ရက္ခိုင့် တပ်တော် ထိုးစစ် စတင်လာမှု နှင့် တော်လှန်ရေး သတင်းများ

by Hla Soewai - Nov 17 2023

"Operation 1027" စစ်ဆင်ရေးမှာ ပါဝင်နေ သော ရက္ခိုင့်တပ်တော် (AA) သည် ရခိုင်ပြည်နယ် တွင် လျပ်တပြက် စတင် ထိုးစစ် ဆင်လာ ပြီး ယမန်နေ့ နံနက် ၄ နာရီဝန်းကျင်ကစပြီး စခန်းသိမ်းတိုက်ပွဲတွေဖော်ဆောင်နေသည်ဟု ဧရာဝတီ သတင်း က ဆိုသည်။

 

ရသေ့တောင်မြို့နယ်၊ အငူမော်-မောင်တော ကားလမ်းပေါ်ရှိ ဒုံးပိုက်စခန်းနဲ့ ချိန်ခါလိန် နယ်ခြားစောင့် ရဲစခန်းတွေကို စတင် တိုက်ခိုက်လာခဲ့တာ ဖြစ်ပြီး ရခိုင်ပြည်နယ် ၊ မင်းပြားမြို့နယ် ၊ ဖားပြို ( ချင်းတိုင်းရင်းသားရွာ ) အနီး၌ စစ်ကောင်စီကား ၂ စီးအား ထိုနေ့ နံနက် ၇ နာရီဝန်းကျင်တွင် ကြားဖြတ် တိုက်ခိုက်ခဲ့ရာတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်တချို့ သေဆုံးမှုရှိသလို ဗိုလ်မှူး အဆင့် ၁ ဦးအပါအဝင် တပ်ဖွဲ့ဝင်တချို့ ဖမ်းဆီးခံလိုက်ရကြောင်း သတင်းရရှိသည်။

 

မင်းပြား၊ မောင်းတော၊ မြောက်ဦး နှင့် ကျောက်တောတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်ဟု သတင်းများက ဆိုသည်။

 

ရက္ခိုင့်တပ်တော် (AA) ၏ ပြောရေးဆိုခွင့် ရှိသူ ဦးခိုင်သုခ ရသေ့တောင် မြို့နယ် အတွင်းရှိ ကင်းစခန်း နှစ်ခု အား သိမ်းပိုက် နိုင်ခဲ့ပြီး ကျောက်တော ရဲစခန်းမှ ရဲအဖွဲ့ဝင် နှစ်ဆယ်ကျော်သည် လက်နက်ချခဲ့သည်ဟု AP သတင်းဌာန အား ပြောပြခဲ့သည်။ AP သတင်းဌာနမှ ဖေါ်ပြသော တိုက်ပွဲ သတင်းများသည် ကမ္ဘာ အထင်ကရ သတင်းစာကြီးများ တွင် ပါရှိလာပြီ ဖြစ်သည်။

 

ကယားပြည်နယ် တွင်လည်း ကရင်နီ Operation 1111 ဖြင့် လွိုင်ကော် မြို့အပါအဝင် ဖယ်ခုံ၊ မိုးဗြဲ၊ ဒီးမော့ဆိုမြို့များတွင် တော်လှန်ရေး အင်းအာစုများက ထိုးစစ်ဆင်တိုက်ခိုက်နေပြီး နှစ်ရက် အတွင်းမှာပင် စစ်ကောင်စီ တပ်စခန်း ၇ ခုနှင့် လက်နက်ခဲယမ်း အများအပြားကို တိုက်ခိုက်သိမ်းပိုက်ထားသည်။

 

ထို့အပြင် စစ်ကောင်စီ၏ တိုက်ခိုက်ရေး လေယာဉ်တစီးကိုပါ ပစ်ခတ်ဖျက်ဆီးထားနိုင်ပြီး နိုဝင်ဘာ ၁၁ ရက်နေ့တွင် စတင်ခဲ့သော ကရင်နီ Operation 1111 ထိုးစစ်ဆင်တိုက်ပွဲများတွင် စစ်သုံ့ပန်း ၁၀ ဦးထက်မနည်း ရရှိထားသည်။

 

တနင်္လာနေ့တွင် မြို့တော် လွိုင်ကော် အား သိမ်းပိုက် နိုင်ရန် အပြင်းအထန် ထိုးစစ်ဆင်လျှက် ရှိသည်ဟု သိရသည်။

 

စစ်ကောင်စီတပ်ဖွဲ့ဝင်များအနေဖြင့် တော်လှန်ရေးအင်းစုများနှင့် လာရောက် ပူးပေါင်း ပါဝင်ပါက စစ်သုံ့ပန်းဥပဒေအရ တာဝန်ယူမည်ဖြစ်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဥက္ကဋ္ဌ ခွန်ဘီထူး က ပြောကြားသည်။

 

KNDF မှ ပွိင့်ဖိုက် များဖြင့် ပစ်ခတ်တိုက်ခိုက်ခံရ၍ ပျက်ကျသွားသော စစ်ကောင်စီ၏ တရုတ်လုပ် ဒေါ်လာ ၁၃ သန်း ခန့် တန်ကြေး ရှိသည်ဟု ခန့်မှန်းထားသော K-8W အမျိုးအစားအပေါ့စား တိုက်လေယာဉ် ၏ အပျက်အစီးများကို ကရင်ပြည်နယ် သံတောင်ကြီး မြို့နယ်အတွင်း တွေ့ရှိခဲ့ပြီး ဖြစ်သည်ဟု NUG မှ ‌အတည်ပြုခဲ့သည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်းရှိ စစ်ရေးအရ ဗျူဟာကျသော ကွမ်းလုံမြို့ကို ၁၂ ရက်ကြာ ထိုးစစ်ဆင် တိုက်ခိုက်ပြီးနောက် ယနေ့ နံနက် ၁၀ နာရီခန့်တွင် အပြီးသိမ်းပိုက်ထားနိုင်ပြီဖြစ်ကြောင်း မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA )က ထုတ်ပြန်သည်။

 

ကွမ်းလုံမြို့သည် အရေးကြီးနေရာ ဖြစ်သောကြောင့် ကွမ်းလုံဗျူဟာနှင့် အဖွဲ့များက ပြင်းပြင်းထန်ထန်ခုခံလျှက်ရှိကြောင်း စစ်ကောင်စီပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းက NP News သို့ နိုဝင်ဘာ ၁၀ ရက်က ပြောဆိုအပြီး ၄၈ နာရီအတွင်း ယခုလို သိမ်းပိုက်နိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

MNDAA ၏ ထုတ်ပြန်ထားသည့် ကွမ်းလုံမြို့ကို သိမ်းပိုက်ထားနိုင်သော ဗီဒီယိုဖိုင်အတွင်း ကွမ်းလုံမြို့ရှိ စစ်ကောင်စီတပ်၏ ဌာနချုပ်တခုကို ပူးပေါင်းတပ်ဖွဲ့များက စီးနင်းထားပြီး သံချပ်ကားများ၊ စစ်ဘက်သုံး မော်တော်ယာဉ်များနှင့် လက်နက်ခဲယမ်းအများအပြားကို သိမ်းဆည်းရမိထားကြောင်း တွေ့ရသည်။

 

ကွမ်းလုံ မြို့ ကျသွားပြီ ဖြစ်၍ စစ်ကောင်စီသည် ရှမ်းပြည်မြောက်ပိုင်း ဒေသတခုလုံးအား မာရှယ်လော ထုတ်ပြန်လာခဲ့သည်။ တပ်မတော်၏ ၁၉၇၁ ကွမ်းလုံ ရက် လေးဆယ် တိုက်ပွဲကြီးဖြင့် "လူလှိုင်းလုံးတက်" စစ်ဆင်ရေး ဖြင့် အဆမတန် အင်အားသုံး တိုက်ခိုက်လာသော ဗမာပြည် ကွန်မြူနစ် ပါတီ နှင့် တရုတ် "အပျော်ထမ်း တပ်များ" အား ရှိသမျှ အင်အားဖြင့် တွန်းလှန် နိုင်ခဲ့သည် ပြောင်မြောက်သော အစဉ်အလာသည် မင်းအောင်လှိုင် လက်ထက်တွင် အိမ်မက် ပမာ လွင့်ပါးသွားခဲ့ရပြီ ဖြစ်သည်။

 

ကိုးကန့်အထူးဒေသအတွင်းရှိ အကြမ်းဖက်စစ်ကောင်စီ၏ ၁၂၈ ဗျူဟာကုန်း နှင့် ရှောက်ကိုင်ရွာလမ်းခွဲ ဂိတ်စခန်းနှင့် ပါစင်ကျော်ကျေးရွာ စစ်စခန်း တို့ကို တိုက်ခိုက် သိမ်းပိုက်ရရှိကာ စုစုပေါင်း တပ်စခန်း ၁၄၁ ခုကို သိမ်းပိုက်ရရှိထားကြောင်းလည်း MNDAA က သတင်းထုတ်ပြန်သည်။

 

ရေတာရှည်၊ မြင်းမူနှင့် ငါန်းဇွန် မြို့နယ်တို့တွင်လည်း တိုက်ပွဲများ ဖြစ်ပွားနေရာ စစ်တပ်ဘက်မှ ၁၂ ဦးသေဆုံးသွားသည်ဟု ခေတ်သစ် တွင် ဖေါ်ပြထားသည်။ 

 

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ်၊ ခမ်းပတ်မြို့မှ ထွက်ပြေးတိမ်းရှောင်သွားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် မိသားစုဝင်များ အိန္ဒိယနိုင်ငံသို့ ရောက်ရှိနေပြီး ဒဏ် ရာရရှိသော စစ်သားတချို့မှာ အိန္ဒိယနိုင်ငံထဲတွင် သေဆုံးသွားကြောင်း သိရှိရသည်။ 

 

သီပေါမြီု့နယ်၊ ဘော်ကြိုအနီ ကျင်တီတံတား လုံး၀ ကျိုးကျသွားပြီး တိုက်ပွဲများ ဆက်လက် ပြင်းထန်နေကာ၊ TNLA က သီပေါရှိ တပ်စခန်း ၂ ခုကို သိမ်းထားပြီး မြို့အဝင်အထွက်များ စတင်ထိန်းချုပ်နေပြီဟု ဆိုသည်။

 

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွရဲကင်းစခန်းနှင့် ချောင်းနှစ်ခွ တံတားကို တော်လှန်ရေးတပ်ဖွဲ့များက သိမ်းပိုက်လိုက်ပြီဖြစ်ကြောင်း တော်လှန်ရေး သတင်းရင်းမြစ်များက အတည်ပြု ပြောဆိုသည်။ 

 

 သိမ်းပိုက်ရရှိလာသည့် နယ်မြေများအတွင်းနှင့် ကြားကာလပြည်သူ့အုပ်ချုပ်ရေး အကောင်အထည်ဖော်နေသောဒေသများရှိ ပုဂ္ဂလိကဘဏ်များတွင် အပ်နှံထားသည့် ပြည်သူများ၏ အပ်နှံငွေများ ဆုံးရှုံးနစ်နာမှု မရှိစေရန် အမျိုးသားညီညွတ်ရေးအစိုးရ( NUG) ကြားကာလ ဗဟိုဘဏ်အနေဖြင့် အချိန်နှင့်တပြေးညီ စီမံဆောင်ရွက်လျက်ရှိကြောင်း NUG က ယနေ့ ထုတ်ပြန်သည်။

 

စစ်ကောင်စီတပ်တွင် အင်အားမရှိတော့သည့်အတွက် အရပ်ဘက် ဆေးတက္ကသိုလ်များမှ ကျောင်းဆင်းထားသော ဆရာဝန်များအား ဗိုလ်အဆင့်ခန့်အပ်ကာ တပ်မတော် (ကြည်း) အရန်အင်အားအဖြစ် တာဝန်ပေးသည့်အခမ်းအနားကို နေပြည်တော်၌ နိုဝင်ဘာ ၁၁ ရက်တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်ဟု ဧရာဝတီ တွင် ‌ရေးသားထားသည်။

 

ယခုအခါ အခြေအနေများသည် မကြုံဖူးလောက်အောင် ညီညွတ်မှု များ နှင့် အတူ အပြောင်းအလဲများ ထွက်ပေါ်လာတော့မည့် အနေအထား ရောက်လာပြီ ဖြစ်၍ အမေရိကန် အနေဖြင့် တော်လှန်ရေး မဟာမိတ် အဖွဲ့များ ပိုမို ‌အင်အား တောင့်တင်းလာရေး နှင့် ပိုမို ကောင်းမွန်သော ဒီမိုကရေစီ အနာဂတ် တည်ဆောက်‌ ရေး အောင်မြင်ရန် အမေရိကန်မှ အကူအညီ ပေးရန် အချိန်‌ကျရောက်လာပြီဟု ဝါရှင်တန် ပို့စ် သတင်းစာကြီးက ရေးသား တိုက်တွန်းလာခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ကိုးကား - ဧရာဝတီ / ခေတ်သစ် မီဒီယာ