၁၀၂၇ စစ်ဆင်ရေး နိုင်ငံတဝှမ်း အထိ ဆင်နွှဲသွားမည်ဟု မဟာမိတ် ညီနောင်များ ကတိပြု

by Hla Soewai - Nov 17 2023

“မိမိတို့မှ မကြာမီ အတွင်း ပိုမို ထိရောက်သည့် စစ်ဆင်ရေးများကို အခြား လက်နက်ကိုင် တော်လှန်ရေး အဖွဲ့များ နှင့် အတူ လက်တွဲ၍ တနိုင်ငံလုံး အနှံ့ ဆင်နွှဲသွားမည်” ဟု မဟာမိတ် ညီနောင်များ အဖွဲ့မှ ဗုဒ္ဓဟူးနေ့က တိုင်းပြည်သို့ ကတိပေးလိုက်ပြီ ဖြစ်သည်။

 

ထိုစကားသည် ပြည်သူတရပ်လုံး လွန်စွာ ကြားချင်နေသော ကတိစကား လည်း ဖြစ်ပေသည်။

 

လက်ရှိ တွင် ရှမ်းပြည်မြောက်ပိုင်း နှင့် စစ်ကိုင်းတိုင်း ဒေသကြီးများ တွင် ပြည်သူ့ကာကွယ်ရေး တပ်၊ ကချင် လွတ်မြောက်‌ရေး တပ်၊ ရခိုင် တပ်တော်၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်၊ ဗမာ ပြည်သူ့လွတ်မြောက်ရေး တပ်များ ပူးပေါင်း၍ စစ်‌ကောင်စီ တပ်များ အား ဒလကြမ်း တိုက်ခိုက်နေကြပြီ ဖြစ်သည်။

 

မဟာမိတ် အဖွဲ့သည် စစ်ကောင်စီ တပ်စခန်း ၁၅၀ နှင့် အနည်းဆုံး မြို့ ငါးမြို့ကို သိမ်းပိုက်ထားပြီး ဖြစ်သည့် အပြင် တရုတ်ပြည်သို့ သွားရာ လမ်းကြောင်းမှန်သမျှ ကို ပိတ်ဆို့ ထားနိုင်ခဲ့ပြီ ဖြစ်သည်။ စစ်ကိုင်းတိုင်း အတွင်း ရှိ ကောလင်း နှင့် ခမ်းပတ် မြို့များသည်လည်း ပြည်သူ့ကာကွယ်ရေး တပ်များ လက်သို့ ကျရောက်သွားပြီ ဖြစ်သည်။

 

ထီးချိုင့် မြို့အားလည်း ကြာသပတေးနေ့တွင် မြန်မာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားတပ်၊ ရခိုင် တပ်တော် နှင့် အခြား တော်လှန်ရေး အဖွဲ့များက တိုက်ခိုက်ခဲ့ကြသည်ဟု သိရသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူးဝါး လရှီးလ မှ ၁၀၂၇ စစ်ဆင်ရေး ကြောင့် တနိုင်ငံလုံး မျှော်လင့်ချက်များ မြင့်တက်လာနေပြီး စစ်ရေးအရ အောင်ပွဲခံမည့် အချိန်ရောက်လာပြီ ဖြစ်သည် ဟု ဆိုသည်၊ စစ်ကောင်စီ အနေဖြင့် အရှုံးကို လက်ခံမည် ဆိုက ပဋိပက္ခသည် လျှင်မြန်စွာ အဆုံးသတ်ပြီး မိမိ အနာဂတ်ကို မိမိ ဖန်တီးနိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်သွားနိုင်မည် ဟု အစိုးရ အဖွဲ့ အစည်းအဝေး တွင် ပြောကြားသွားခဲ့သည်။

 

ပြီးခဲ့သည့် ဆယ်ရက်ကျော် က မည်သူမျှ မမျှော်မှန်း နိုင်ခဲ့သည့် အောင်ပွဲများကို ဆက်တိုက် ရရှိလာနေပြီ ဖြစ်သည်၊ စစ်ကောင်စီသည် ယခုထိ တန်ပြန် ထိုးစစ်ကို ဆင်နွှဲ နိုင်ခြင်း မရှိသေးပဲ ခုခံ တွန်းလှန်နေရဆဲ ဖြစ်သည်။ ရိက္ခာ နှင့် လက်နက်ခဲယမ်း များကို လေကြောင်းမှ ချပေးရသည့် အထိ ဖြစ်လာခဲ့သည်။ လာရှိုးသို့ ရောက်လာသော စစ်ကူသည်ပင် ပခုက္ကူ တပ်မ ၁၀၁ မှ ဖြစ်ပြီး အင်အား ၁၅၀ ပင် မပြည့်ဟု သိရသည်၊ ထိုသို့သော အနေအထား တွင် မည်သို့မျှ တန်ပြန် ထိုးစစ်ကို ဆင်နွှဲနိုင်တော့မည် မဟုတ်ဟု လေ့လာသူများက ခန့်မှန်းလျက် ရှိသည်။ နေရာတိုင်းတွင် စစ်မျက်နှာ အသစ် နှင့် ရင်ဆိုင်လာနေရ၍ စစ်အင်အား ဖြည့်တင်းဖို့ ဆိုသည်က မဖြစ်နိုင်တော့။

 

လက်ရှိ တွင် စစ်ကောင်စီ သည် အခြေအနေ ဆိုးဝါးလာနေသော ရှမ်းမြောက်အား အတတ်နိုင်ဆုံး ခုခံ ကာကွယ်နိုင်ရန် အင်အား ၂၀,၀၀၀ ခန့် ရအောင် စုစည်းနေသည်ဟု သတင်းများ ထွက်ပေါ်နေသည်။ ၎င်းတို့၏ တပ်များ အားလည်း စခန်းငယ်များ အား စွန့်ခွာပြီး စခန်း ကြီးများသို့ သွားရောက် ပူးပေါင်းရန် ညွှန်ကြားနေသည်ဟု ဆိုသည်။ လာရှိုး မှ နေ၍ လက်နက်ကြီး များ နှင့် ပစ်ခတ်ကာ ဟန့်တားလျက် ရှိသည်။

 

ချင်းတွင်း မြစ် အနောက်ဖက် ကမ်း ယင်းမာပင် မြို့နယ်အတွင်း အင်အား ၁၀၀ ခန့် ဖြင့် တပ်စွဲထားသော စစ်ကောင်စီ တပ်များသည် မုံရွာ သို့ ဆုတ်ခွာသွားကြပြီ ဖြစ်သည်။ ခင်ဦး မြို့နယ် အတွင်းရှိ စစ်စခန်း တခုအား လည်း စွန့်ခွာသွားကြသည်ဟု ဆိုသည်။

 

စစ်ကိုင်းတိုင်း အတွင်းရှိ ပြည်သူ့ကာကွယ်ရေး တပ်များက ဒေသအတွင်းရှိ မြို့များ အားလုံးကို သိမ်းယူ နိုင်ရန် ပြင်ဆင်နေကြပြီ ဟု ဆိုသည်၊ ကေအင်ယူ သည်လည်း တောင်ငူ၊ ဒိုက်ဦး၊ ပြွန်တန်ဆာ နှင့် ညောင်လေးပင် တဝိုက်ရှိ စစ်စခန်းများအား သိမ်းယူပြီး ရန်ကုန်-မန္တလေး လမ်းမကြီးအား ထိန်းချုပ်နိုင်ရန် လုံးပမ်းလျှက် ရှိနေသည်။

 

ကရင်နီ ပြည်သူ့ လွတ်မြောက်ရေး တပ်သည်လည်း ၁၁၀၇ စစ်ဆင်ရေး ဖြင့် ကယားပြည်နယ် လွတ်မြောက်ရေး နှင့် ပျဉ်းမနားသို့ ချီတက်နိုင်ရေး ကို ရည်မှန်းချက် ထားလျက် ရှိသည်။

 

လမ်းအားလုံး သည် နေပြည်တော်သို့ ဦးတည်နေပြီ ဖြစ်သည်။ ရန်ကုန် ကို စွန့်ခွာကာ ကြပ်ပြေး တွင် နေပြည်တော် ဟု တည်ဆောက်ထားသော်လည်း ယခုအခါ မြောက်ဖက် နှင့် အနောက်ဖက်တွင် PDF များ ကြီးစိုးထားပြီး၊ တောင်ပိုင်း တွင် ကေအင်ယူများ နှင့် တိုက်ပွဲများ ဖြစ်ပွားနေသော ပဲခူးတိုင်း၊ အရှေ့ဖက်တွင် ကရင်နီ တပ်များ နှင့် ဝိုင်းရံခံနေရပြီ ဖြစ်သည်ဟု စစ်ရေး သုံးသပ်သူ ဦးသန်းစိုးနိုင်မှ ဧရာဝတီသို့ ပြောခဲ့သည်။

 

အားလုံး၏ ရည်မှန်းချက် များ အထ မြောက်မည် ဆိုလျှင် နေပြည်တော်သို့ ချီတက်လာမည့် အလားအလာသည် မဝေးတော့ဟု ဆိုသည်။

 

ကာကွယ်ရေး ဝန်ကြီး ဦးရည်မွန်မှ စစ်ဆင်ရေးများ အားလုံးသည် နိုင်ငံ တဝှမ်းလုံး အတွက် ရေးဆွဲထားသော တခုတည်းသော စစ်ရေး မဟာဗျုဟာ ဖြင့် ဆင်နွှဲလျက် ရှိသည်ဟု ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

AA မှ ရခိုင် ပြည်နယ် အတွင်း ထိုးစစ်ကြီး ဆင်နွှဲလာမည့် အရေးကို စိုးရိမ်ကြောင့်ကြလျက် ရှိနေသည်။ AA သည် စစ်ကိုင်းတိုင်း အတွင်း ထိုးစစ်တွင် ပါဝင် တိုက်ခိုက်လျှက် ရှိနေသည်ဟု အတိအလင်း ပြောဆိုထားပြီး ဖြစ်သော်လည်း စစ်ကောင်စီသည် AA နှင့် ပတ်သက်၍ စကားတလုံးမျှ မဟရဲပဲ ရှိနေဆဲ ဖြစ်သည်။

 

စစ်ကောင်စီ သည် မကြာမီ အတော အတွင်း ဆွေးနွေးဖို့ စကား ဟ လာနိုင်သော်လည်း တော်လှန်ရေး အဖွဲ့များကမူ အလောသုံးဆယ် လက်ခံမည် မဟုတ်ဟု စထရိတ်တိုင်း သတင်းစာ မှ အကြီးတန်း အယ်ဒီတာ တဦးက ဆောင်းပါး ရေးသားလာခဲ့သည်။ လက်ရှိ အနေအထား သည် မြန်မာ နှင့် ဒေသအတွင်း အတွက် အရေးပါသော အရွေ့ကြီး ဖြစ်ပေါ်လာနိုင်၍ အနီးကပ် စောင့်ကြည့်သွားရမည် ဖြစ်သည်ဟု ဆိုသည်။

 

ယခုအထိ မြန်မာနိုင်ငံ အတွင်း တိုက်ပွဲများ ပြင်းထန်လာနေမှု အပေါ် အာဆီယံ မှ တစုံတရာ မှတ်ချက် မပေးပဲ ရေငုံနှုတ်ပိတ် နေဆဲပင် ဖြစ်သည်။

 

မင်းအောင်လှိုင် မှ ကမန်းကတမ်း ခေါ်ယူလာသော ကာလုံ အစည်းအဝေးတွင် မဟာမိတ် ညီနောင်များ ၏ တိုက်ခိုက်မှု အား ထိထိရောက်ရောက် အရေးယူနိုင်ခြင်း မရှိက တိုင်းပြည်သည် အစိတ်စိတ် အမွှာမွှာ ကွဲသွားနိုင်သည်ဟု မြင့်ဆွေမှ ထုတ်ဖေါ် ဝန်ခံလာခဲ့ရပြီး မင်းအောင်လှိုင်အားလည်း သွယ်ဝိုက် သတိပေးလာနေပြီ ဖြစ်သည်။

 

သို့သော် ၎င်း၏ အပြောအား မဟာမိတ် ညီနောင်များ အဖွဲ့က ပယ်ချလိုက်ပြီး မိမိတို့၏ ရည်ရွယ်ချက်သည် စစ်အာဏာရှင် စနစ် နိဂုံးချုပ်သွားရေး အတွက်သာ ဖြစ်၍ တိုင်းပြည် ပြိုကွဲသွားနိုင်စရာ မရှိဟု တုန့်ပြန် ပြောဆိုလာခဲ့သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ကိုးကား - ဧရာဝတီ၊ မြန်မာနောင်း၊ လွတ်လပ်သော အာရှ အသံ

 

Photo – Mastadon Social