နေပြည်တော်တွင် ခံစစ်ပြင်နေဟု ဆို

by Hla Soewai - Nov 26 2023

စစ်တပ် သည် အာဏာသိမ်းပြီး လူထု ၏ မျှော်လင့်ချက်များ ကိန်းဝပ်ရာ ဒီမိုကရေစီ အဆောက်အအုံကြီးကို ဖြိုချဖျက်ဆီး ခဲ့ချိန်မှစပြီး နိုင်ငံတကာသည် အာဏာသိမ်း အဖွဲ့အား နည်းမျိုးစုံ ဖြင့် ဖိအားပေးကာ စေစပ်‌ ဆွေးနွေးရေး လမ်းကြောင်းမှတဆင့် ဒီမိုကရေစီ အုပ်ချုပ်ရေး စနစ်ကို ပြန်လည် ရောက်ရှိရန် လုံးပမ်းခဲ့ကြသည်။

 

လမ်းပြ မြေပုံ အဖြစ် အာဆီယံ ဘုံ သဘောတူညီချက်ပင် ထွက်ပေါ်လာခဲ့ပြီး ကုလသမဂ္ဂ အပါအဝင် အားလုံးက ထိုလမ်းကြောင်း အတိုင်း လျှောက်ရန် သဘောတူ လက်ခံခဲ့ကြသည်။

 

ဤသည်ကလည်း စစ်တပ်သည် မည်သို့မျှ ပြိုလဲ မသွားနိုင်သောကြောင့် ဖြစ်သည်ဟု ခံယူထားကြ၍ လည်း ဖြစ်သည်။

 

သို့သော် တိုင်းရင်းသား မဟာမိတ်များ၏ ၁၀၂၇ ထိုးစစ်ကြီး စတင်ပြီး ရက်သတ္တပတ် အနည်းငယ် အတွင်းမှာပင် ထိုသို့ တောက်‌လျှောက် ခံယူထားခဲ့မှုမှ ၎င်းတို့ မည်မျှတောင့်ခံနိုင်မည်နည်းဟု ဆွေးနွေး ငြင်းခုံစရာ အဖြစ် ပြောင်းလဲသွားခဲ့ရသည်။

 

ထိုသို့ အလွန်အကျွံ တွက်ဆခဲ့ခြင်းမှာလည်း ယခု အကြိမ်သည် ပထမဆုံးလည်း မဟုတ်၊ ရုရှားတပ်များ ယူကရိန်း စစ်မျက်နှာတွင် အရေးမလှ ဖြစ်သွားခဲ့၍ အထင်ကြီးထားသမျှ လွဲချော်သွားခဲ့ရပြန်သည်၊ ဘိုင်ဒင်ပင်လျှင် စစ်ပွဲအစတွင် စိုးရိမ်တကြီး ဖြင့် ယူကရိန်း သမ္မတ ဇယ်လင်စကီးကိုပင် ခေါ်ထုတ်ပေးမည်ဟု ကမ်းလှမ်းခဲ့သည် အထိ ဖြစ်ခဲ့သည်။

 

မြန်မာ အရေး သုတေသီ မက်သယူး အားနိုးက မြန်မာစစ်တပ်သည် တလှိုင်းပြီး တလှိုင်းပြိုလဲလာနိုင်ပြီး နေပြည်တော်ကိုပင် ထိုးစစ်ကြီး ဆင်နွှဲ တိုက်ခိုက်ဖို့ပင် မလိုတော့ဟု ဩစတေးလျှ ၏ ABC သတင်းဌာန နှင့် တွေ့ဆုံမေးမြန်းခန်းတွင် မှတ်ချက်ချသွားခဲ့သည်။

 

သို့သော် နေပြည်တော်ရှိ စစ်ခေါင်းဆောင်များက မူ ထိုသို့ ယူဆထားခြင်း ရှိပုံမရပေ။

 

ဧရာဝတီ သတင်းဌာနမှ နေပြည်တော်တွင် နေထိုင်သူများ၊ ဝန်ထမ်းများ နှင့် ဖရဲသီးများထံမှ ရရှိသော အတွင်း သတင်းများအား ကိုးကားပြီး နေပြည်တော်အား ကျားကုတ် ကျားခဲ ခုခံ သွားနိုင်ရန် မန္တလေး၊ ရန်ကုန် နှင့် ပဲခူးဖက်မှ ကွန်မန်ဒို ၄,၀၀၀ အပါအဝင်စစ်အင်အား ၁၄,၀၀၀ ခန့်အထိ ယခုလ ဒုတိယ ပတ်မှစ၍ နိုင်ငံ အနှံ့ မှ ထုတ်နှုတ် စုစည်း ဖြန့်ကျက်ချ‌ နေသည်ဟု သိရကြောင်း သတင်း ရေးသားခဲ့သည်။

 

နေပြည်တော် တဝိုက်တွင်လည်း ဘန်ကာများ ဆောက်လုပ်နေသည်ဟု ဆိုသည်။

 

နိုဝင်ဘာ ၁၅ ရက်နေ့ နေ့စွဲ ဖြင့် နေပြည်တော် ကောင်စီ အတွင်းရေးမှုး တင်မောင်‌ဆွေ လက်မှတ်ဖြင့် အစိုးရ ဌာန တခုလျှင် လိုအပ်လျှင် သုံးနိုင်ရန် ဖောင်ကြီး ဆင်း ဝန်ထမ်းများအား အနည်းဆုံး တပ်ခွဲ နှစ်ခွဲ ခန့် အင်အား စုဆောင်းထားရန် ညွှန်ကြားစာ ထွက်လာခဲ့ပြီး ဖြစ်သည်။

 

အဓိက အကြောင်းရင်းသည် နေပြည်တော်နှင့် ကားဖြင့် ငါးနာရီ ခန့်သွား၍ ရ‌ နေသည့် လွိုင်ကော်သို့ တော်လှန်ရေး မဟာမိတ်တပ်များ ထိုးဖောက် လာနိုင်ခဲ့ခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။

 

 ကယားပြည်နယ် အတွင်း ၁၁၁၁ စစ်ဆင်ရေး စတင်ချိန်မှစ၍ စစ်ကောင်စီ တပ်သား ၂၀၀ ခန့် ကျဆုံးခဲ့သည်ဟုလည်း ကရင်နီ အမျိုးသား ကာကွယ်ရေး တပ် ဥက္ကဌ ခွန်ဘီဒူး မှ ထုတ်‌ ဖေါ် ပြောဆိုခဲ့သည်။

 

မိမိအမြင်အရ ဆိုလျှင် နေပြည်တော် ခံစစ် ကျိုးပေါက်သွားပါက မင်းအောင်လှိုင်မှ ၎င်း၏ အမာခံ နယ်မြေဟု ယူဆထားသော ဧရာဝတီ တိုင်း ပုသိမ် သို့ ရွှေ့ကာ စစ်ပြေး အစိုးရ အဖြစ် ရပ်တည်သွားကောင်း သွားနိုင်ပေသည်။

 

အာဏာ သိမ်း အဖွဲ့သည် ၎င်းတို့ လက်လွှတ်ခဲ့ရသော ကောလင်းမြို့အား အဝေးမှ လက်နက်ကြီးများဖြင့် လူနေဒေသများသို့ ပစ်ခတ်နေသည်ဟု သတင်းများက ဆိုသည်။

 

ဤသည်မှာလည်း တော်လှန်ရေး မဟာမိတ် တပ်များ လက် ကျရောက်ပါက ဗုံးကြဲ ခံရဖို့သာ ရှိ၍ လူထု အား ၎င်းတို့ဖက်မှ ခံတိုက်ခြင်းသည်သာ သက်သာရာ သက်သာကြောင်း ဖြစ်လိမ့်မည်ဟုသင်ခန်းစာ ပေးနေခြင်းလည်း ဖြစ်သည်။ 

 

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အနေဖြင့် လက်နက်ကြီးများ၊ လေကြောင်းပစ်ကူ များ အား အတိုင်းအဆ မရှိ အားပြု တိုက်ခိုက်နေသောကြောင့် အရပ်သား များ ၏ လုံခြုံရေး အတွက် အရေးယူ ဆောင်ရွက်သင့်ပြီ ဖြစ်သည်။

 

The Diplomat စာစောင်မှလည်း စစ်တပ်သည် တဲတဲသာ ကျန်တော့၍ တညီတညွတ် တည်း တွန်းလျှင် ပြိုလဲတော့မည့် အခွင့်အခါ ကောင်းနှင့် ကြုံ‌နေပြီ ဖြစ်သည်ဟု တိုက်တွန်းရေးသားထားသည်။

 

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှ တအောင်း နှင့် ကိုးကန့်တို့သည် ရှမ်းပြည်မြောက်ပိုင်းအား သိမ်းပိုက်ရန် ရည်ရွယ် လုပ်ဆောင်နေခြင်း ဖြစ်သည်ဟု ဆိုကာ ရှမ်း လူထု နှင့် ရန်တိုက်ပေးရန် ကြိုးပမ်းလာခဲ့သည်။

 

ယခင်က ကြက်ပျံ မကျ စည်းကားခဲ့သော တောင်ကြီး တန်ဆောင်တိုင် မီးပုံပျံ လွှတ်ပွဲ သည်လည်း ယခုအခါ လာရောက်သူ လွန်စွာ နည်းပါးပြီးအမှတ်ပေးဒိုင်များ၊ စောင့်ကြပ်နေကြသော စစ်သားများ၊ ‌ဖျော်ဖြေရေး အဖွဲ့များ သာ တွေ့ရသည်ဟု AFP သတင်းအား ကိုးကားပြီး စင်္ကာပူ စထရိတ်တိုင်း သတင်းစာတွင် ရေးသားထားသည်။

 

နိဝင်ဘာ ၂၁ ရက်တွင် တရုတ် နိုင်ငံခြားရေး ဝန်ကြီးဌာန အာရှရေးရာရုံး ညွှန်ကြားရေး မှုးချုပ် လျု ဂျင်ဆောင် သည် စစ်ကောင်စီ၏ ဘီဂျင်း သံအမတ် ဆိုသူ တင်မောင်ဆွေ နှင့် တွေ့ဆုံခဲ့သည်ဟု သိရသည်။

 

လက်ရှိ မြန်မာပြည်တွင် ပြင်းထန်လာနေသော တိုက်ပွဲ သတင်းများကို တရုတ် မီဒီယာများက ဖေါ်ပြခြင်း မရှိပဲ ရေငုံနှုတ်ပိတ်လျက် ရှိနေဆဲပင် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ပုံတွင် ရှမ်းမြောက်‌ဒေသ အတွင်း ကင်းလှည့်နေသော TNLA တပ်ဖွဲ့ဝင်များကို တွေ့နိုင်သည် - AFP)