နေနေသာသာ ခံစစ်ကိုပင် မနည်းလုံအောင် တည်ဆောက်နေကြရရှာသည်။

 

လက်ရှိ စစ်သတင်းများအရ မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွသို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီ၏ တပ်မ ၂၂ လက်အောက်ခံ အင်အား ၅၀ ဦးပါ စစ်ကြောင်းနှင့် ဒေသခံ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ တိုက်ပွဲ ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ တပ်ရင်းမှူးနှင့် အရာရှိ အပါအဝင် ၁၄ ဦး သေဆုံးကာ ၂၃ ဦး လက်နက်ချ အညံ့ခံခဲ့ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ကာကွယ်ရေးဝန်ကြီးဌာနက ယမန်နေ့ ညပိုင်းတွင် သတင်းထုတ်ပြန်သည်။

 

စစ်ကောင်စီ၏ ရခိုင်ပြည်နယ်အခြေစိုက် ရသေ့တောင်၊ ချိန်ခါလိန် နယ်ခြားစောင့်တပ်စခန်းကို တနင်္လာနေ့ နံနက် ၇ နာရီအချိန်၌ ရက္ခိုင့်တပ်တော် (AA) က အပြီးသတ်သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း မြောက်ပိုင်းညီနောင်မဟာမိတ်သုံးဖွဲ့က သတင်းထုတ်ပြန်သည်။ 

 

ယင်းစခန်းအား နှစ်ရက်ကြာတိုက်ခိုက်ပြီးနောက် အပြီးသတ်သိမ်းပိုက်လိုက်ခြင်းဖြစ်ကြောင်းနှင့် ရခိုင်ပြည်နယ်အတွင်း AA က စစ်ဆင်ရေးစတင်သည့် ပထမနေ့ (နိုဝင်ဘာ ၁၃ ရက်) မှာပင် စစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း ၅ နေရာ ဖြစ်ပွားခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

 

မင်းပြားမြို့နယ်အတွင်း ဖြစ်ပွားခဲ့သော တိုက်ပွဲ ၂ ပွဲအတွင်း စစ်ကောင်စီ၏ စစ်တွေအခြေစိုက် ခြေမြန်တပ်ရင်း (ခမရ) ၃၄၄ ဒုတပ်ရင်းမှူးနှင့် တပ်စုမှူး အပါအဝင် စုစုပေါင်း ၁၀ ဦးကို စစ်သုံ့ပန်းများအဖြစ် ဖမ်းဆီးရမိခဲ့ကြောင်း၊ ယင်းတိုက်ပွဲတွင် စစ်ကောင်စီဘက်မှ ၁၀ ဦးကျော် သေဆုံး၍ ထိခိုက်ဒဏ်ရာရသူများ ရှိခဲ့သည်ကို မျက်မြင်အတည်ပြုနိုင်ခဲ့ကြောင်း ဆိုထားသည်။ (ပုံတွင် ရှု့)

 

ယခုအခါ ပလက်ဝ မြို့နယ် အတွင်းရှိ စစ်ကောင်စီ ဗျူဟာ ကုန်းများကို တိုက်ခိုက်နေကြပြီ ဖြစ်သည်။

 

စစ်ကောင်စီ တပ်များသည် ရခိုင်ပြည်နယ် အတွင်းရှိ စစ်စခန်းပေါင်း လေးဆယ်နီးပါးအား စွန့်ခွာသွားကြသည်ဟု အိန္ဒိယ သတင်းစာများ တွင် ပါရှိလာခဲ့သည်။

 

ယင်းနှင့် အတူ ယခုအခါ နိုင်မြင်းဟု ဆိုကာ လောင်းခဲ့သည် တရုတ်သာ မက ရခိုင်ပြည်နယ် အတွင်း စစ်မီးကြီး တောက်လောင်လာပြီ ဖြစ်၍ အိန္ဒိယ၏ ကုလားတန် စီမံကိန်းများလည်း ထိခိုက် လာမည့် အရေး နှင့် ကြုံလာရပြီ ဖြစ်သည်ဟု ဝေဖန် ရေးသားလာကြသည်။

 

ကရင်နီပြည်နယ်၊လွိုင်ကော်မြို့ထဲသို့ ဗုံးလာကျဲသည့် စစ်ကောင်စီ၏ တိုက်လေယာဉ်ကို ကရင်နီတော်လှန်ရေးတပ်ဖွဲ့များက ပစ်ခတ်မှု လေယာဉ်ကိုယ်ထည် အား ထိမှန် ပြီး မီးခိုးတလူလူဖြင့် ပျံသန်း ထွက်ပြေးသွားကြောင်း ကရင်နီတော်လှန်ရေးတပ်ဖွဲ့များမှ ထုတ်ပြန်သော ‌ဗီဒီယို ဖိုင်တွင် တွေ့ရသည်။ ထိုသတင်းကို အတည်ပြုနိုင်မည် ဆိုက စစ်ကောင်စီ လေတပ်မှ ဒုတိယ တစီး ပစ်ချခံရခြင်းပင် ဖြစ်သည်။

 

လွိုင်ကော် မြို့ပေါ်နှင့် မိုးဗြဲ ဖက်တွင် တိုက်ပွဲများ ပြင်းထန် လာနေသည့် အတွက် အရပ်သားများ ပိတ်မိနေသည်ဟု သတင်းများက ဆိုသည်။

 

လွိုင်ကော် ထောင်အားလည်း တော်လှန်ရေး အဖွဲ့များက ထိန်းချုပ်နိုင်ခဲ့ပြီ ဖြစ်ပြီး စီစစ် လွှတ်ပေးလျှက် ရှိသည်ဟု သိရသည်။ 

 

စစ်ကောင်စီ သည် လွိုင်ကော် ကျပါက ကယားပြည်နယ်အား လက်လွှတ်ရတော့မည် ဖြစ်၍ လေကြောင်းမှ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်နေသည်ဟု သိရသည်။

 

တနင်္သာရီ တိုင်းဒေသကြီး အတွင်း တွင်လည်း မြို့များကို သိမ်းပိုက်နိုင်ခြင်း မရှိသေးသည်မှ အပ ‌ကျန် ဒေသများ အားလုံး နီးပါးကို တော်လှန်ရေး တပ်ဖွဲ့များက ထိန်းချုပ် နိုင်နေသည်ကို တွေ့ခဲ့ရသည်ဟု ကိုယ်တိုင်ကိုယ်ကျ သွားရောက် သတင်းယူခဲ့သည့် Frontier Myanmar သတင်းထောက်က ရေးသားခဲ့သည်။ ထိုသို့ မသိမ်းပိုက် နိုင်ခြင်းမှာလည်း ထိုဒေသ အတွင်းရှိ ကေအင်ယူ တပ်မဟာ (၄) ၏ အပြည့်အဝ ‌ပူးပေါင်း ပါဝင်လာခြင်း မရှိသေးသောကြောင့် ဖြစ်သည်ဟုလည်း ရေးသားထားသည်။ သို့သော်လည်း နိုင်ငံ အနှံ့ စစ်ရေး အောင်ပွဲ သတင်းများ ကြောင့် ဖိအားပေးခံရသလို ဖြစ်နေသောကြောင့် မကြာမီ လှုပ်ရှားလာဖွယ် ရှိသည်ဟု ယူဆရပေသည်။

 

ပြည်သူ့ကာကွယ်ရေးတပ်များ သိမ်းပိုက်ထားသော စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင် မြန်မာ့စီးပွားဘဏ်မှ ငွေကျပ်သိန်း ၉၀၀၀ ကျော်ကို NUGအမျိုးသားညီညွတ်ရေးအစိုးရ ကြားကာလ ဗဟိုဘဏ်က စာရင်း မှတ်တမ်းတင် သိမ်းဆည်းထားကြောင်း ကြားကာလ ဗဟိုဘဏ်က တရားဝင် သတင်းထုတ်ပြန် ပြောဆိုသည်။ 

 

နယ်စပ် ဒေသရှိ အကောက်ခွန်စခန်းများ မှ ကေအင်ယူသည် ငွေကျပ် သန်းပေါင်းများစွာ လက်ဝယ်ရှိနေသည် ဆိုသော သတင်းများကြောင့် ယခင် ဗိုလ်နေဝင်း၏ မဆလ အစိုးရသည် တဦးတည်း၏ ဆုံးဖြတ်ချက်ဖြင့် နိုင်ငံတွင်း လည်ပတ်နေ‌သော ငွေကြေးများကို တရားမဝင် ငွေ အဖြစ် ကျေညာခဲ့ဖူးပေသည်။

 

စဉ်းစား ဆင်ခြင်ဉာဏ် ကင်းလှသူ တဦး မှ စီမံခန့်ခွဲနေ၍ အစစ အရာရာ သတိထားနိုင်မှ ဖြစ်ပေမည်။

 

မင်းအောင်လှိုင်သည် ဟောလီဝုဒ် ရုပ်ရှင်များလို အချိန် ယန္တရားကြီးသာ စေစားခွင့်ရမည် ဆိုလျှင် ၂၀၂၁ ဇန်နဝါရီ ၃၁ ကို ပြန်သွားချင်နေမည်မှာ မြေကြီးလက်ခပ် မလွဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!