တင်းခံ မနေသင့်တော့

by Hla Soewai - Nov 26 2023

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် စတင်ခဲ့သော ၁၀၂၇ စစ်ဆင်ရေးသည် နိုင်ငံလုံးအဆင့် စစ်ဆင်ရေး၏ ပထမအဆင့် အဖြစ် ပြောင်းလဲသွားပြီဖြစ်ကြောင်းမြောက်ပိုင်းမဟာမိတ် ညီနောင် ၃ ဖွဲ့က ကြေညာသည်။ 

 

ထိုစစ်ဆင်ရေးသည် နိုင်ငံ အတွက် ကြီးမားသော အလှည့်အပြောင်းကြီး ဖြစ်လာလိမ့်မည် ဆိုသည်ကို နိုင်ငံတကာရှိ လေ့လာစောင့်ကြည့်သူများက တညီတညွတ် တည်း လက်ခံထားကြပြီး ဖြစ်သည်။ စစ်တပ်သည် ပြီးခဲ့သည့် နှစ်ပေါင်း ငါးဆယ် အတွင်း အဆိုးဝါးဆုံး အခြေအနေများ နှင့် ရင်ဆိုင်နေရပြီ ဆိုသည်ကိုလည်း သတိပြုမိလာကြသည်။

 

၎င်းတို့ ရေးသားထားချက်များ တွင် တော်လှန်ရေး တပ်ဖွဲ့များ သွေးမကွဲပဲ တက်ညီလက်ညီ အရှိန်အဟုန် မြှင်တင် တိုက်ခိုက်သွားရန် လိုသည်ဟု တိုက်တွန်းထားကြသည်။

 

အိန္ဒိယ သတင်းစာများကလည်း စစ်ကောင်စီ နှင့် ဆက်ဆံရေး ကို ပြန်လည် သုံးသပ်သင့်ပြီဟု ၎င်းတို့ အစိုးရ အား တိုက်တွန်းရေးသားလာကြပြီ ဖြစ်သည်။

 

စစ်ခေါင်းဆောင်များ၏ အနေအထားသည် ပုံပါအတိုင်း ဒပ်ခ်ျ ချာတိတ်ကလေး မှ ကျိုးပေါက်လာ‌နေသော ရေကာတာကြီးအား သူ၏ လက်ချောင်းများဖြင့် ပိတ်ဆို့နေသည် နှင့် အလားသဏ္ဍန် တူနေပေတော့သည်။

 

 War on the Rocks အွန်လိုင်း ဂျာနယ် မှ ရေးသားထားရာ တွင် စစ်တပ်သည် လူထု ထောက်ခံမှု မရှိခြင်း၊ ပြည်သူများ အား ရန်သူလို ရက်စက်စွာ ဆက်ဆံခဲ့ခြင်း၊ ဗျုဟာပိုင်း ညံ့ဖျင်းလှခြင်း အစရှိသည်တို့ကြောင့် တိုက်ပွဲ ဖြစ်ပွားရာ နေရာများ၊ အနီးအနားရှိ လူနေဒေသများ ကို လက်နက်ကြီးများ၊ လေကြောင်းပစ်ကူများ ဖြင့်သာ ရှေ့မတိုးနိုင်အောင် ဟန့်တားနေရပြီ ဖြစ်သည်။ သို့သော် လေကြောင်းပစ်ကူအားလည်း တိုက်ပွဲ ဖြစ်ပွားရာ နေရာတိုင်းမှ ဆင့်ခေါ်နေ၍ မနိုင်ရင်ကာ ဖြစ်လာနေသည်။

 

တဖက်တွင်လည်း ၎င်းတို့အား အခွင့်သာလျှင် ဆန့်ကျင်လာမည့် တနိုင်ငံလုံးရှိ ၅၃ သန်းသော လူထုကို စောင့်ကြည့် နေကြရပြန်သည်။

 

ယင်းနှင့် အတူ စစ်စရိတ်များ ထောင်းလာနေပြီ ဖြစ်၍ ဘဏ်များမှ ‌ငွေ ထုတ်ယူမှုများကို ကန့်သတ်လာနေရပြီ ဖြစ်သည်။

 

၎င်းတို့၏ တခုတည်းသော အားကိုးရာ အဖြစ် တစိုက်မတ်မတ် ကျင့်သုံးလာသည့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အမျိုးသား ညီညွတ်ရေး အစိုးရ တို့ ပေါင်းစည်း မသွားရေး၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ ညီညွတ်မလာရေး ဆိုသည့် သွေးခွဲ အုပ်ချုပ်ရေး နည်းဗျုဟာ သည် လုံးဝ ကျဆုံးသွားခဲ့ရပြီ ဖြစ်သည်။

 

မဟာမိတ် ညီနောင်များ အဖွဲ့မှ ထိုးစစ်ကြီး အတွက် စနစ်တကျ ပြင်ဆင်နေချိနိတွင် နေပြည်တော်တွင်တော့ မင်းအောင်လှိုင်၏ အမိန့်ဖြင့် ဆန်၊ စက်သုံးဆီ၊ စားသုံးဆီများ အဆမတန် ဈေးတက်လာမှု အား စုံစမ်းစစ်ဆေးပြီး လူဖမ်းပွဲကြီး ပြုလုပ်ရန် အလုပ်များနေကြသည်ဟု ‌ဟောင်ကောင် သတင်းစာ South China morning Post တွင် အကျယ်တဝင့် ရေးသားထားသည်။

 

ထိုသို့ မဖြစ်မနေ လုပ်လာရခြင်းမှာလည်း စစ်ကောင်စီ အတွင်း တင်းမာမှု များ မြင့်တက်လာနေခြင်းကြောင့် ဖြစ်သည်ဟု ဆိုသည်။ ယင်း၏ ရလဒ် အဖြစ် မင်းအောင်လှိုင်၏ အနေအထားသည် ပို၍ အားနည်းလာနေပြီ ဖြစ်သည်ဟု ဆောင်းပါးတွင် ရေးသားထားသည်။

 

ကြည်းရေလေ ပူးတွဲ စစ်ဦးစီးချုပ် မောင်မောင်အေး နှင့် ထောက်လှမ်းရေး အကြီးအကဲ ရဲဝင်းဦး တို့ က အုပ်စု ဖွဲ့လာနေသည်ဟု လည်း ပါရှိသည်။ မင်းအောင်လှိုင်၏ အနီးကပ် တပည့်တပန်းများ၏ ကံကြမ္မာသည် ယခု အခါ ထိုနှစ်‌‌ယောက်၏ လက်ဝယ်တွင် ရှိနေပြီ ဖြစ်သည်ဟု ဆိုသည်။

 

ထိုသို့ အကြောင်းများကို ဒေသတွင်းရှိ အထင်ကရ သတင်းစာကြီးတွင် အသေးစိတ် ပါရှိလာ၍ ၎င်းတို့၏ ဂုဏ်သိက္ခာများ ကုန်းကောက်စရာ မကျန်တော့အောင် ကျဆင်းသွားခဲ့ရပြီ ဖြစ်သည်။

 

အကြမ်းဖက် စစ်တပ်သည် စစ်ပွဲများတွင် လိုက်နာရမည့် နိုင်ငံတကာ စည်းမျဉ်းများကို ပြောင်ပြောင်တင်းတင်း ချိုးဖောက်လာနေပြီး မြို့သိမ်း တိုက်ပွဲ များ အရှိန်အဟုန် ရပ်တန့်သွားစေရန် စံပြ အဖြစ် ရခိုင်ပြည်နယ် ပေါက်တော မြို့အား ရေကြောင်း၊ လေကြောင်း မှ အပြင်းအထန် ပစ်ခတ် တိုက်ခိုက်နေသည်၊ ၎င်းတို့တပ်သားများသည် မြို့တွင်းသို့ ဝင်ရောက်လာပြီး မဲမဲမြင်ရာ အရပ်သား များကို ပစ်ခတ် သတ်ဖြတ်ခဲ့၍ အများအပြား သေဆုံးခဲ့သည်ဟု သတင်းများ က ဆိုသည်။

 

ကရင်နီ တော်လှန်ရေး အင်အားစု များက ယခုအခါ လွိုင်ကော် တက္ကသိုလ် နှင့် ခရိုင်တရားရုံးများတွင် တပ်စွဲထားသော အာဏာသိမ်း အဖွဲ့ သစ္စာခံ တပ်များကို အပြီးအပိုင် မောင်းထုတ် နိုင်ခဲ့ပြီ ဖြစ်သည်။ သို့သော် မြိုပြင် ဂိတ်များကို ၎င်းတို့မှ ထိန်းချုပ်ထားနိုင်နေဆဲ ဖြစ်၍ မြို့ကို စွန့်ခွာ ထွက်ပြေးလာသူများအား ဖြတ်သန်းခွင့် မပြုပဲ ပိတ်ဆို့ထားသည်ဟု သိရသည်၊ တဖက်တွင်လည်း ၎င်းတို့ မှ မစားရ အမဲ သဲနှင့်ပက်မည် ဆိုကာ မြို့ကို ဗုံးကြဲ တိုက်ခိုက်လာမည်ကို စိုးရိမ်နေကြသည်ဟု သတင်းများက ဆိုသည်။

 

စစ်ကောင်စီ သည် ဗိုလ်ချုပ် ပြောသလို ဘောပွဲတွင် မနိုင်လျှင် လူချ ဆိုသကဲ့သို့ စစ်အင်အားကို အလွန်အကျွံ အသုံးချလာမှု သည် ၎င်းတို့ ကျဆုံးခန်းသို့ အလျင်အမြန် ဦးတည်လာနေခြင်းသာ ဖြစ်သည်။

 

စစ်ကောင်စီ သည် မည်သို့မျှ မြေပြင်ထိုးစစ်ကို ဆင်နွဲ နိုင်ခြင်း မရှိတော့ပဲ တိုက်တိုင်း စခန်းစွန့်ခွာသူများ၊ လက်နက်ချသူများ ဒင်းကြမ်း ပြည့်လာနေပေသည်။

 

ဤနေရာတွင် လက်နက်ချသူများအား လူ့ဂုဏ်သိက္ခာ နှင့် အညီ ဆက်ဆံပြနိုင်မှသာ ထပ်မံ ဝင်ရောက်လာချင်သူများကို အားပေးရာလည်း ရောက်မည် ဆိုသည်ကို သတိချပ်ရမည် ဖြစ်သည်။ 

 

ဂျီနီဗာ အခြေစိုက် ကုလ လူ့အခွင့် အရေး ရုံးချုပ်မှ ဖမ်းမိသည့် စစ်ကောင်စီ တပ်သားများကို လူဂုဏ်သိက္ခာ နှင့်အညီ ဆက်ဆံ‌ ပေးရန် တိုက်တွန်း‌ ကြောင်း ပြောခွင့်ရ ဂျရယ်မီ လောရင့်စ်မှ သတင်းထောက်များကို ပြောကြားခဲ့သည်။

 

 မလိုအပ်သေးပဲ မိမိတို့ အကြား အငြင်းပွားစေနိုင်မည့် နိုင်ငံရေး ကိစ္စများ ဆွေးနွေးခြင်းဖြင့် အာရုံ မစောကြဖို့လည်း လိုပေသည်။ ထိုကဲ့သို့ အပြုအမူ မျိူးသည် ဗိုလ်ချုပ် ပြောသလို ပန်းတိုင် မရောက်ခင် တက်ထောင် သလိုမျိုး ဖြစ်နေပေမည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ နွေဦး ဘဏ် စုစုပေါင်း တန်ကြေး ၏ ဆယ်ရာခိုင်နှုန်း နှင့် ညီမျှသော ဒေါ်လာ ဆယ်သန်း ဖိုး နှင့် ညီမျှသော ရှယ်ယာ များ အား တော်လှန်ရေး အတွက် အရေးပေါ် လိုအပ်ချက်များ ဖြည့်ဆည်းရန် အတွက် ရောင်းချလာပြီ ဖြစ်သည်။ လက်ရှိတွင် ‌ဒေါ်လာ သုံးသန်း ဖိုးခန့် ရောင်းချထားပြီး ဝယ်ယူသူ အများစု သည် နိုင်ငံတွင်းမှ ဖြစ်နေသည်ကို အံဩဖွယ် တွေ့လာရသည်။

 

နွေဦး ဘဏ်တွင် ယခုအခါ ငွေသွင်းငွေထုတ် လုပ်သူ ၄၄,၀၀၀ ခန့် ရှိနေသည်ဟု သိရသည်။

 

အကြမ်းဖက်စစ်ကောင်စီလက်အောက်ခံ ပြည်ထဲရေးဝန်ကြီးဌာနလက်အောက်ရှိ Non-CDM ဝန်ထမ်း များအားလုံး NUG လက်အောက်ခံ သက်ဆိုင်ရာ မြို့နယ်အုပ်ချုပ်ရေးမှူးများထံ စာရွက်စာတမ်းများ စနစ်တကျလွှဲပြောင်း အပ်နှံပြီး အလင်းဝင်ရောက်ကြရန် NUG အစိုးရ၊ ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်က အမိန့်ထုတ်ပြန်သည်။ 

 

မင်းအောင်လှိုင်၏ ထိုးစစ်ကြီး ဘယ်အချိန်များ စတင်လာလေမည်လဲဟု တမျှော်မျှော် နှင့် လည်တဆန့်ဆန့် ဖြစ်နေသူများ အတွက် စစ်ကောင်စီမှ လျို့ဝှက် ညွှန်ကြားစာ ထွက်လာခဲ့ပြီ ဖြစ်သည်။

 

ထိုစာတွင် ထိုးစစ် အကြောင်း တလုံးတပါဒမျှ မပါပဲ နေပြည်တော်ကို တိုက်ခိုက်လာနိုင်သည့် အတွက် ဌာနဆိုင်ရာ ဝန်ထမ်းများ ပါဝင်သော လုံခြုံရေး တပ်ခွဲများ နှစ်ရက် အတွင်း ဖွဲ့စည်းထားရန် ညွှန်ကြားသည်ဟု ပါရှိလာပေသည်။

 

ထိုသို့ ဖွဲ့စည်းထားသော ဝန်ထမ်းများသည် ဌာနကို နောက်ဆုံးမှ စွန့်ခွာ၍ အရေးကြီးသော စာရွက်စာတမ်းများ မီးရှို့ပစ်ရန် တာဝန်ပေးလာခြင်းသာ ဖြစ်မည်ဟု ယူဆရပေသည်။

 

နိုဝင်ဘာ ၁၇ ရက်နေ့ ညပိုင်းမှစတင်ပြီး တောင်ငူရှိ ခလရ ၃၉ တပ်ရင်း ဌာနချုပ်ကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်သဖြင့် တိုက်ပွဲပြင်းထန်နေပြီး စစ်တပ်က ရဟတ်ယာဉ်များဖြင့် လေကြောင်းမှ တိုက်ခိုက်လျက် ရှိပြီး အခြေအနေ ဆိုးဝါးနေသည်ဟု သတင်းများက ဆိုသည်။

 

မင်းအောင်လှိုင် သည် နိုင်လာနိုး နိုး နှင့် တင်းခံနေခြင်း သာ ဖြစ်ပြီး တကယ်တမ်းတွင် သူ့အတွက်အတွင်းအပြင်အန္တရာယ်များ ဝိုင်းနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!