ဒီလို အခွင့်အရေး နောက်တကြိမ် ပြန်မလာနိုင်တော့

by Hla Soewai - Nov 17 2023

ပြီးခဲ့သည့် ဖေဖေါ်ဝါရီ လ ကတည်းက မင်းအောင်လှိုင်သည် မြို့နယ်ပေါင်း ၃၃၀ တွင် သုံးပုံတပုံ ကျော်သည် ၎င်းတို့၏ ထိန်းချုပ် မှု အောက်တွင် မရှိတော့ဟု ဝန်ခံထားခဲ့ပြီး ဖြစ်သည်။

 

ကိုးလ ခန့် ကြာလာသော်လည်း ထိုအနေအထား သည် တိုးတက်လာခြင်း မရှိသည့် အပြင် ယခုအခါ ၁၉၆၂ စစ်တပ် အာဏာသိမ်းပြီး နောက်တွင် တခါဖူးမျှ မကြုံဖူးသည့် အရှုံး နှင့် ရင်ဆိုင်နေရပြီ ဖြစ်၍ ပြည်တွင်း ပြည်ပ တွင် အရှက်တကွဲ အကျိုး နည်း သည့် ဘဝ ရောက်ခဲ့ရပြီ ဖြစ်သည်။ 

 

တရုတ်၏ ဩဇာ ရိပ်အောက်တွင် ရှိသည်ဟု ယုံကြည်ထားခြင်း ခံရသော မဟာမိတ် ညီနောင်များ အဖွဲ့သည် ၁၀၂၇ ထိုးစစ်ကြီး စတင် ဆင်နွှဲခဲ့ရာမှ ၎င်းတို့ကိုယ်နှိုက်ပင် အံ့ဩစရာ ဖြစ်ခဲ့ရသည့် အောင်မြင်မှု များ ကြုံတွေ့ခဲ့ရသည်။ 

 

သို့သော် မဟာမိတ် ညီနောင်များ နှင့် အတူ လက်တွဲ တိုက်နေသည့် ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ် ခေါင်းဆောင် မောင်ဆောင်းခ ကမူ ထိုသို့ အောင်မြင်မှု များ ရအောင် တနှစ်ခန့် အချိန်ယူ ပြင်ဆင်ခဲ့ရသည်ဟု ရိုက်တာ သတင်းဌာန သို့ ပြောပြခဲ့သည်။ လက်ရှိ အောင်မြင်မှုများသည် နွေဦးတော်လှန်ရေး အတွင် အကြီးကျယ် ဆုံး နှင့် အအောင်မြင်ဆုံး ဖြစ်ခဲ့သည်ဟု ဆိုသည်။

 

သူ၏ အပြောကို မည်သူမျှ ငြင်းဆိုနိုင်လိမ့်မည် မဟုတ်ပေ။ ထိုကဲ့သို့သော အခွင့်အရေး မျိုးသည် နောက်တကြိမ် မည်သို့မျှ ပြန်မရနိုင်တော့ ဟု စိတ်ဖြင့် တော်လှန်ရေး အဖွဲ့များသည် အားလုံးစုစည်းကာ မီးကုန်ယမ်းကုန် တိုက်နေကြခြင်း လည်း ဖြစ်သည်။

 

ယခုအခါ စီးပွားရေး အရ အဖက်ဖက်မှ ပိတ်ဆို့ ခံထားရပြီး နိုင်ငံခြားငွေများ ပြတ်လတ်လာခြင်း၊ စစ်ဗိုလ်ချုပ် များ အတွင်း အကျင့်ပျက် ခြစားမှု များ ထွက်ပေါ်လာခြင်း အစရှိသည့် အကြောင်းအမျိုးမျိုး နှင့် ရင်ဆိုင်နေရသော အာဏာသိမ်း အဖွဲ့ အတွက် အဆိုးဝါးဆုံး အနေအထား နှင့် ကြုံနေရပြီ ဖြစ်သည်။

 

ထိုသို့သော အခြေအနေမျိုး မှ ၎င်းတို့ ပြိုလဲမသွားခဲ့လျှင် မည်သည့် အခါမျှ ပြိုလဲ နိုင်တော့မည် မဟုတ်သည်ကို သိရှိနေကြသော မြန်မာ အရေး တက်ကြွစွာ လှုပ်ရှားနေကြသော အနောက်နိုင်ငံများ နှင့် အိမ်နီးချင်း အာဆီယံ နိုင်ငံများက ထင်မြင်ချက် တစုံတရာ မပေး၊ စိုးရိမ်မိသည် ဆိုသော လေသံပင် မဟတော့ပဲ သတိကြီးစွာ နှင့် စောင့်ကြည့်နေကြပြီ ဖြစ်သည်။ ယခုအချိန်အထိ အပစ်အခတ် ရပ်စဲကြပါရန် တရုတ် နိုင်ငံမှ လွဲ၍ မည်သူမျှ တရားဝင် ပြောဆိုခြင်း မျိုး မရှိသေးသည်က ပင် အံ့ဩစရာ ဖြစ်လာနေသည်။

 

၎င်းတို့ စိတ်ထဲတွင် မင်းအောင်လှိုင် ကြိမ်းဝါးနေသော တန်ပြန် ထိုးစစ်သည် မည်မျှ ထိ ခရီးရောက်မည် နည်း ဆိုသည်က ထိုအရေး ကို အဖြေပေးတော့မည် ဟု ယူဆနေကြသည်။ လက်ရှိတွင် ထိုးစစ်ကြီးသည် နှစ်ပတ် ရှိလာပြီ ဖြစ်သော်လည်’ မင်းအောင်လှိုင် အဖွဲ့ အကြားတွင် ထိုးမယ် ကြိတ်မယ်ဟု ဓါးကြိမ်းကြိမ်း နေခြင်း သော်လည်း တကယ်တမ်း တွင် အချင်းချင်းအကြား တရားခံ ရှာနေကြပြီး နောက်ထပ် မြို့များ ထပ်မကျအောင် တပ်အင်အား ဖြည့်တင်းနေသည်က လွဲ၍ မယ်မယ်ရရ တိုးတက် ဖြစ်ပေါ်လာမှု မတွေ့ရသေးပေ။

 

မင်းအောင်လှိုင်သည် နယ်စပ်ဒေသတွင် တရုတ် တို့ မကျေမနပ် ဖြစ်လာနေသော အွန်လိုင်း လိမ်လည်မှုများ၊ တရားမဝင် လောင်းကစား ဝိုင်းများသည် ၎င်းတို့ နိုင်ငံသားများက လုပ်ကိုင်နေကြခြင်းသာ ဖြစ်သည်ဟု ကာလုံ အစည်းအဝေးတွင် ထောက်ပြပြောဆိုလာခဲ့သည်၊ မဟာမိတ် ညီနောင်များသည် တရုတ်-မြန်မာ ချစ်ကြည်ရေး ပျက်ပြားအောင် ရည်ရွယ်သည့် အနေဖြင့် နယ်စပ်ကုန်သွယ်ရေး အတွက် သံလွင်မြစ်ကို ဖြတ်၍ ဆောက်လုပ်ထားသော ကွမ်းလုံ တံတား ဖွင့်ရန် သတ်မှတ်ထားသည့် နေ့တွင် စတင် တိုက်ခိုက်လာခြင်း ဖြစ်သည်ဟု ဆိုသည်။

 

တရုတ်သည် ၎င်းတို့ အကျိုးစီးပွားကို မင်းအောင်လှိုင်၏ အာဏာသိမ်း အဖွဲ့မှ ရှေ့လျောက် မည်သို့မျှ အထောက်အကူ ပေးနိုင်စွမ်း ရှိတော့မည် မဟုတ်ဆိုသည်ကို ကောင်းစွာ သဘောပေါက်နေသည် နှင့် အမျှ တရုတ်-မြန်မာ ဆက်ဆံရေးသည် အနိမ့်ဆုံးသို့ ထိုးကျနေပြီ ဖြစ်သည်ဟု ဝါရှင်တန် အခြေစိုက် ငြိမ်းချမ်းရေး အင်စတီကျု မှ ဂျေဆင် တာဝါ မှ RFA နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ပြောသွားခဲ့သည်။

 

အာဏာရှင်ဟောင်းများ အား ကိုယ်စားပြုထားသော ဒုသမ္မတ မြင့်ဆွေ မှလည်း ထိထိရောက်ရောက် မလုပ်နိုင်လျှင် တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ပြိုကွဲတော့မည်ဟု မင်းအောင်လှိုင် ၏ အာဏာသိမ်း အဖွဲ့အား အတိအလင်း သတိပေးလိုက်ပြီ ဖြစ်သည်၊ ထိုစကား၏ အတိမ်အနက် ကို မင်းအောင်လှိုင် ကောင်းစွာ ရိပ်စားထား မိပြီးလည်း ဖြစ်သည်။

 

၎င်းတို့ အဖို့ တန်ပြန် ထိုးစစ်ကြီးသာ အကယ်၍ များ နောက်လန် ကျ သွားမည် ဆိုလျှင် ရေကာတာကြီး ကျိုးပေါက်၍ ရေများ ဒလဟော စီးဆင်းလာသလို အရာရာ သည် ချက်ခြင်းလို ပြိုလဲသွားတော့မည့် အလားအလာ ကို တွက်ဆနေကြဟန်လည်း ရှိသည်။

 

ထိုသတိပေးချက်အား နယူးယောက်တိုင်း မှ အစ နိုင်ငံတကာ သတင်းစာမျက်နှာများတွင် အကျယ်တဝန့် ရေးသား ဖေါ်ပြလာကြသည်။

 

ယခုအခါ တော်လှန်‌ရေး အင်အားစုများသည် မဟာမိတ် ညီနောင်များ အဖွဲ့၏ အောင်မြင်မှု များ ကြောင့် စည်းလုံးညီညွတ်လာနေကြပြီ ဖြစ်သည်။

 

နယူးယောက်တိုင်း သတင်းစာကြီးမှ မဟာမိတ် ညီနောင်များ ရှမ်းပြည်နယ် တွင် သိမ်းယူထားခဲ့သည့် မြို့ ခုနှစ်မြို့၏ အကျယ်အဝန်းသည် စတုရန်း ကီလိုမီတာ ၈,၀၀၀ ရှိပြီး အမေရိကန် ရှိ ဒီလာဝဲယား ပြည်နယ် အရွယ်အစား ဖြစ်သည်ဟု နှိုင်းယှဉ် ဖေါ်ပြခဲ့သည်။

 

စစ်တပ်၏ ပြောခွင့်ရ ပုဂ္ဂိုလ် ဇော်မင်းထွန်းကမူ ဒုသမ္မတ မြင့်ဆွေ၏ စကား ကို ပြန်လည် ချေပသည့် အနေဖြင့် “ကောလဟလ များ ကို မယုံကြဖို့ နှင့် မကြာမီ အတွင်း အခြေအနေများကို ပြန်၍ ထိန်းချုပ်နိုင်မည်” ဟု ပြောဆိုလာခဲ့သည်။ သို့သော် ၎င်းတို့ မည်ရွေ့မည်မျှ အထိ အားပျော့နေပြီ ဆိုသည်ကို တနိုင်ငံလုံးက သဘောပေါက် နေကြပြီး စောင့်ကြည့်နေကြပြီ ဖြစ်သည်။

 

ရှမ်းပြည်နယ် ထိုးစစ်ကြီး အတွင်း စစ်ကောင်စီ တပ်သား ၃၀၀ ကျော် လက်နက်ချလာသည်ဟု TNLA ပြောခွင့်ရ ဒုဗိုလ်မှုးကြီး တာအိုက်ကျော်မှ ဆိုသသည်။ ထိုအထဲတွင် ခုခံတိုက်ခိုက်ခြင်း မရှိပဲ လက်နက်ချလာသူများလည်း ပါဝင်သည်ဟု ဆိုကြောင်း နယူးယောက်တိုင်း သတင်းစာတွင် ပါရှိလာခဲ့သည်။

 

မဟာမိတ်ညီနောင် များ နှင့် ပြည်သူ့ကာကွယ်ရေး တပ်များသည်လည်း အပစ်အခတ် ရပ်စဲဖို့ မည်သို့မျှ သဘောတူ၍မဖြစ်တော့၊ ထိုသို့ ရပ်လိုက်သည်နှင့် မင်းအောင်လှိုင် မှ အခြေအနေ ကောင်းသည်နှင့် အမျှ ၎င်းတို့အား အညိုး နှင့် ပြန်၍ အစွမ်းကုန် တိုက်လာတော့မည် ကိုလည်း တွက်ဆခဲ့ကြပြီး ဖြစ်သည်။

 

ထို့အတွက် စစ်အာဏာရှင်များ ကို အမြစ်ပြတ် ချေမှုန်း နိုင်မှသာ ဖြစ်ပေတော့မည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!