ပလ္လင်ကို ကော်သုတ်နေသော ပူတင်

by Hla Soewai - Jan 27 2020

တကမ္ဘာလုံး က ရင်တမမနဲ့ စောင့်ကြည့်နေကြ ရသော အီရန်-အမေရိကန် တင်းမာမှုများနှင့် အသစ် ထွက်ပေါ်လာသော ကော်ရိုနာ ဗိုင်းရပ်စ် ကြောင့် တကမ္ဘာလုံး ကျီးလန့်စာစားဖြစ်နေကြချိန်တွင် ကရင်မလင် နန်းတော်ကြီးထဲ တွင်တော့ ပူတင်သည် သူ၏ ပလ္လင်ကို ကော်သုတ်ရန် ကြံနေရင်း အလုပ်များနေပါတယ်။

 

 

ဇန်နဝါရီ ၁၅ ရက်နေ့တွင် ပူတင်သည် ရုရှားဖွဲ့စည်းပုံ အခြေခံ ဥပဒေအား အခြေခံကျကျ ပြင်ဆင်သွားမှာ ဖြစ်ပြီး လူထု ဆန္ဒခံယူပွဲ ပြုလုပ်သွားမယ်လို့ တနိုင်ငံလုံး ထုတ်လွှင့်တဲ့ ရုပ်မြင်သံကြား မိန့်ခွန်းမှာ ထည့်ပြောသွားတဲ့အတွက် ကရင်မလင်ကို လေ့လာစောင့်ကြည့်နေသူတွေ တအံတဩ ဖြစ်သွားကြရပါတယ်။

 

 

တအံ့တဩ ဖြစ်ခဲ့ရမှု က ထိုမျှနှင့် အဆုံးမသတ်သွား‌‌ သေးပေ။ဝန်ကြီးချုပ် ဒီမီထရီ မက်ဗီဒက် နှင့် ကက်ဘိနက်တဖွဲ့လုံး နှုတ်ထွက်သွားခဲ့ပြန်ပါတယ်။ အဘယ်ကြောင့် ရာထူးမှအခုလို နှုတ်ထွက်သွားရသလဲ ဆိုသည်နှင့် သူ၏ နေရာတွင် မထင်မရှား အခွန် လုပ်ငန်းဖက်က တတ်သိ ပညာရှင် မီခေးလ် မီရှုစတင် ဆိုသူအား မည်သည့်အတွက်ကြောင့်အစားထိုးခန့်အပ်ခဲ့သလဲ ဆိုတာတွေကို သဲသဲကွဲကွဲ မသိရသေးပဲ ပဟေဠိ ဖြစ်နေကြရပါတယ်။

 

 

ထိုအဖြစ်အပျက် များကို နားလည်နိုင်ရန်မှာတကယ်တမ်းတော့ ခက်ခက်ခဲခဲ မဟုတ်လှပေ။ ပြီးခဲ့သည့် နှစ် နှစ်ဆယ်အတွင်း ပူတင်အစိုးရ သည် လူပေါင်းများစွာကို သတ်ဖြတ်ပြီး ဖြစ်သည့်အပြင် ဒေါ်လာ ဘီလီယံပေါင်းများစွာကို အလွဲသုံးစား လုပ်ခဲ့ကြပြီး ဖြစ်တာကြောင့် အာဏာကို သူ့သဘောနဲ့သူ စွန့်လွတ်လိမ့်မယ်ဆိုတာ တွေးဖို့ မဖြစ်နိုင်လောက်တဲ့အနေအထား မှာ ရှိနေတာ ကြာပြီ ဖြစ်ပါတယ်။

 

 

လက်ရှိ ဖွဲ့စည်းပုံအရ ၂၀၂၄ တွင် ကုန်ဆုံးမယ့် သူ၏ သမ္မတ သက်တမ်း အတွက် ထပ်မံ အရွေးခံလို့ မရတော့ပါဖူး၊ ဖွဲစည်းပုံအရ မည်သူမျှ သမ္မတ သက်တမ်းကို နှစ်ကြိမ်ဆက်တိုက် ထမ်းဆောင်ခွင့် မရှိတာကြောင့် ပူတင် အဖို့အာဏာ လက်မလွှတ်ရအောင် တနည်းတဖုံ ကြံဦးမှာပဲလို့ အားလုံးက တွက်ဆထားခဲ့ကြပါတယ်။ ပူတင်ကလည်း ဒါကို စဉ်းစားထားပြီး ဖြစ်ပါတယ်။

 

 

သူ၏ ပထမဆုံး သမ္မတ သက်တမ်းကို ၂၀၀၀ မှ ၂၀၀၈ အတွင်း ဆက်တိုက် ရယူခဲ့ပြီး ဖြစ်ပါတယ်။ ပြီးတဲ့ အခါ ဝန်ကြီးချုပ် အဖြစ် လေးနှစ်ကြာ ပြောင်းလဲ ထမ်းဆောင်ခဲ့ပြီ မက်ဒီဗက် ကို ရုပ်သေးသမ္မတ အဖြစ် ထမ်းဆောင်စေခဲ့ပါတယ်။ ထို အချိန်က စစ်တုရင် အခေါ်အဝေါ် နဲ့ castling (ဘုရင် နဲ့ ရထား နေရာလဲခြင်း) လုပ်တယ်လို့ မီဒီယာများရဲ့ ကင်ပွန်းတပ်ခြင်း ခံခဲ့ရပါတယ်။ ၂၀၁၂ မှာ ပူတင်သည်သမ္မတ ပြန်ဖြစ်လာခဲ့ပြန်ပြီး ၂၀၁၈ တွင် ဒုတိယ သက်တမ်း ပြန်လည် ရွေးချယ်ခံ
ခဲ့ရပါတယ်။

 

 

ရုရှားနိုင်ငံသားများ အဖို့ကတော့ ပူတင်ရဲ့ကြေငြာချက်ကို အထူးတလည် မအံ့ဩပဲ ဒီတခါ ဘယ်လို ရာထူးမျိုး ယူမှာလဲဆိုတာကိုသာ စိတ်ဝင်စားနေကြပါတယ်။

 

 

အချို့ကလည်း အရင်ကလို ဝန်ကြီးချုပ် ရာထူးပဲ ပြန်ယူမလား၊ သူ့ပါတီရဲ့ ခေါင်းဆောင် ရာထူး ဒါမှမဟုတ် လွှတ်တော်ဥက္ကဌ နေရာပဲ ယူမလား အမျိုးမျိုး စဉ်းစားနေကြပါတယ်။

 

 

ဒါပေမယ့် ပူတင်ရဲ့ ကြေငြာချက်မှာ ပါရှိလာတာက သူကြိုးစားနေတဲ့ အစီအမံတွေထဲမှာ အစိုးရ အဖွဲ့တခုလုံးကို ခန့်အပ်နိုင်တဲ့ ရာထူးမျိုး ဖြစ်တယ်လို့ ဆိုနေပြန်တဲ့ အတွက် သူအရင်ကာလများစွာက ဖွဲ့စည်းပေးထားတဲ့ နိုင်ငံတော် ကောင်စီ ကို အထူး အာဏာတွေအပ်နှင်းပြီး ရာသက်ပန် မင်းတပါး အဖြစ်အပြီးအပိုင် အုပ်ချုပ်သွားတော့မည့် အလားအလာတွေ မြင်နေရပါတယ်။ သူလို လူမျိုးပေါ်မလာရအောင်လည်း သမ္မတ ရဲ့ လုပ်ပိုင် ခွင့်တွေ လျော့ချပြီး သက်တမ်းကို နှစ်ကြိမ် (ဆက်တိုက် ဆိုတဲ့ အသုံးအနှုန်း ကို ဖြုတ်ထားခဲ့ပြီး) သာ အရွေးခံခွင့် ပြုမယ်လို့ ဆိုပါတယ်။

 

 

တကယ်တမ်းတွင် အသေးစိတ်များ သိရဖို့က သိတ်တော့ အရေးမပါလှပေ။ ရုရှားသည် ဒီမိုကရေစီ အရေခြုံထားသော အာဏာရှင် နိုင်ငံတခု သာ ဖြစ်နေသောကြောင့်ပင်။ ပူတင် အဖို့ ရွေးကောက်ပွဲတွင် အောင်ပွဲခံလာခဲ့ရခြင်းမှာ ရေနံဈေးများ တဟုန်ထိုး မြင့်တက်ပြီး စီးပွားရေးတိုးတက်လာခဲ့သည့်အတွက်‌ ကြောင့်ဖြစ်ပါတယ်။ထိုအနေအထားမျိုးက ယခုအခါ ပြန်မရနိုင်တော့ပေ။ အကျင့်ပျက်ခြစားခြင်း၊ ဈေးကွက်များကို ပြင်ပမှ ဝင်ရောက် မယှဉ်ပြိုင်နိုင်ရန် ပိတ်ဆို့ထားခြင်း၊ ရေနံ ဈေးများ ကျဆင်းလာခဲ့ခြင်းအပြင် ၂၀၁၄ အတွင်း ကရိုင်မီးယားကို ဝင်ရောက်ကျူးကျော်ခဲ့ခြင်းကြောင့် အနောက်နိုင်ငံများ၏ စီးပွားရေး ဒဏ်ခတ်မှုများနှင့် ရင်ဆိုင်နေရခြင်း အစရှိသည့် အကြောင်းများကြောင့် ဖြစ်ပါတယ်။ ယင်းတို့နှင့်အတူ ပူတင် အဖို့ သူ့အား လူကြိုက် များလာခဲ့မှုကြောင့် ဆိုဗီယက် ခေတ် ကလို အကြွင်းမဲ့ အာဏာရှင်စနစ် ပြန်လည် သွတ်သွင်း မည်ဟူသော အိမ်မက်များလည်း ပျက်ပြယ်သွားခဲ့ရပါတော့တယ်။

 

 

သူအောင်မြင်ခဲ့ရတဲ့ နောက်ထပ်အကြောင်းရင်းတခုမှာအစိုးရ ရုပ်မြင်သံကြား ကို တဦးတည်း မောင်ပိုင် သိမ်းထားတာ‌ ကြောင့်ဖြစ်ပါတယ်။ ထင်ရှားတဲ့ အတိုက်အခံများရဲ့ အသုံးပြုခွင့် ကို တားမြစ်ထားခြင်း၊ သိမ်းသွင်းလို့ ရမယ့် အတိုက်အခံများကို ဆွဲခေါ်ခြင်း နဲ့ သိမ်းသွင်းဖို့ မလွယ်သူများကို ဖမ်းဆီးခြင်း၊ ခြိမ်းခြောက်ခြင်း အစရှိတဲ့ လုပ်ရပ်တွေကြောင့်လည်း ဖြစ်တယ်လို့ ဆိုပါတယ်။ နိုင်ငံရေး အတိုက်အခံများ သတ်ဖြတ်ခံနေရသော နိုင်ငံမျိုးတွင်အဘယ်သို့များ စစ်မှန်သော ယဉ်ပြိုင်မှုမျိုး ရှိပေဦးမည်နည်း။

 

 

ပူတင်သည် သမ္မတ၊ ဝန်ကြီးချုပ်၊ နိုင်ငံတော်ကောင်စီ ဥက္ကဌ သို့မဟုတ် တိန့်ရှောင်ဖိန် ရာထူးမှ ဆင်းပေးပြီး ရယူခဲ့တဲ့ National Bridge Association ၏ ဂုဏ်ထူးဆောင်ဥက္ကဌ အစရှိသည့် မည်သည့် ရာထူးမျိုး ရယူခဲ့စေကာမူ စစ်မှန်သော ဒီမိုကရေစီ ကဲ့သို့ကွဲပြားခြားနားမှုမျိုး ဖြစ်ပေါ်လာလိမ့်မည် မဟုတ်ပေ။

 

 

ပူတင် အဖို့ သမ္မတ သက်တမ်း သတ်မှတ်ထားခြင်းကို ပြင်ဆင်မည်လော၊ သို့တည်းမဟုတ် တရုတ် သမ္မတ ရှီကျင့်ဖျင် လုပ်သလို အပြီးအပိုင် ဖျက်သိမ်းပြစ်မည်လော၊ ထိုကဲ့သို့လည်း မလုပ်လိုဟု ဆိုပါတယ်။ ရှီကျင့်ဖျင် ကတော့ သူရဲ့ သက်တမ်းပြင်ဆင်တာကို လူထုဆန္ဒခံယူ ပွဲမျိုး ပင် အယောင်ဆောင် လုပ်မနေတော့ပဲ စိတ်တော်သိ ဘောင်းတော်ညိတ် အမျိုးသားပြည်သူ့ ကွန်ဂရက် ရဲ့ အတည်ပြုချက်ကိုပဲရယူခဲ့တာ ဖြစ်ပါတယ်။ ကွန်ဂရက် အဖွဲ့ဝင် ၂,၉၆၄ ဦး အနက် ၂,၉၅၉ ဦး က အတည်ပြု ပေးခဲ့ပါတယ်။

 

 

နောက်တခါ ပူတင် အတုခိုးလို့ ရတာကတော့ ကာဇတ်စတန် ပဲ ဖြစ်ပါတယ်။ ၁၉၉၀ ခုနှစ် ဆိုဗီယက် လက်အောက်မှ ခွဲထွက်လာပြီးကတည်းက သမ္မတ ဖြစ်လာတဲ့ နာဆူလ်တန် နာဇာဘာယက်ဗ် သည် မနှစ်က ရာထူးမှ ဆင်းပေးခဲ့ပြီး အာဏာရ ပါတီ‌ ခေါင်းဆောင် အဖြစ် ဆက်နေယုံမျှမက"နိုင်ငံ ခေါင်းဆောင်ကြီး" ဆိုတဲ့ ဘွဲ့ထူးကို တရားဝင် စွဲကိုင် လာခဲ့ပါတယ်။

 

 

ထို့အတွက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေအသစ်သည် မည်သို့မည်ပုံ ထွက်ပေါ်လာမည်ကို မည်သူမျှ မခန့်မှန်းနိုင် ဖြစ်နေရပါတယ်။

 

 

အမေရိကန် သည် အရင်က ဒါမျိုးမလိမ့်တပတ် လုပ်ခြင်းကို ကန့်ကွက်ပြောဆို ခဲ့ဖူးသော်လည်း ဒေါ်နယ် ထရန့် မှ ကိုယ်လုပ်ချင်ရာ လုပ်နိုင်ခွင့် ရှိသူတွေ
ကို အားကျနေခြင်းအား ပွင့်ပွင့်လင်းလင်း ပြောခဲ့ဖူးသူ ဖြစ်ပါတယ်။ အီးယူ ကလည်း ပူတင်မှ ပလ္လင် ကော်သုတ်နေတဲ့အဖြစ်ကို မပွင့်တပွင့် ရေရွတ်တာလောက်ပဲ ရှိပါတယ်။ အီးယူ အဖို့လည်း တရုတ်က ခေါင်းထောင်လာနေတဲ့ အတွက် ကျောချမ်းလာနေပြီး တဖက်ကလည်း ရုရှား သဘာဝဓါတ်ငွေ့ကို အားကိုးနေရ‌ သောကြောင့်လည်း ဖြစ်ပါတယ်။

 

 

ကမ္ဘာပေါ်ရှိ အာဏာရှင် တွေကတော့ မော်စကို မှာ ဖြစ်ပျက်နေတာတွေကို သူတို့ အတွက်နည်းလမ်းကောင်းတွေများ ထွက်လာလေမလလား ဟုစိတ်ဝင်တစား စောင့်ကြည့်နေကြမှာ ဖြစ်ပါတယ်။ ဒီမိုကရေစီ သမားများအဖို့ကတော့ အာဏာရှင် မှန်သမျ လည်း အများနည်းတူ တနေ့ကျ သေဆုံးကြရမှာပဲလို့သာ စိတ်ဖြေသိမ့်နေကြရပါတော့တယ်။

 

ကိုးကား၊။ ၊ "Glued to the throne" from the Economist, January 18th 2020.