တရုတ်ဖက် လှည့်ပြီ

by Hla Soewai - Nov 26 2023

စစ်ရေး အရ အရေးနိမ့်လာပြီး တုန်လှုပ် ခြောက်ခြားလာသော စစ်အာဏာသိမ်း အဖွဲ့သည် ၎င်း၏ နောက်လိုက် နောက်ပါ များ ဖြစ်သော “မျိုးချစ်” ဆိုသူများ အား စုရုံးကာ ယမန်နေ့က ရန်ကုန် မြို့တော် ခမ်းမ နှင့် တရုတ် သံရုံး ရှေ့တွင် တော်လှန်ရေး တပ်ဖွဲ့များအား လက်နက် ရောင်းချ နေသည်ဟု စွပ်စွဲကာ ကန့်ကွက် ဆန္ဒမှုများ ပြုလုပ်လာခဲ့သည်။

 

ယင်းသည် ပထမဆုံး အကြိမ် အဖြစ် တရုတ် အား နာမည် တပ်ကာ ကန့်ကွက်လာခြင်း ဖြစ်သည်၊ ထိုသို့ ပြုလုပ်လာခြင်း ကြောင့် ယခင် ၁၉၆၀ ကျော် နှစ်များ အတွင်း “ပီကင်း အသံ ဆန့်ကျင်ရေး” ဆန္ဒပြပွဲများ နိုင်ငံ အနှံ့ ပြုလုပ်လာကြပြီး တရုတ်-မြန်မာ လူမျိုး ရေး အဓိကရုဏ်းကြီး အဖြစ် ဦးတည်သွားကြသည်ကို ပြန်ပြောင်း သတိရစရာ ဖြစ်လာကြပေမည်။

 

ထိုသို့ စုရုံးရောက်ရှိလာသူများသည် ယခင်က စစ်အာဏာသိမ်းရန် ထောက်ခံဆန္ဒပြခဲ့သူများလည်း ဖြစ်သည်ကိုလည်း အမှတ်ရကြဦးမည် ဖြစ်သည်။

 

ယခု အခါ စစ်တပ် ထိန်းချုပ်ထားသော မီဒီယာ များ မှ လည်း ၁၀၂၇ စစ်ဆင်ရေး အား ထောက်ခံမှု ပေးနေသည်ဟု လက်ညိုးထိုး ပြောဆိုလာကြပြီ ဖြစ်သည်။

 

ထိုဆန္ဒပြပွဲများ ဖြစ်ပေါ်လာရခြင်းသည်ပင် စစ်တပ်သည် ၎င်းတို့ အရှုံး ကြောင့် ကြံရာမရ ဖြစ်လာသည်ကို ဝန်ခံရာလည်း ရောက်သွားခဲ့ပေသည်။ အဓိက အား ဖြင့် တရုတ် လုပ် ဒရုန်းများ တွင်ကျယ်စွာ အသုံးပြု လာနေသည့် အဖြစ် ကို စစ်ကောင်စီ မှ အထူး စိုးရိမ်လာနေပြီး ပြီးခဲ့သည့် အရေးပေါ် အစည်းအဝေး တွင်လည်း မင်းအောင်လှိုင် ကိုယ်တိုင် ထုတ်ဖေါ်ဝန်ခံခဲ့ပြီး ဖြစ်သည်။

 

မိမိတို့ တော်လှန်ရေး မဟာမိတ်များ အနေဖြင့် ထိုသို့ ပြောင်းလဲလာနေသော အနေအထားကို ကျွမ်းကျင် လိမ္မာစွာ ကိုင်တွယ် အသုံးချ သွားဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ တွင်လည်း အနေအထား များ ပြောင်းလဲ လာနိုင်သည့် အချိန်ကောင်းလည်း ဖြစ်လာနေသည်။

 

နိုဝင်ဘာ ၁၅ ရက်နေ့တွင် တရုတ် သံရုံး မှ ၎င်းတို့၏ နယ်ခြားဒေသ လုံခြုံရေး အတွက် လက်တွေ့ကျပြီး ထိရောက်သည့် အရေးယူမှုများ ပြုလုပ်ရန် တောင်းဆိုချက် ထုတ်ပြန်ခဲ့သည်ဟု သိရသည်။

 

စစ်ကောင်စီမှ တရုတ်အား ထိုသို့ ပွင့်ပွင့်လင်းလင်း တိုက်ခိုက်လာခြင်းကြောင့် တရုတ် အစိုးရ မှ နိုင်ငံတွင်းရှိ ၎င်းတို့၏ ရင်းနှီးမြုပ်နှံမှုများ အား စိုးရိမ်တကြီး ဖြစ်လာကာ သဘောထား ပြောင်းလဲလာမည်ဟု ရည်ရွယ် လှုပ်ရှားလာခြင်းလည်း ဖြစ်သည်။

 

ထိုသို့ ၎င်းတို့ဖက်က ဖြစ်လာရခြင်းမှာလည်း သဘာဝ ကျပေသည်။ 

 

၁၀၂၇ စစ်ဆင်ရေး စတင်လာခဲ့ချိန်မှစ၍ နိုင်ငံတဝှမ်း တိုက်ပွဲများ ပြင်းထန်လာပြီး ရှမ်းပြည် မြောက်ပိုင်းတွင် မဟာမိတ် ညီနောင်များ လက်သို့ စစ်စခန်းပေါင်း ၁၅၀ ကျော် ဆုံးရှုံးသွားခဲ့ပြီ ဖြစ်သည်။ 

 

၎င်းတို့ အတွက် ဒေါ်လာ ဘီလီယံ ချီပြီး ရနေသော တရုတ်-မြန်မာ ကုန်သွယ်ရေး လမ်းကြောင်းအား ဖြတ်တောက်ခံခဲ့ရခြင်း၊ ကိုးကန့်ဒေသတွင် မြို့တော် လောက်ကိုင်မှ လွဲ၍ ဒေသတခုလုံးနီးပါး လက်လွှတ်လိုက်ရခြင်း၊ ကွမ်းလုံ အသိမ်းခံလိုက်ရခြင်း၊ လားရှိုးအား ခြိမ်းခြောက်ခံလာရပြီး လွိုင်ကော် ကဲ့သို့ ပြည်နယ် မြို့တော် ကျလုကျခင် ဖြစ်လာနေခြင်း တို့ကြောင့် နိုင်ငံအနှံ့ တပ်များမှ ရနိုင်သမျှ အင်အား များ ထုတ်နှုတ်ကာ စစ်ကူများ စေလွှတ်နေရခြင်း များ ရင်ဆိုင်လာနေရ၍လည်း ဖြစ်သည်။

 

စစ်ကိုင်း တိုင်း၊ မကွေးတိုင်း နှင့် ရခိုင် ပြည်နယ် များ တွင်လည်း တော်လှန်ရေး မဟာမိတ်များ၏ ပြင်းထန်သော ထိုးစစ် ဖြင့် ရှေ့သို့ တရွေ့ရွေ့ ချီတက်လာနေသည်။

 

မန္တလေး တိုင်း တွင်လည်း “တောင်သမန်” စစ်ဆင်ရေး ဆင်နွှဲလာပြီး လက်ရှိတွင် မတ္တရာ မြို့ခံ လူထု အား မြို့မှ ထွက်ခွာကြရန် တော်လှန်ရေး မဟာမိတ် အဖွဲ့မှ သတိပေးချက် ထုတ်ပြန်လာခဲ့သည်။ မတ္တရာ နှင့် စဉ့်ကူ မြို့နယ်များ တွင် တိုက်ပွဲများ ပြင်းထန်လာနေပြီး စစ်ကောင်စီမှ လေကြောင်းမှ တိုက်ခိုက်လာနေသည်ဟု သိရသည်။

 

ယခုအခါ ဆုတ်ခွာပေးလိုက်ရသော စစ်စခန်းများ မှ စစ်အင်အား များကို စုစည်းပြီး နေပြည်တော်သို့ ရောက်လာနိုင်သည့် ပဲခူးရိုးမ၊ နှင့် ရှမ်းရိုးမ ဒေသများရှိ လမ်းကြောင်းကို အခိုင်အမာ ကာကွယ်နိုင်ရန် ပြင်ဆင်လျှက် ရှိနေသည်ဟု သိရသည်။

 

စစ်ခေါင်းဆောင်များသည် ၎င်းတို့ လုံခြုံရေး အတွက် နောက်ဆုံး အခြေအနေမဟန်၍ လေယာဉ်ပေါ် တက် ထွက်ပြေး ရမည့် အချိန်အထိ အသေခံ ကာကွယ် ခိုင်းဦးမည်လည်း ဖြစ်သည်။

 

ထို့အတွက် ကြောင့်လည်း ဒုသမ္မတ မြင့်ဆွေ၏ နိုင်ငံ ပြိုကွဲတော့မည် ဟူသော ခြောက်လုံးသည် အောက်ခြေစစ်သည်များအား စစ်ဗိုလ်ချုပ် များ နှင့် မိသားစုများအား ကာကွယ်ပေးနေခြင်း မဟုတ်ပဲ၊ နိုင်ငံ ပြိုကွဲမည့် အရေး ကာကွယ်နေရခြင်းဟု ဝါဒဖြန့် ရိုက်သွင်းလာခြင်းလည်း ဖြစ်သည်။

 

နောက်ဆုံးပေါ် တိုက်လေယာဉ်များ၊ လက်နက်ကြီး များ ဖြင့် ထင်ရာစိုင်း ခွင့် ရနေပါလျှက် ၎င်းတို့ အရေးနိမ့်လာနေမှုသည် မိမိ၏ တိုက်ခိုက်ရေး စွမ်းရည် မည်မျှ အထိ ကျဆင်းလာနေသည်ကို ဝန်ခံ ခြင်း အလျှင်းမရှိပဲ တရုတ်မှ လက်နက် များ ရောင်း၍ ဖြစ်ရသည်ဟု လက်ညိုးထိုး စွပ်စွဲလာခြင်း မှာလည်း ရှက်ဖွယ်လိလိ ပင်။

 

စစ်ကောင်စီ မှ ထိုသို့ တရုတ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများ စီစဉ်လာခြင်းသည် အသေအချာ အကျအန စဉ်းစားပြီး မလုပ်မဖြစ်၍ လုပ်ရခြင်းမျိုး ဖြစ်ပြီး လူထု အကြား ၎င်းတို့၏ အရှုံးကို သိက္ခာ ပြန်ဆယ်လို၍ လည်း ဖြစ်သည်။

 

မည်သို့ပင် ဆိုစေ တရုတ်သည် မင်းအောင်လှိူင်၏ အရှုံးများ အတွက် နောက်ဆုံး ဓါးစာခံ ဖြစ်သွားခဲ့ရပေသည်။

 

ထိုကိစ္စ အပေါ် တရုတ်မှ မည်သို့ တုန့်ပြန်လာမည်ကို စောင့်ကြည့်ရဦးမည် ဖြစ်ပြီး ပြည်သူများကလည်း အခြေအနေကို မျက်ခြေမပြတ် သတိရှိရှိ ဖြင့် နေသွားကြဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!