မြန်မာ စစ်တပ် မီးဇာကုန် ဆီခမ်းလာပြီ ဖြစ်၍ နိုင်ငံတကာမှ ကြိုတင်ပြင်ဆင်မှုများ လုပ်သင့်နေပြီ

by Hla Soewai - Nov 26 2023

ဗြိတိန် အခြေစိုက် ကမ္ဘာရေးရာများကို လေ့လာတင်ပြနေသော The Conversation အဖွဲ့မှ Myanmar’s military junta appears to be in terminal decline ဟူ သော ခေါင်းစဉ် ဖြင့် ယခုလို ရေးသား လာခဲ့သည်။

 

စစ်အာဏာသိမ်း အဖွဲ့ ၏ ယာယီ သမ္မတ ဆိုသူ မြင့်ဆွေမှ ၎င်း၏ လက်နက်ကိုင် တပ်များ သည် နယ်မြေ အမြောက်အမြား လက်လွှတ်ဆုံးရှုံးသွားခဲ့ရ ပြီးနောက်တွင် နိုင်ငံသည် အစိတ်စိတ် အမွှာမွှာ ပြိုကွဲသွားနိုင်သည်ဟု သတိပေးလာခဲ့သည်။ ထို့အတွက် မြန်မာပြည်သူများမှ ၎င်း၏ တပ်များကို ထောက်ခံမှု ပေးကြပါရန် ပန်ကြားလာခဲ့သည်။ ၎င်း၏ ပန်ကြားချက်အား ပြည်သူများက မကြားခြင်ယောင် ဆောင်နေကြဦးမည်သာ ဖြစ်သည်။

 

စစ်တပ် မှ နယ်မြေ အမြောက်အမြား လက်လွှတ်ခဲ့ရမှု အပေါ် စိုးရိမ်ကြောင့်ကြ လာနေသော်လည်း ၅၅ သန်းသော မြန်မာ ပြည်သူများကမူ ထိုအရေး အပေါ် အကြီးအကျယ် အောင်ပွဲခံ မြူးတူးနေကြပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့သည် လူထု၏ စိတ်ခံစားချက်ကို ယခုအခါလည်း နားလည်သေးပုံမရပေ။ ၂၀၂၁ ဖေဖေါ်ဝါရီ အာဏာသိမ်း ပွဲ အပြီး နိုင်ငံတဝှမ်း ဒေါသတကြီး ဖြင့် ဆူပူ ကန့်ကွက်လာသည်ကို မြင်ရ၍ အံ့အားတသင့် ဖြစ်ခဲ့ရကြောင်း မင်းအောင်လှိုင် ကိုယ်တိုင် ပြောဆိုခဲ့ပြီး ဖြစ်သည်။

 

ထိုသို့ ဆန့်ကျင် ကန့်ကွက်လာမှုများကို နှိမ်နှင်းရန် မဲမဲမြင်ရာ ဖမ်း‌ဆီးခြင်း၊ အကြမ်းဖက်ခြင်း ဗျုဟာကို ကျင့်သုံးလာခဲ့သည်။ နိုင်ငံ‌ ရေး အကျဉ်းသားများ အကူအညီ ပေးရေး အဖွဲ့၏ စာရင်းများအရ လက်ရှိ အချိန်တွင် အဖမ်းခံထားရသူပေါင်း ၁၉,၆၇၅ ဦး ရှိနေပြီ ဖြစ်ပြီး နေ့စဉ်လို တိုးပွားလာနေသည်ဟု ဆိုသည်။ ငြိမ်းချမ်းစွာ ဆန္ဒပြသူများ အားလည်း 

စနိုက်ပါ ဖြင့် ပစ်ခတ်ခြင်း အပါအဝင် အရှင်မထားပဲ ပစ်ရန် အထိ ပါ အမိန့်ပေးခဲ့သည်။

 

၎င်းတို့အား လက်နက်ကိုင် တော်လှန်လာမှု ကို နှိမ်နှင်းရာတွင်လည်း အနီးအနားရှိ အရပ်သား ပြည်သူများပါ ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ပြီး ဒဏ်ခတ်သည့် စနစ်ကိုပါ ကျင့်သုံးခဲ့ကြပြန်သည်။ ၎င်းတို့၏ မြေလှန် စစ်ဆင်ရေး များကြောင့် ထောင်ပေါင်းများစွာသော ပြည်သူများ အသက်ဆုံးရှုံးခဲ့ရသည့် အပြင် လူ ခုနှစ်သိန်းကျော် အိုးမဲ့အိမ်မဲ့ ဘဝ ရောက်ခဲ့ရသည်။ သို့သော် လူထု သည် ၎င်းတို့ ထင်သလို ဝပ်တွား သွားခြင်း မရှိသည့် အပြင် တနိုင်ငံလုံး အနှံ့ လက်နက်စွဲကိုင် ခုခံ တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားလာခဲ့သည်။

 

၂၀၂၁ စက်တင်ဘာလ မှစ၍ အမျိုးသား ညီညွတ်ရေး အစိုးရသည် ခုခံစစ် ဆင်နွှဲမည်ဟု ကျေညာပြီး စစ်ကောင်စီ နှင့် စီးပွားရေး ပစ်မှတ် များကို စတင် တိုက်ခိုက်လာခဲ့သည်။ NUG လက်အောက်ခံ ပြည်သူ့ကာကွယ်ရေး တပ်များသည် ၎င်းတို့အား ဆယ်စုနှစ်ပေါင်းများစွာ လက်နက်စွဲကိုင် တွန်းလှန်နေသည့် တိုင်းရင်းသား လက်နက်ကိုင်များ နှင့် အတူ လက်တွဲ တိုက်ပွဲ ဝင်လာခဲ့ကြသည်။

 

ယခုအခါ စစ်ကောင်စီ တပ်ဖွဲ့ဝင်များ အဖို့ စစ်တန်းလျှား မှ ထွက်သည့်အခါတိုင်း အန္တရာယ် နှင့် ရင်ဆိုင်နေကြရပြီ ဖြစ်သည်။ ထို့အတွက် လေကြောင်း ပစ်ကူ ကိုသာ ပို၍ အားကိုးလာနေကြရ၍ မြေပြင်တွင် စိုးမိုးထားနိုင်ရေး သည် ပို၍ ခက်ခဲလာခဲ့သည်။ စီးပွားရေး နှင့် နယ်မြေ ဆုံးရှုံးမှုများသည် တစထက် တစ များပြားလာခဲ့ရသည်။

 

စစ်တပ်အတွက် အများအမြင်တွင် တရားဝင် အုပ်ချုပ်ပိုင်ခွင့် ရှိသည်ဟု အဖြစ်ရောက်ရေးသည် နိုင်ငံကို မပြိုကွဲအောင် ထိန်းသိမ်းထားနိုင်စွမ်း ရှိမှု အပေါ် တည်မှီ‌နေ၍ ထိုသို့ နယ်မြေများ ဆုံးရှူံးနေရသည့် အဖြစ်သည် ၎င်းတို့ အတွက် လွန်စွာ အရေးကြီးလာခဲ့ရသည်။ စစ်တပ်မှ ရေးဆွဲ ပြဋ္ဌာန်းထားသည့် ၂၀၀၈ ဖွဲ့စည်းပုံတွင်လည်း နိုင်ငံ မပြိုကွဲရေး ဆိုသည့် စာသားကို အကြိမ်ပေါင်း တဒါဇင်မက ထည့်သွင်းထားခဲ့သည်။ စစ်တပ်၏ ဒို့တာဝန် အရေးသုံးပါးလည်း ဖေါ်ပြထားသည်။ ဤသည်ကလည်း ၎င်းတို့ နစ်ပေါင်း ငါးဆယ်ကျော် အုပ်ချုပ်လာမှု သည် မှန်ကန်ကြောင်း သက်သေပြနိုင်ဖို့ အတွက် အဓိက အချက်များ ဖြစ်လာခဲ့သည်။

 

ယခုအခါ စစ်တပ်သည် စစ်စခန်းများ ပြင်ပနှင့် မြို့ကြီးပြကြီး များ ကို ကျော်လွန်၍ ထိန်းချုပ်နိုင်စွမ်း မရှိ ဖြစ်လာနေသည်။ ထိုအချက်ကပင် စစ်တပ် အဖို့ စိတ်ဓါတ်ရေးရာ ပိုင်း အပြင်းအထန် ထိုးနှက်ခံနေရခြင်း ဖြစ်ပြီး ခုခံ တွန်းလှန်မှုများ ပို၍ အားကောင်းလာအောင် ဖန်တီးပေးသလို ဖြစ်ခဲ့ရသည်။

 

မကြာမီ ကာလအတွင်း ရှမ်းပြည်နယ် တွင် မဟာမိတ် ညီနောင် တပ်များအား အရေးနိမ့်သွားခဲ့ရမှုကြောင့် လွန်စွာ မှ အရေးပါသည့် နယ်မြေများ လက်လွှတ်ပေးလိုက်ရပြီ ဖြစ်၍ အထိခိုက်ကြီး ထိခိုက်သွားခဲ့ပြီ ဖြစ်သည်။

 

နိုဝင်ဘာလ ဆန်းတွင် စစ်စခန်းများ ထပ်မံ လက်လွှတ်ဆုံးရှုံးခဲ့ရပြန်ပြီး ရခိုင်ပြည်နယ် အတွင်း ရိုဟင်ဂျာ စစ်ဆင်ရေး တွင် အဓိက တာဝန်ရှိခဲ့သည့် ခြေမြန်တပ်မ (၉၉) မှ ဗျူဟာမှူးပါ ကျဆုံးသွားခဲ့သည်။ မန္တလေး မှ တရုတ်သို့ ကုန်ကူးရာ စီးပွားရေးစင်္ကြန်လမ်းမကြီးအားလည်း မဟာမိတ်တပ်များက ထိန်းချူပ် နိုင်ခဲ့သည်။

 

တရုတ်၏ အခန်း ကဏ္ဍ

 

မဟာမိတ် ညီနောင်များ အဖွဲ့ ကိုယ်နှိုက်က နယ်မြေစိုးမိုးထားလိုသည့် ရည်မှန်းချက်များ ရှိနေသော်လည်း လက်နက်ခဲယမ်း များ အတွက် တရုတ်ကို အားကိုးနေရ၍ လက်ရှိ စစ်ဆင်ရေးသည် တရုတ် အား အသိမပေးပဲ မည်သို့မျှ ဖြစ်လာနိုင်စရာ အကြောင်းမရှိပေ။

 

တရုတ် အစိုးရမှ ထိုစစ်ဆင်ရေး အား ခွင့်ပြုလိုက်ခြင်းကပင် ၎င်းတို့သည် အာဏာသိမ်း အဖွဲ့မှ ရှမ်းပြည်နယ် အတွင်း အခြေစိုက်နေသော အွန်လိုင်း လူလိမ်ဂိုဏ်းများအား ပေယျာလကံ ပြုနေမှု ကို စိတ်ကုန်လာ‌ပြီ ဖြစ်ကြောင်း ပြသလိုက်ခြင်းပင် ဖြစ်သည်။ 

 

တရုတ်၏ ထိုသို့ မဟာဗျူဟာ ပိုင်းတွင် မပြတ်မသား ရပ်တည်လာခြင်းသည် အံဩစရာတော့ မဟုတ်ပေ။ တရုတ်သည် စစ်တပ်၏ အာဏာသိမ်းခဲ့မှု အပေါ် စိတ်ပါလက်ပါ ထောက်ခံခဲ့ခြင်း မရှိပေ၊ ထိုစဉ်က တရုတ် သံအမတ် ချင်ဟိုင်းမှ သတင်းထောက်များအား အာဏာသိမ်းမှု သည် မိမိတို့ လုံးဝ မြင်တွေ့လိုသည့် အဖြစ် မဟုတ်ဟု ပြောခဲ့ဖူး‌ ပေသည်။

 

တရုတ်သည် နိုင်ငံတကာစင်မြင့်တွင် စစ်အာဏာသိမ်း အဖွဲ့၏ အဓိက မဟာမိတ် အဖြစ် ရပ်တည်ပေးလာခဲ့သော်လည်း တရုတ် ခေါင်းဆောင်ပိုင်းသည် နိုင်ငံတော် အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည် နှင့် လွန်စွာ ရင်းနှီးသော ဆက်ဆံရေးမျိုး ရှိနေသည်။ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ နှင့်လည်း အလားတူ ဆက်ဆံရေးမျိုး ထိမ်းသိမ်းထားခဲ့ပြန်သည်။

 

ယခုအခါ တရုတ်၏ မဟာဗျူဟာ ပြောင်းလဲလာမှုသည် အာဏာသိမ်း အဖွဲ့ နယ်မြေများ လက်လွှတ်လာခဲ့မှု၊ စီးပွားရေး ကျဆင်းလာမှု များကြောင့် ၎င်းတို့ အား ဖယ်ခွာလာသည့် သဘောပင် ဖြစ်သည်။ တရုတ် ခေါင်းဆောင်ပိုင်းသည် မြန်မာပြည် အ‌နေအထားကို အားလုံးထက် ပိုသိသူ ဖြစ်၍လည်း စစ်အာဏာသိမ်း အဖွဲ့ ယခုအခါ ဂျွမ်းထိုးမှောက်ခုံ ထိုးစိုက်ကျလာနေပြီ ဆိုသည်ကို မသိပဲ နေမည် မဟုတ်ပေ။

 

အခြားသူများကတော့ ၎င်းတို့လောက် ပါးရည်နပ်ရည် မရှိလှဟု ဆိုရမည် ဖြစ်သည်။ ရုရှားသည် တရုတ်နေရာ ဝင်ယူလာပြီး မြန်မာအား အဓိက လက်နက် ရောင်းချပေးနေသည့် နိုင်ငံ ဖြစ်လာသည်။ အာဏာသိမ်းပြီးနောက်ပိုင်း ရုရှားထံမှ လက်နက်များကို ဒေါ်လာ ၄၀၆ သန်းဖိုး ဝယ်ယူခဲ့ပြီး ဖြစ်သည်။ ငွေအစား လေယာဉ်ဆီများ ပံ့ပိုးပေးနေပြီး ဘင်္ဂလား ပင်လယ်အော် ရှိ ဆိပ်ကမ်းများ အသုံးပြုခွင့်ရရေး၊ ဒေသအတွင်း ပါဝင် ပတ်သက်ခွင့် ရရာ ရကြောင်း အတွက်လည်း ဖြစ်သည်။

 

အာဏာသိမ်း ခေါင်းဆောင် မင်းအောင်လှိုင်သည် မကြာမီကမှ ရုရှား ရေတပ်အား ကြိုဆိုခဲ့ပြီး ပူတင်အားလည်း နိုင်ငံတကာ တည်ငြိမ်ရေး အတွက် 

လုံးပမ်းနေသော ကမ္ဘာခေါင်းဆောင်ကြီး ဆိုကာ အမွှန်းတင်ခဲ့ပြန်သည်။ ထိုစကားမျိုး သည် ပူတင် အတွက် ဂုဏ်ယူစရာ ဖြစ်မလာပဲ အရှက်ခွဲနေသလို ခံစားလာရသည်။ အာဏာသိမ်း အဖွဲ့ နိမ့်ပါးလာနေသည်ကို တွေ့လာရ၍ မြန်မာ အပေါ် ဩဇာသက်ရောက်နိုင်မှု နှင့် ဒေသအတွင်း ပါဝင် ပတ်သက်ခွင့် ရနိုင်မည့် အလားအလာများသည် ကြာရှည်ခံတော့မည်မဟုတ်ဟု သိလာကြပြီ ဖြစ်သည်။

 

အာဏာသိမ်း အဖွဲ့ အလွန် အစီအမံများ

 

NUG သည် အာဏာသိမ်း အဖွဲ့ မရှိတော့သည့် နောက်ပိုင်း ဒေါ်အောင်ဆန်းစုကြည်၏ ခေါင်း‌ဆောင်မှု နှင့် နိုင်ငံအား တစည်းတလုံးတည်း ဖြစ်ရန် တည်ဆောက်သွားမည်ဟု ရည်မှန်းထားသည်။ သို့သော် စစ်တပ်ကို အဓိက ထိုးနှက်နိုင်ခဲ့ပြီး နယ်မြေ အမြောက်အမြား ထိန်းသိမ်းထားနိုင်ပြီ ဖြစ်သည့် တိုင်းရင်းသား လက်နက်ကိုင် များ အတွက်တော့ ၎င်းတို့ လိုချင်သည့် ရလဒ်မျိုး မဟုတ်ပေ။

 

၎င်းတို့ဖက်မှ ဖက်ဒရယ်စနစ် နှင့် လူနည်းစု အခွင့်အရေး များကို အာမခံနိုင်မည့် အချက်များကို အဓိက ထား တောင်းဆိုလာကြမည်သာ ဖြစ်သည်။ ‌ဒေါ်အောင်ဆန်းစုကြည် အာဏာရနေစဉ် ကာလ အတွင်းကလည်း ၎င်းတို့ လိုလားချက်များကို ကျေနပ်အောင် ဖြည့်ဆည်းပေးနိုင်ခဲ့ခြင်း မရှိပေ။

 

စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ ပြန်၍ နာလန် မထူနိုင်လောက်အောင် အရေးနိမ့်သွားပြီ ဆိုသည်မှာ ထင်ရှားလာနေပြီ ဖြစ်သည်။ သို့သော် ထိုအနေအထားမျိုးက ချက်ခြင်း လက်ငင်းဆိုသလို ဖြစ်လာနိုင်စရာ မရှိသေးပေ။ လက်ရှိတွင် ၎င်းတို့ အတွက် အခြေအနေ ကောင်းလာလို ကောင်းလာငြား အစွမ်းကုန် အကြမ်းဖက် လာနိုင်စရာ ရှိနေ၍ ၎င်းတို့ အုပ်ချုပ်နေမှု ကို အမြန်ဆုံး အဆုံးသတ်နိုင်ရန် ဦးစားပေး လုပ်ဆောင်ရမည် ဖြစ်သည်။

 

မြန်မာပြည်သူများ နှင့် အိမ်နီးချင်း နိုင်ငံများ အားလုံးကလည်း စစ်တပ်၏ အုပ်ချုပ်ရေး အဆုံးသတ်သွားပြီးနောက်တွင် တိုင်းပြည် မတည်မငြိမ် နှင့် ကသောင်းကနင်း ဖြစ်လာမည်ကို မလိုလားကြ‌ပေ။

 

နိုင်ငံတွင်းရှိ လူ့အခွင့်အရေး များ နှင့် ပတ်သက်၍ တင်းတင်းမာမာ ပြောခဲ့ကြသော အိမ်နီးချင်း အာဆီယံ နိုင်ငံများ၊ အမေရိကန်၊ ဗြိတိန် နှင့် အီးယူကဲ့သို့ အနောက်နိုင်ငံများ အနေဖြင့် စစ်အာဏာရှင် အုပ်ချုပ်ရေး အဆုံးသတ်သွားပြီး နောက်ပိုင်း တော်လှန်ရေး အဖွဲ့များ အတူ ငြိမ်းချမ်းသည့် အနာဂတ် ထွက်ပေါ်လာရေး အာမခံနိုင်ရန် ပြင်ဆင်ထားကြရမည် ဖြစ်သည်။

 

စစ်တပ်ကို ဖယ်ရှားပြီး ထွက်ပေါ်လာမည့် အသွင်ကူးပြောင်းရေး ကာလ အတွင်း နိုင်ငံ တည်ငြိမ်မှု ရှိရေး အတွက် နိုင်ငံတကာ၏ တာဝန်ခံမှူ လိုအပ်နေပေသည်။ ၁၉၉၀ ကျော် နှစ်များ အတွင်း ကမ္ဘောဒီယား တွင် တည်ထောင်ပေးခဲ့သည့် ကုလသမဂ္င ကြားကာလ အုပ်ချုပ်ရေး အဖွဲ့ United Nations Transitional Authority in Cambodia (UNTAC) အဖွဲ့မျိုး ထားနိုင်လျှင် ပိုကောင်းပေမည်။

 

မြန်မာတွင် ဖြစ်ပေါ်လာနေသည့် အပြောင်းအလဲများ ကြားတွင် အငိုက်မိခံမည့်အစား ‌ယခုအခါ သေချာသလောက် နီးနီး ရှိနေသည့် အသွင်ကူးပြောင်းရေး ကာလ အတွက် ကုလသမဂ္ဂ အနေဖြင့် ကြိုတင် စီမံမှု များ ပြုလုပ်ထားသင့်ပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!