ဒေါ်ဇင်မာအောင်၏ ဂျပန် ခရီးစဉ်

by Hla Soewai - Nov 26 2023

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်သည် ဥရောပ ခရီးစဉ် မှ အပြန် ဂျပန် နိုင်ငံသို့ ဝင်ရောက်လာပြီး ဂျပန် ဥပ‌ဒေပြု အမတ်များ နှင့် တွေ့ဆုံ ဆွေးနွေးခဲ့သည်ဟု မိုင်နိချိ သတင်းစာ တွင် ဖေါ်ပြထားသည်။

 

အဆိုပါ တွေ့ဆုံပွဲတွင် ဒေါ် ဇင်မာအောင်မှ မိန့်ခွန်းပြောကြားရာတွင် စစ်အာဏာသိမ်း အဖွဲ့ မှ တိုင်းပြည်အား ရက်စက်ကြမ်းကြုပ်စွာ အုပ်ချုပ်နေမှု အား အဆုံးသတ်ရန် ဂျပန် အနေဖြင့် အာဆီယံ နှင့် အတူ လက်တွဲကာ နိုင်ငံရေး နှင့် စီးပွားရေး အရ ဖိအားပေးရန် တိုက်တွန်းသွားခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ အကြီးမားဆုံး စိမ်ခေါ်မှု နှင့် ရင်ဆိုင်နေရချိန်တွင် ဒေါ်ဇင်မာအောင်သည် ဂျပန် ဥပဒေပြု အမတ်များ နှင့် ချိန်ကိုက်တွေ့ဆုံနိုင်ခဲ့ခြင်းလည်း ဖြစ်ပြီး ဒေါ်ဇင်မာအောင်မှ မြန်မာပြည်သူများကို ကိုယ်စားပြုနေသည့် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် သံတမန်ဆက်ဆံရေး ထူထောင်ရန် လည်း ထည့်သွင်း ပြောဆိုသွားခဲ့သည်။ ထို့ပြင် ဂျပန်အစိုးရ အနေဖြင့် စစ်ဘေးသင့်ပြည်သူများအားလည်း လူသားချင်း စာနာ ထောက်ထားသည့် အကူအညီများ အား မိမိတို့ ၏ NGO များ မှတဆင့် ကူညီပေးသွားရန်လည်း တိုက်တွန်းသွားခဲ့သည်။

 

ယခုအချိန်အထိ မည်သည့် အာရှ နိုင်ငံ တနိုင်ငံကမျှ စစ်ကောင်စီ အား စီးပွားရေး အရ ပစ်ဒဏ်ခတ်ခြင်း မရှိသေးသည့် အဖြစ်ကိုလည်း ထောက်ပြသွားခဲ့သည်။

 

ဒေါ်ဇင်မာအောင်သည် NUG ၏ နိုင်ငံခြားရေး ဝန်ကြီး အဖြစ် ပထမဆုံး အကြိမ် စတင်ခဲ့သော နိုဝင်ဘာ ၂၈ ရက်တွင် အဆုံးသတ်မည့် သူမ၏ ၁၂ ရက်ကြာ ခရီးစဉ် အတွင်း ယခုလို တွေ့ဆုံ ဆွေးနွေးခဲ့ခြင်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ သည် ကောလင်း မြို့တွင် အုပ်ချုပ်ရေး ကို အခိုင်အမာ တည်ဆောက်နိုင်ခဲ့ပြီး လုယက်မှုများ၊ လက်စားချေ အကြမ်းဖက်မှု များ ဖြစ်ပေါ် မလာအောင် ထိန်းသိမ်းထားနိုင် ပြီ ဖြစ်သည်။ ထို့ပြင် ကောလင်းရှိ စီဒီအမ် ဝန်ထမ်းများ အားလုံးကို ဖိတ်ခေါ်၍ မြို့နယ် အုပ်ချုပ်ရေး လုပ်ငန်းများ လည်ပတ်နိုင်ရန် စီစဉ်နေပြီ ဖြစ်သည်။

 

နိုင်ငံတကာ မှ အမျိုးသား ညီညွတ်‌ရေး အစိုးရ အဖွဲ့၏ စွမ်းဆောင်နိုင်မှု အတိုင်းအတာ ကို စောင့်ကြည့်နေကြပြီ ဖြစ်သည်။

 

အိန္ဒိယ အစိုးရမှ မြန်မာ နိုင်ငံရှိ ၎င်းတို့ နိုင်ငံသားများ အား ရန်ကုန် ရှိ သံရုံးတွင် အမြန် လာရောက်မှတ်ပုံတင်ထားကြရန် ဆော်ဩချက် ထုတ်ပြန်ခဲ့သည်၊ ယင်းသည် အရေးပေါ် လိုအပ်လာလျှင် အမြန်ဆုံး ကယ်ထုတ်နိုင်ရန် ဖြစ်ပြီး အိန္ဒိယ၏ နိုင်ငံတွင်း စစ်ရေး အခြေအနေအပေါ် မည်ကဲ့သို့ ရှုမြင်လာသည်ကို ထင်ဟပ်ပြလိုက်ခြင်းလည်း ဖြစ်ပေသည်။ အိန္ဒိယသည် ယခုအခါ ပထမဆုံး ထိုသို့ ထုတ်ပြန်သော နိုင်ငံ ဖြစ်လာခဲ့သည်။

 

အိန္ဒိယ ဖက်မှ မည်သို့သော အတွင်း သတင်းများ ရထား၍ ထိုသို့ပြုမူလာသည်ကိုကား ခန့်မှန်းဖို့ မလွယ်ကူလှပေ။

 

အိန္ဒိယ နယ်ခြားစောင့်တပ်မှ ထွက်ပြေး ဝင်ရောက်လာသော စစ်ကောင်စီ တပ်သားများကို လက်နက်များ သိမ်းယူပြီး လက်ခံသွားပြီး မြန်မာဖက်သို့ လွှဲပြောင်းပေးမည်ဟု အိန္ဒိယ အရှေ့ပိုင်း စစ်ဌာနချုပ် မှ အကြီးအကဲ ဖြစ်သော ဒုတိယ ဗိုလ်ချုပ်ကြီး ရာနာ ပရာတက် ကာလီနာ က သတင်းထောက်များ ကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

ရခိုင်ပြည်နယ် မြို့တော် စစ်တွေ အနီးရှိ ပေါက်တော မြို့အား တိုက်လေယာဉ်များ၊ စစ်ရေယာဉ်များ သုံးက ပြန်၍ သိမ်းယူထားသော ပေါက်တော မြို့အား တဖန်ပြန်လည် သိမ်းယူ နိုင်ရန် ရက္ခိုင့် တပ်တော် မှ အပြင်းအထန် တိုက်ခိုက်လျှက် ရှိနေသည်။ အကြမ်းဖက် စစ်တပ်သည် လူသားဒိုင်း အဖြစ် မြို့တွင်းမှ ခုခံရန် ဖမ်းဆီး ခံထားရသည့် လူ ၁၁၈ ဦးအားလည်း ကယ်ထုတ်နိုင်ခဲ့ပြီဟုလည်း သိရသည်။

 

ကိုးကန့်ဒေသ မြောက်ပိုင်းရှိ စစ်စခန်း သုံးခုအား မဟာမိတ် တပ်များက သိမ်းယူနိုင်ခဲ့ရာ လက်နက်ကြီး များ အပါအဝင် လက်နက်မျိုးစုံ အများအပြား ရရှိသွားခဲ့ပြန်သည်။ (ပုံတွင် သိမ်းဆည်းရမိသော ဟောင်ဝစ်ဇာ အမြှောက်ကြီးအား တွေ့နိုင်သည်)

 

ယခုအချိန်အထိ စစ်စခန်း ပေါင်း ၁၆၁ ခု နှင့် မြို့ပေါင်း ကိုးမြို့အား မဟာမိတ်တပ်များက သိမ်းယူထားခဲ့ပြီး ဖြစ်သည်။ မင်းအောင်လှိုင်သည် တန်ပြန် ထိုးစစ်ကြီး ဆင်နွှဲမည်ဟု ကြွေးကြော်နေသော်ငြားလည်း ယခုအချိန်အထိ စခန်း တခုတလေကိုမျှ ပြန်လည် သိမ်းယူနိုင်ခြင်း မရှိသေးပေ။

 

ချင်းပြည်နယ်တွင်လည်း မြို့တွင်း မှ အပ ကျန်သည့် ဒေသများကို စစ်ကောင်စီသည် ထိန်းချုပ်ထားနိုင်ခြင်း မရှိတော့ဟု ချင်းအမျိုးသား တပ်ဦး ပြောခွင့်ရ ဆလိုင်း ထက်နီ မှ The Diplomat စာစောင်နှင့် တွေ့ဆုံ မေးမြန်းခန်း တွင် ပြောဆိုသွားခဲ့သည်။ 

 

မိမိတို့ မဟာမိတ်တပ်များ အတူလက်တွဲ တိုက်ခိုက်လာသည့် အတွက် ချင်းပြည်နယ် အတွင်း ထရပ်ကား အစီးရေ ၈၅ စီး ဖြင့် စစ်ကူ လွှတ်လိုက်သော တပ်များကို အခြားဒေသများသို့ စေလွှတ်နိုင်ရန် ရဟတ်ယာဉ်များ ဖြင့် ပြန်ခေါ်ထုတ်သွားကြသည်ဟု လည်း ပြောသွားခဲ့သည်။

 

စစ်ကောင်စီ တပ်သားများသည် ယခုအခါ ထားရာနေ စေရာသွား ဘဝ ဖြင့် လာဘ်စားဖို့ နှင့် ပြည်သူကို ဖိနှိပ်ရန်သာ သင်ကြားတတ်မြောက်ခဲ့သော စစ်တက္ကသိုလ် ကျောင်းဆင်း များ၏ အမိန့် ကို နာခံနေကြရပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် အပတ်အတွင်း နမ်းခမ်း မြို့နယ်အနီး စခန်းသိမ်း တိုက်ပွဲ တခု တွင် စစ်တပ်မှ အဆိပ်ဓါတ်ငွေ့များ ဖြင့် တိုက်ခိုက်ခဲ့သည်ဟု TNLA မှ ထုတ်ဖေါ်ပြောဆိုခဲ့သည်၊ ထိုဖြစ်စဉ်အား နိုင်ငံတကာမှ သိရှိရန် သတင်းထောက်များကို ခေါ်ယူ ပြသ ဖို့ လိုအပ်လာသည်။ စစ်ကောင်စီ မှ ထိုသို့ ပြောဆိုချက်အား ငြင်းဆိုခဲ့သည်။

 

လွိုင်ကော် တက္ကသိုလ် ကျောင်းဝင်း အတွင်းမှ လက်နက်ချ ထွက်လာခဲ့သော စစ်ကောင်စီ တပ်သားများ၏ ဗီဒီယို ဖိုင်အား CNN သတင်းဌာနမှ ထုတ်လွှင့်ပြသ လာခဲ့သည်။

 

လက်ရှိ မဟာမိတ်များ၏ ၁၀၂၇ စစ်ဆင်ရေးကြောင့် စစ်ရေး အတွေ့အကြုံ ကြွယ်ဝ လှပါသည် ဆိုသော မြန်မာ စစ်တပ် အဖို့ ကမ္ဘာ အလယ်တွင် အကြီးအကျယ် သိက္ခာ ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။ ယခင်က မည်သို့မျှ အနိုင်ရဖွယ် မရှိ ဟု ယူဆထားသော စစ်ကောင်စီ တပ်များ ယခုအခါ လျှော်မွေးသာသာ လောက်သာ ရှိတော့ပြီး တရက်ပြီး တရက် အရှုံး နှင့် ရင်ဆိုင်နေရပြီ ဆိုသည့် သတင်းအား တနိုင်ငံလုံးက လက်ခုပ်လက်ဝါးတီး ကြိုဆိုလာခဲ့ကြသည် အဖြစ်အားလည်း တကမ္ဘာလုံးက သတိမပြုမိပဲ နေကြမည် မဟုတ်ပေ။

 

မဟာမိတ်များ သိမ်းယူထားသော နယ်မြေများကို အသာတကြည် ပြန်ရလို ရငြား ပေါက်ဖေါ်ကြီးအား စိတ်ကောက်ခြင်ယောင်ပင် ဆောင်လာကြသည်။

 

လေကြောင်း နှင့် လက်နက်ကြီး ပစ်ကူ ကိုသာ အဓိက အားပြုနေရသော မင်းအောင်လှိုင်၏ စစ်တပ်သည် စစ်စရိတ်များ ဒလဟော သွန် အသုံးပြုလာရ၍ မည်မျှ အထိ တောင့်ခံနိုင်မည်လဲ ဆိုသည်ကို စောင့်ကြည့်နေကြပြီလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!