ပြည်သူ ကို ခြိမ်းခြောက်လာပြီ

by Hla Soewai - Dec 08 2023

နောက်ဆုံး သတင်းအရ ပဲခူးတိုင်း ကျောက်ကြီး မြို့နယ် အတွင်းရှိ မုန်းမြို့အား KNLA နှင့် PDF မဟာမိတ် တပ်များက အောင်မြင်စွာ သိမ်းပိုက်နိုင်ခဲ့ပြီး စစ်ကောင်စီ တပ်များ ကစင့်ကလျား ဆုတ်ခွာ ထွက်ပြေး ကုန်ကြ၍ စစ်တပ်မှ လေယာဉ် ဖြင့် လိုက်လံ ပစ်ခတ်နေသည်ဟု ဆိုသည်။

 

စစ်ကူ အဖြစ် ရဟတ်ယာဉ် ဖြင့် ချပေးသည့် ခလရ (၈၄) မှ တပ်ရင်းမှုး၊ အရာရှိများ နှင့် စစ်သည်များက တော်လှန်ရေး တပ်များထံ လက်နက်ချ အညံ့ခံ ခဲ့ကြသည်ဟု ဆိုသည်။

 

ထိုသို့ အောက်‌ ခြေတွင် အလဲလဲ အကွဲကွဲ နှင့်မရှု မလှ ဖြစ်နေကြချိန်တွင် စစ်ကောင်စီ၏ ပါးစပ်မှ အောင်ပွဲ ရ မဟာမိတ်တပ်များသည် မိုက်တွင်းနက် နေကြသူ များ ဟု ပြောဆိုလာခြင်းပင် ဖြစ်သည်။

 

လက်နက်ကိုင်အဖွဲ့များအနေဖြင့် ဆက်လက်၍ မိုက်တွင်း နက်နေမည်ဆိုပါက မိုက်တွင်းနက်သည့်ဒဏ်ကို ဒေသရှိ ပြည်သူများကသာ ခံစားရမည်ဖြစ်ကြောင်း၊ ထို့ကြောင့် မြေစာပင် ဖြစ်နေသည့် ပြည်သူကို ကိုယ်ချင်းစာရန်နှင့် ဆက်လက်၍ မမိုက်မဲကြဘဲ နိုင်ငံရေးနည်းလမ်းအရ ဖြေရှင်းရန် လိုအပ်မည်ဖြစ်ကြောင်း မင်းအောင်လှိုင်မှ ဒီဇင်ဘာ ၄ ရက်နေ့တွင် ပြုလုပ်သည့် စစ်ကောင်စီ လက်ညိုးထောင် ခေါင်းညိမ့် ခေါ်ယူသော အစည်းအဝေး တွင် ‌ယခုလို ပြောခဲ့သည်ဟု ခေတ်သစ် တွင် ရေးသားထားသည်။။

 

အဓိပ္ပါယ် မှာ ၎င်းတို့အား ဆက်၍ တိုက်ခိုက်နေမည်ဆိုက အဆိုပါ ဒေသများ ကို စိစိညက်ညက် ကျေအောင် ချေမှုန်းသွားမည်ဟု ခြိမ်းခြောက်လိုက်ခြင်းပင် ဖြစ်သည်။ ၎င်း၏ စကား ကို နမူနာ အဖြစ် လွိုင်ကော် မြို့ ပြန်လည် ထူထောင်၍ မရလောက်အောင် ပျက်စီး သွားပြီဟုလည်း ထောက်ပြသွားခဲ့သည်။

 

ဤသည်က တိုင်းပြည် ‌၏ ခေါင်းဆောင် ဟု အတင်း အဓမ္မ ခံယူထားသူ တဦး ပါးစပ် မှ ပြောလာသမျှထဲတွင် လူမဆန်ဆုံး စကားလုံးများပင် ဖြစ်သည်။

 

ထို့ပြင် နိုင်ငံရေး အရ ‌‌ဆွေး‌ နွေးရန် ဆိုသည် မှာလည်း တိုင်းရင်းသား လက်နက်ကိုင် တပ်များ၊ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ နှင့် ပြည်သူများ အကြား သပ်လျို သွေး ခွဲရန် ကြံရွယ်လာခြင်းပင် ဖြစ်သည်။ ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့အား ယခင်က "အကြမ်းဖက် အဖွဲ့အစည်း":ဟု သတ်မှတ်ထားခဲ့ပြီး ဖြစ်သည်။

 

ကုလသမဂ္ဂ၏ နောက်ဆုံး ခန့်မှန်းချက်အရ ၁၀၂၇ ထိုးစစ်ကြီး အတွင်း လူငါးသိန်း ခန့် နေအိမ် စွန့်ခွာ ထွက် ပြေးခဲ့ကြရသည်ဟု ဆိုသည်။

 

ယခုအခါ ၎င်းတို့ လူး၍ လွန့်၍ မရလောက်အောင် အရှူံးနှင့် ရင်ဆိုင်နေရမှု ကို ယခင် ခေတ်များကကဲ့သို့ တင်းတင်းကြပ်ကြပ် ပိတ်ပင်ပြီး အမှောင်ချထား၍ မရတော့၊ တတိုင်းပြည်လုံး မသိချင်၊ မကြားချင်မှ အဆုံး အချိန်နှင့် တပြေးညီ သိရှိ နေကြပြီး ဖြစ်သည်။

 

ထိုသို့ နည်းပညာ များ တဟုန်ထိုး တိုးတက်နေသော နှစ်ဆယိတစ်ရာစု တွင်ပင် ၎င်းတို့ပိုင် သတင်းစာများ၊ ရုပ်မြင်သံကြား များ အားကိုး၍ အနိုင်ရနေဟန်ဝါဒဖြန့် ပြောဆို၍ ရနိူင်ဦးမည် ဟု ထင်နေသည်အထိ အတွေး အခေါ် နုံနဲ့ နေကြသူများ ဖြစ်သည်။

 

၎င်းအဖို့က လက်ရှိ စစ်ပွဲ ကို လေကြောင်းမှ တိုက်ခိုက် နိုင်သေးသည်မှ လွဲ၍ မည်သို့မျှ အနိုင်တိုက် နိုင်စွမ်း မရှိတော့သည်ကို ကောင်းစွာ သိလာပြီ ဖြစ်ပြီး အရှက်ပြေ အထက်စီးက ပြောလာခြင်းသာ ဖြစ်သည်။ လေကြောင်းမှ တိုက်ခိုက်သည် ဆိုရာတွင်လည်း ‌လေယာဉ် ဝမ်းဗိုက်နှင့် အတောင်ပံများအောက် ချိတ်ဆွဲတပ်ဆင်ပြီး စက်ခလုပ်ဖြင့် ဖြုတ်ချပစ်ခတ်နိုင်သော ဗုံးများ၊ ဒုံးကျည်များ မပစ်ခတ်နိုင်တော့ဘဲ ထိုအစား ၁၂၀ မမ၊ ၈၁ မမ၊ ၆၀ မမ ‌‌ မော်တာဆံများအား လူကိုယ်တိုင် လက်နှင့် ကြဲချနေရကြောင်း စစ်တပ်လော်ဘီများကပင် အတည်ပြုပြောဆိုနေကြသည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

လက်ရှိ တွင် စက်သုံးဆီများကို စက်မှု ဇုံ များသို့ ရောင်းချပေးနိုင်ခြင်း မရှိတော့ဟု သိရသည်။

 

ထိုသို့ ပြောလာမှု အပေါ် အမျိုးသား ညီညွတ်ရေး အစိုးရ ပြောခွင့်ရ ဦးကျော်ဇော်ကမူ အခြေအနေ မကောင်းတော့၍ ထွက်ပေါက် ရှာလာခြင်း ဖြစ်ပြီး စစ်တပ် အနေဖြင့် နိုင်ငံရေး တွင် နောက်ထပ် ပါဝင် ပတ်သက်ခြင်း မရှိတော့ပါဟု အာမ မခံ နိုင် မခြင်း စစ်မှန်သော နိုင်ငံရေး ဆွေးနွေးပွဲ များ ဖြစ်လာလိမ့်မည် မဟုတ်ဟု ရိုက်ဝာာ သတင်း ဌာနကို ထုတ်ဖေါ်ပြောဆိုခဲ့သည်။

 

မင်းအောင်လှိုင်က ၂၀၀၈ ဖွဲ့စည်းပုံ ကို ဖေါက်ဖျက်ကာ အာဏာသိမ်းယူခဲ့သည်ကို တနိုင်ငံလုံး ရှိ အသိဉာဏ် ရှိသူတိုင်း သိပြီး ဖြစ်သော်လည်း ၎င်းအနေဖြင့် လုံးဝ အထိခိုက်ခံမည် မဟုတ်ဟု ခြောက်အိမ်တန်း အကြိုက် ပြောဆိုလိုက်ပြန်သည်။

 

၎င်းတို့ ပါးစပ်က မချ ပြောနေသည့် "ဒို့တာဝန် အရေးသုံးပါး" ဆိုသည့် ပြည်ထောင်စု မပြိုကွဲရေး ဆိုသည်က နေပြည်တော် မပြိုကွဲရေး ဖြစ်ပြီး၊ တိုင်းရင်းသား စည်းလုံး ညီညွတ်မှု မပြိုကွဲရေး ဆိုသည်က တပ်မပြိုကွဲရေး နှင့် အချုပ်အခြာ အာဏာတည်တံ့ခိုင်မြဲရေး ဆိုသည်ကလည်း ၎င်းတို့ အာဏာ တည်မြဲရေး သာ ဖြစ်ပေသည်။

 

မည်သို့ပင် ဆိုစေ အရေးကြီးဆုံး အချက်သည် တော်လှန်ရေး အရှိန်တန့်မသွားအောင် ထိန်းထားရေးပင် ဖြစ်သည်၊ စစ်ကောင်စီ သည် ၎င်းတို့ ၏ ဆိုးရွားလာနေသော အနေအထားကို ပြန်လည် စုစည်းရန် အချိန်လိုလာနေပြီ ဆိုသည်မှာ ဆွေးနွေးဖြေရှင်းရန် ပြောလာသည်ကပင် သိသာနေသည်။

 

၁၀၂၇ စစ်ဆင်ရေး သည် ယခင် မတ်လ ၂၇ အစား အောက်တိုဘာ ၂၇ ကို တော်လှန်ရေး နေ့ အဖြစ် ပြောင်းလဲ သတ်မှတ်ပြီး နှစ်စဉ် ဂုဏ်ပြု ကျင်းပသွားရမည့် နေ့ထူးနေ့မြတ်ကြီး ဖြစ်လာပေပြီ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!