“ဆနွင်းမကင်း” ချိန် မဟုတ်တော့

by Hla Soewai - Nov 17 2023

ယမန်နေ့က ကနေဒါ နိုင်ငံ အယ်ဘာတား ပြည်နယ် မြို့တော် အက်မွန်တန် ရှိ အယ်ဘာတား တက္ကသိုလ် ကျောင်း ဝင်း အတွင်း ခမ်းမ တခုတွင် အမျိုးသား ညီညွတ်ရေး အစိုးရ လူ့အခွင့်အရေး ဝန်ကြီး ဦးအောင်မျိုးမင်း၊ သမ္မတ ရုံး ပြောခွင့်ရ ဦးကျော်ဇော်ဝေ တို့ နှင့် တွေ့ဆုံ ပွဲတွင် ကျွန်တော် စကားပြောခွင့် ရခဲ့ပါသည်။

 

ဝန်ကြီးက မြန်မာ အစိုးရ ကိုယ်စားလှယ် အဖွဲ့ ၏ ကနေဒါ နိုင်ငံသို့ ပထမဆုံး အကြိမ် တရားဝင် ခရီး ဖြစ်ပြီး ကနေဒါ အစိုးရ ဒုတိယ နိုင်ငံခြားရေး ဝန်ကြီး အပါအဝင် လွှတ်တော် ကိုယ်စားလှယ်များ နှင့် တွေ့ဆုံခွင့် ရခဲ့ပြီး ကနေဒါ အစိုးရ မှ ထိုခရီးစဉ် နှင့် ချိန်ကိုက်ပြီး ၎င်းတို့ စီစဉ်ထားခဲ့သည့် စီးပွားရေး ပိတ်ဆို့ ဒဏ်ခတ်မှု ထုတ်ပြန် နိုင်ခဲ့ပြီး လွှတ်တော် အမတ် လေးဦး မှ အမျိုးသား ညီညွတ်ရေး အစိုးရ အဖွဲ့အား ကနေဒါ မှ တိုက်ရိုက် ဆက်ဆံ အသိပြုဖို့ အချိန်ရောက်ပြီ လို့ တောင်းဆိုတဲ့ စာတမ်းကို လက်မှတ်ရေးထိုးပြီး အစိုးရထံ တင်သွင်းခဲ့သည်အထိ အောင်မြင်မှု ရခဲ့ကြောင်း ရှင်းလင်း ပြောကြားသွားသည်။ တဖြေးဖြေး နှင့် “စိုးရိမ်မကင်း” ဖြစ်ရကြောင်း ဆိုသည့် “ဆနွင်းမကင်း” ကျေညာချက် ထုတ်ပြန်သည့် အဆင့်မှ တိုးတက်မှု ဖြစ်ပေါ်လာမည်ဟု ယုံကြည်ကြောင်း ပြောဆိုသွားခဲ့သည်။

 

ဝန်ကြီး ဦးအောင်မျိုးမင်းသည် ယခုထိ ထိုင်းနိုင်ငံတွင် နေထိုင်နေဆဲ ဖြစ်ကြောင်းလည်း သူနှင့် စကားစမြည် ပြောရင်း သိခွင့်ရခဲ့သည်။ လူ့အခွင့်အရေး ဝန်ကြီးဌာန အား တာဝန်ပေးလာခဲ့စဉ်ကတည်း က လူ့အခွင့်အရေး နှင့် ပတ်သက်လျှင် အစိုးရဖက်မှ မဟုတ်ပဲ ပြည်သူများ ဖက်ကသာ ရပ်တည် တိုက်ပွဲဝင်သွားခွင့် ပေးမည်ဟူသော ကတိဖြင့် လက်ခံခဲ့ကြောင်း အမေရိကန် ကိုလံဘီယာ တက္ကသိုလ် ဘွဲ့ရ ဝန်ကြီးက ပြောဆိုသွားပြီး သူ၏ ဝန်ကြီး ဌာနအားလည်း နိုင်ငံသားများ အကြား တန်းတူညီမျှမှု ရရှိရေး၊ ငြိမ်းချမ်းရေး နှင့် တရားမျှတမှု ဖေါ်ဆောင်‌ရေး ဆိုသည့် Equality, Peace and Justice မူ သုံးရပ်ကို ချမှတ် အကောင်အထည် ဖေါ်သွားမည်ဟု ရှင်းလင်းခဲ့သည်၊

 

ဝန်ကြီးက နှစ်နှစ် ခွဲ ကာလ အတွင်း ပြည်သူများ ထည့်ဝင် လှုဒန်းငွေ ဒေါ်လာ သန်း ၁၅၀ ကျော် ရရှိခဲ့ကြောင်း၊ ထိုငွေများကို အဓိက အားဖြင့် လက်နက်များ ဖက်တွင် သုံးစွဲခဲ့ပြီး မည်သို့မည်ပုံ သုံးစွဲထားသည်ကို စီမံကိန်း နှင့် ဘဏ္ဍာရေး ဝန်ကြီးဌာန ဝက်ဆိုက်ဒ်တွင် အတတ်နိုင်ဆုံး အသေးစိတ် ဖေါ်ပြခဲ့ကြောင်း နှင့် ယခုအခါ အလွန် အရေးကြီးဆုံး ကာလ ကို ရောက်ရှိလာပြီ ဖြစ်တဲ့ အတွက် emergency fund ကို ပြည်သူများ အားခဲပြီး ထပ်မံ လှုဒန်း ပေးကြရန် တိုက်တွန်းသွားသည်။

 

သိမ်းပိုက်နိုင်ခဲ့သော ခရိုင် မြို့ကြီး ဖြစ်သည့် ကောလင်းတွင်လည်း အုပ်ချုပ်ရေး၊ တရားစီရင်ရေး နှင့် မီးပြန်လည် ရရှိရေး အထိ စတင် ကြိုးပမ်းဆောင်ရွက်နေပြီး ရက်အနည်းငယ် အတွင်း မီးအားပေးနိုင်တော့မည်ဟု အသေးစိတ် တင်ပြသွားပါသည်။

 

စစ်ကောင်စီ ဝါဒ ဖြန့် နေသလို အမျိုးသား ညီညွတ်ရေး အစိုးရ ကိုယ်စားလှယ် အဖွဲ့များ ၏ ပြည်ပ ခရီးစဉ် များ အတွက် ထိုငွေများထဲမှ တပြားတချပ်မှ သုံးစွဲခဲ့ခြင်း မရှိ ဆိုသည်ကိုလည်း အလေးအနက် ငြင်းဆိုသွားခဲ့သည်။  

 

သမ္မတ ရုံး ပြောခွင့်ရ ဦးကျော်ဇော်ဝေ မှလည်း မိမိတို့ အနေဖြင့် လူသိရှင်ကြား မိန့်ခွန်း ပြောကြားရာတွင် သံခင်း တမန်ခင်းအရ အိမ်ရှင်၏ ချမှတ်ထားသော နိုင်ငံခြားရေး မူဝါဒ များ ထိခိုက်မှု မရှိအောင် ပြောဆိုကြရသော်လည်း အစိုးရ ကိုယ်စားလှယ် များ နှင့် တွေ့ဆုံ ဆွေးနွေးသည့်အခါတွင်တော့ မိမိတို့ လိုအပ်ချက် များ ကို သွယ်ဝိုက်မနေတော့ပဲ တိုက်ရိုက်တင်ပြ ဆွေးနွေးခဲ့ကြသည်ချည်းသာ ဖြစ်သည်ဟု အကျယ်တဝင့် တင်ပြပြီး မေးမြန်းချက်များအားလည်း ဝန်ကြီး နှင့် အတူ ဖြေကြားသွားသည်။

 

၎င်းတို့ နှစ်ဦး စလုံးသည် မိမိတို့ အား ပေးထားသော တာဝန်များ၊ လုပ်ပိုင်ခွင့် ဘောင် များ အတွင်း မှ ပြောဆို သွားနိုင်သည့် အရည်အချင်းများ အပြည့်အဝ ရှိနေသည်ကို တွေ့ရ၍ လေးစား အားတက်ခြင်း ဖြစ်ခဲ့ရသည်။

 

ထိုပွဲ အား ရိုဟင်ဂျာ ပြည်သူ များလည်း တက်ရောက်လာကြသည်ကို တွေ့ရပြီး ရိုဟင်ဂျာ ကိုယ်စားပြု၍ အမျိုးသမီးငယ်လေး တဦးမှ တက်ရောက်ပြောဆိုသွားရာတွင် မိမိတို့မှ အမျိုးသား ညီညွတ်ရေး အစိုးရ၏ မူဝါဒ များကို ထောက်ခံပြီး လက်တွဲ လုပ်ဆောင်သွားရန် အဆင်သင့် ရှိကြောင်း ပြောဆိုသွားသည်။

 

မိမိမှ တင်ပြရာတွင် မြောက်ပိုင်း ညီနောင်များ မဟာမိတ် အဖွဲ့ ၏ အံ့မခန်း အောင်မြင်မှု များ ရနေသည်ကို ပြည်သူ တရပ်လုံးက ထောက်ခံ ပေးနေသလို ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များကိုလည်း အလားတူ အောင်မြင်မှု များ ရစေချင်နေကြကြောင်း၊ လက်နက် မပြည့်မစုံ ဖြစ်နေသည် ဆိုသော ကောလဟသ များလည်း ရှိနေသော်လည်း မိမိ အနေဖြင့် ယုံကြည်ခြင်း မရှိကြောင်း။

 

၂၀၁၉ ဒီဇင်ဘာလ အတွင်း ဟိဂ်မြို့ ရှိ နိုင်ငံတကာ တရားရုံး တွင် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်၏ နိုင်ငံအား လူမျိုးတုံး သတ်ဖြတ်ခဲ့မှု အပေါ် ခုခံ လျှောက်လှဲမှုအား သွားရောက် အားပေးခဲ့ချိန်တွင် တရားရုံး ရှေ့ လမ်းပေါ်တွင် ရိုဟင်ဂျာ လူထု နှင့် မြန်မာ များ အတွက် အုပ်စု နှစ်စု ခွဲကာ နေရာချထားပေးပြီး နယ်သာလန် ဘုရင့် မြင်းစီးတပ်ဖွဲ့မှ လာရောက် စောင့်ကြပ်ပေးနေခဲ့သည့် အနေအထား မှ ယခုအခါ အတူတကွ ရပ်တည် စည်းလုံးလာနိုင်ခဲ့သည် အတွက် လွန်စွာ ဝမ်းသာ ဂုဏ်ယူမိကြောင်း။

 

လူ့အခွင့်အရေး နှင့် ပတ်သက်ပြီး ပြင်သစ် တော်လှန်ရေး ကာလ အတွင်း တွေးခေါ်ပညာရှင်‌ ဗောလ်တဲယား၏ ကမ္ဘာကျော် အဆိုအမိန့် ဖြစ်သည့် “သင်ပြောသည်ကို ကျွနုပ် သဘောမတူ၊ သို့သော် သင်ပြောချင်တာ ပြောခွင့်ရဖို့ ကျွနုပ် အသက်နှင့် လဲ ကာကွယ်သွားပါမည်” ဆိုသည့် အတိုင်း ဒီမိုကရေစီ သည် လူများစု အုပ်ချုပ်ရေး မျိုး ဖြစ်သော်လည်း လူနည်းစု တိုင်းရင်းသားများ၏ အခွင့်အရေး များကို အလေးထား ဖို့လည်း လိုအပ်ကြောင်း တင်ပြခဲ့သည်။

 

အကြံပေး ချက် အနေဖြင့် လက်ရှိ Burma Act သည် လူ့အသက်အန္တရာယ် မထိခိုက်စေသော အကူအညီမျိုး ဟု ကန့်သတ်လာ၍ လေကြောင်းရန် ကာကွယ်ရေး အတွက် ကြိုတင် သတိပေး နည်းပညာ များ သည် အငြင်းပွားဖွယ် ဖြစ်လာ၍ လူအချင်းချင်း စာနာထောက်ထားမှု ပေးရေး၊ ပညာရေး၊ ကျန်းမာရေး ကဏ္ဍများ တွင် သာ အထောက်အပံ့ပေးရန် တောင်းဆိုမည် ဆိုက NUG အနေဖြင့် ရံပုံငွေ အတွက် ဝန်ထုပ်ဝန်ပိုးကြီး လျော့ကျသွား နိုင်မှာ ဖြစ်ကြောင်း။

 

လက်ရှိတွင် ကာကွယ်ရေး ဝန်ကြီးသည် ရံပုံငွေ ရှာဖွေရေး၊ ဘတ်ဂျက် ခွဲဝေ ချပေးရေး ဆိုသည့် တာဝန် ကို ထမ်းရွက်နေရ၍ စစ်ဦးစီးချုပ်တဦး ခန့်ထားရေး၊ စစ်ဒေသကြီး သုံးခု အတွက် ဒေသ တခုစီ အတွက် တိုင်းမှုး များ ခန့်ထားနိုင်က လူထု အတွက်လည်း စိတ်အား တက်ကြွမှု ဖြစ်စေကြောင်း။

 

နောက်တချက် အဖြစ် ကမ္ဘာ မီဒီယာကြီးများ ဖြစ်သော CNN, အယ်ဂျာဇီယား၊ နယူးယောက်တိုင်း၊ ဝါရှင်တန် ပို့စ် အစရှိသည့် သတင်းဌာနများနှင့် ပို၍ ထိတွေ့ဆက်ဆံနိုင်က မိမိတို့၏ လက်ရှိ အနေအထား နှင့် မူဝါဒ များကို ကမ္ဘာသိ တင်ပြ နိုင်မည် ဖြစ်သည်ဟု တင်ပြသွားခဲ့ပါသည်။

 

အခမ်းအနား ရုပ်သိမ်း ကာနီး ဖြစ်၍ ကျွန်တော်၏ တင်ပြမှု အား ပြန်၍ ဆွေးနွေးခြင်း လုပ်နိုင်ခြင်း မရှိတော့သော်လည်း ဝန်ကြီးအား ပြန်ကာနီး သွားရောက် နှုတ်ဆက်ရာတွင် မိမိ၏ တင်ပြချက်များကို ထည့်သွင်းစဉ်းစားမည်ဟု ဝန်ကြီးက ပြောခဲ့သည်။

 

ဤသို့ဖြင့် အခမ်းအနားသည် အောင်မြင်စွာ ပြီးဆုံးသွားခဲ့ပါသည်။ 

 

တဆက်တည်းမှာပင် ကယားပြည်နယ် အတွင်း ရှိ ကရင်နီ အမျိုးသား ကာကွယ်ရေး တပ်ဖွဲ့မှ စစ်ကောင်စီ ၏ တိုက်လေယာဉ်တစီးအား အောင်မြင်စွာ ပစ်ချ နိုင်ခဲ့သည့် မှတ်တမ်း ဗီဒီယို နှင့် ပြောခွင့်ရ ဇော်မင်းထွန်း မှ ယင်းသည် စက်ချို့ယွင်းမှု ကြောင့်သာ ဖြစ်သည်ဟု ကမန်းကတန်း လိမ်လည် ပြောဆိုသွားသည့် သတင်းများ ဖတ်ခဲ့ရသည်။ ဇော်မင်းထွန်း မှ ထိုသို့ မျက်နှာပြောင်တိုက်ကာ လိမ်လည် ခဲ့ရသည့် အဖြစ်ကို ကြည့်က ထိုသို့ ပစ်ချနိုင်ခဲ့မှု သည် စစ်ကောင်စီအတွက် စိတ်ဓါတ်ရေးရာ အပါအဝင် အကြီးအကျယ် ထိခိုက်သွားခဲ့ပြီ ဆိုသည်ကို အထင်အရှား ပြဆိုနေခြင်းပင် ဖြစ်သည်။

 

နောက်ထပ် သတင်း တပုဒ်အဖြစ် တရုတ် အစိုးရမှ ယခင် ရှမ်းပြည်နယ် လွှတ်တော် အမတ် တဦး လည်း ကိုးကန့် ခေါင်းဆောင်လည်း ဖြစ်သော Ming Xuechang နှင့် သူ၏ သားသမီး သုံးယောက် အား အွန်လိုင်း လိမ်လည်မှု များ ဖြင့် ဖမ်းဝရမ်း ထုတ်လိုက်ပြီး ဆုငွေ အဖြစ် ယွမ် ငါးသိန်း (ဒေါ်လာ ၆၈,၄၀၀) ပေးမည်ဟု ထုတ်ပြန်လာသည်ကို ဆင်ဟွာသတင်းအား ကိုးကားပြီး South China Morning Post သတင်း စာ တွင် ဖေါ်ပြလာခဲ့သည်။

 

၎င်းတို့အား တိုက်ပွဲများ ဖြစ်လာကတည်းက စစ်ကောင်စီမှ စောစီးစွာ ရဟတ်ယာဉ်များ ဖြင့် ခေါ်ထုတ်သွားပြီး ဖြစ်သည်ဟု သတင်းများလည်း ထွက်ပေါ်ခဲ့ပြီး လည်း ဖြစ်သည်။

 

ထိုသတင်းသည်လည်း တရုတ်-မြန်မာ ဆက်ဆံရေး အနိမ့်ဆုံးသို့ ရောက်ရှိလာနေသည်ကို ပြဆိုနေခြင်းလည်း ဖြစ်ပေသည်။ 

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!