မြန်မာ တို့၏ နွေဦး တော်လှန်ရေး အောင်ပွဲ ခံလိမ့်မည်

by Hla Soewai - Dec 08 2023

အထက်ပါ ခေါင်းစဉ်ဖြင့် မြန်မာအရေး အစဉ်တစိုက် လေ့လာ သုံးသပ်နေသည့် London School of Economics မှ ဒေါက်တာ ဘွဲ့ရလာသည့် မက်သယူး အာနိုး၏ podcast အား မဇ္ဇျိမ သတင်းဌာန မှ တင်ပြထားသည်ကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

 

အာဏာသိမ်းပြီး စစ်အာဏာရှင် စနစ် တည်ဆောက်ခဲ့သူများသည် လူထု၏ ခုခံတွန်းလှန်မှု ကို တခဏ အတွင်း မှာပင် နှိမ်နှင်း နိုင်ခဲ့သည်ချည်းပင် ဖြစ်သည်၊ သို့သော် မြန်မာ တို့၏ နွေဦး တော်လှန်ရေး သည် ၎င်းတို့ပေါ်တွင် ရာစုနှစ်ဝက်ကျော် မပြောင်းအလဲ မရှိ ဗိုလ်ကျ စိုးမိုးလာခဲ့သော စစ်အာဏာရှင် စနစ်ကို မြန်မာ့ လူ့အဖွဲ့အစည်း တရပ်လုံးက ခါးခါးသီးသီး ရွံရှာ စိတ်ပျက် လာနေမှုများက အရင်းခံ လာခဲ့ခြင်းပင် ဖြစ်သည်။

 

ယခုအခါ မြန်မာ တော်လှန်ရေးသည် ပြည်ပ အကူအညီ မပါပဲ မည်သို့မျှ တွန်းလှန်နိုင်မည် မဟုတ်ဟု ယူဆထားသည့် အနေအထား ကို အောင်မြင်စွာ ဖြတ်သန်း နိုင်ခဲ့ကြပြီ ဖြစ်သည်။

 

တော်လှန်ရေးသည် နိုင်ငံ အနှံ့ ကျယ်ပြန့်လာနေသည် နှင့် အမျှ အောင်မြင်နိုင်မည့် အလားအလာ များသည် တနေ့တခြား ဆိုသလို ပို၍ ရှင်းလင်းပြတ်သားစွာ ထွက်ပေါ်လာခဲ့ပြီ ဖြစ်သည်။

 

၁၀၂၇ တော်လှန်ရေး စတင် ပေါက်ဖွားလာခြင်းအား ကျိုးကြောင်း ဆီလျှော်စွာ သုံးသပ်ကြည့်မည် ဆိုက စစ်ရေး အနေအထား မျှခြေ ကို တည့်မတ်မှန်ကန်စွာ သုံးသပ်နိုင်ခဲ့ခြင်းကြောင့်ပင် ဖြစ်သည်။ ယင်းသည်ကလည်း နှစ်နှစ်ခွဲကျော် ကြာလာခဲ့သည့် တော်လှန်ရေး ၏ လားရာ သည် ၂၀၂၂ ခြောက်သွေ့ ရာသီ အကုန်၊ ၂၀၂၃ ခုနှစ် အထဲ ဝင်ရောက်လာသည့် အချိန်တွင် အားသာချက်များ ဖြစ်လာဖို့ အကြောင်းဖန်လာခဲ့သည်။

 

စစ်ဆင်ရေး အား တိုက်စွမ်းရည် အပြည့်ဝ ဆုံး တိုင်းရင်းသား အဖွဲ့ သုံးဖွဲ့က ဦးဆောင် ခဲ့ခြင်း ဖြစ်ပြီး ယုံကြည်မှု အပြည့်နှင့် စတင်ခဲ့ကြ၍ ယခုလို အောင်မြင်ခဲ့ခြင်း ဖြစ်ပြီး တရုတ်က လှုံ့ဆော်၍ စိတ်မပါ တပါ့ နှင့် ပြုလုပ်ခဲ့ခြင်း မျိုး မဟုတ်ပေ။

 

စစ်တပ် အတွက်က နေရာအနှံ့အပြားတွင် တိုက်ခိုက်ခံနေရပြီး ယင်းအား ထိထိရောက်ရောက် ပြန်လည် တွန်းလှန် နိုင်ဖို့ အနေအထား မရှိ သည်မှာ အတိုင်းသား ထင်ရှားနေသည်။ ဆယ့်ရှစ်လ ကြာ တည်ဆောက်ခဲ့သော စစ်ပွဲ၏ လားရာသည် နိုဝင်ဘာလ ထဲတွင် ထင်ထင်ရှားရှား ပေါ်ထွက်လာခဲ့ပြီ ဖြစ်သည်။

 

စစ်တပ်သည် နောက်ပိုင်းတွင် မြို့များ၊ နယ်မြေများ ပို၍ ဆုံးရှုံးလာဖို့ ရှိနေပြီး တော်လှန်ရေး တပ်ဖွဲ့များ သည်လည်း လက်နက်အင်အား ကောင်းသည်ထက် ကောင်းလာဖို့သာ ရှိနေသည်။ တဖက်တွင် စစ်တပ်သည် တိုက်ပွဲဝင် အသင့်အနေအထား စစ်သားများ ဆုံးရှုံးလာနေပြီး ရှေ့နောက် ညီညွတ် အဆီအငေါ်တည့်တည့် ဖြင့် တန်ပြန် နိုင်စွမ်း မရှိတော့ပေ။

 

သို့သော် တော်လှန်ရေး ၏ အပြစ်အနာ အဆာများကို ရှာပြီး အကောင်းဆုံး ရလဒ်သည် စစ်တပ်ကို လက်ခံမည့် ဖြေရှင်းချက်မျိုး ဖြစ်သည်ဟု ပြောလာကြသော်လည်း မြန်မာတို့၏ တော်လှန်‌ရေးသည် ပြည်သူများက ၎င်းတို့၏ ကြမ်းကြုပ် ရက်စက်မှုများ ကြောင့် မိမိတို့ကိုယ် မိမိတို့ ကာကွယ်မှ ဖြစ်တော့မည်ဟူသော အသိစိတ်ဖြင့် ပေါက်ဖွားလာခြင်း ဖြစ်ပြီး ၎င်းတို့နှင့် စေ့ဆပ်ဆွေးနွေးရေး စားပွဲဝိုင်း အတူ ထိုင် မည့် လူများ က စတင်ခဲ့ခြင်း မဟုတ်ဆိုသည်ကို နားလည် သဘောပေါက် နိုင်မှ ဖြစ်ပေမည်။

 

ကမ္ဘာတဝှမ်း လေ့လာကြည့်မည် ဆိုက ထိုသို့ လူထု လူတန်းစား ပေါင်းစုံ အုံနှင့် ကျင်းနှင့် ဆန့်ကျင်ခဲ့သည့် တော်လှန်ရေးမျိုး တွေ့ရမည် မဟုတ်ပေ။ ဝေဖန်သုံးသပ်သူများ မည်သို့ပင် ပြောနေစေကာမူ မြန်မာတို့၏ တော်လှန်ရေး သည် အရေးနိမ့်သွားစရာ အကြောင်း မရှိသည့် အပြင် လမ်းခုလပ်တွင် ဝေဝါးသွားနိုင်စရာ မျိုးလည်း မရှိပေ။

 

စစ်တပ်သည် ၎င်းတို့ မည်ကဲ့သို့ ငြိမ်းရမှန်း မသိသည့် မီးမျိုး ကို မွှေးလာခဲ့ခြင်းသာ ဖြစ်သည်။ ထိုမီးတောက်မီးလျှံကြီးသည် နောက်ထပ် အာဏာသိမ်းမှုမျိုး ရှိလာခြင်း၊ လူထု အပေါ် ပို၍ ရက်စက်ကြမ်းကြုပ်စွာ နှိပ်ကွပ်လာခြင်း ရှိလာစေကာမူ အရှိန်တညီးညီး နှင့် ဆက်၍ တောက်လောက် နေမည်သာ ဖြစ်သည်။

 

လူထု တရပ်လုံးက စစ်အာဏာရှင်များကို အပြီးအပိုင် ရှင်းလင်း ဖယ်ရှားရန် သန္နိဋ္ဌာန် ဖြင့် ပေါက်ဖွားလာသော တော်လှန်ရေး ဖြစ်၍ လုံးဝဥသုံ အောင်ပွဲရသည့်အထိ ဆက်လက်တိုက်ခိုက်သွားကြမည်သာ ဖြစ်သည်။

 

ပဋိပက္ခ အလွန် ငြိမ်းချမ်းရေး မျိုးသည် ဇာတ်ရှုပ်ကြီး ဖြစ်လာလိမ့်မည်ဟု အချို့သော နိုင်ငံတကာ အသိုက်အဝိုင်းတွင် ယူဆမှုများ ရှိနေသော်လည်း မြန်မာသည် ဆီရီးယား၊ ဘောလ်ကန် ဒေသတွင်း နိုင်ငံများ ကဲ့သို့ ဖြစ်လာစရာ အကြောင်း မရှိပေ။ ဤသည်ကလည်း မြန်မာ့ လူအသိုက်အဝန်း အတွင်း အချင်းချင်း ကြား ချစ်ကြည် စည်းလုံးမှု က တော်လှန်‌ရေး အစ နှင့် အဆုံး အတွက် ရှိနှင့် နေပြီးသော ကြောင့် ဖြစ်သည်။

 

အခြား နိုင်ငံများက ကူညီလိုစိတ် ရှိသည်ဆိုလျှင်လည်း နိုင်ငံအတွက် အပြုသဘော ဆောင်သည့် ပြည်သူတရပ်လုံး အတွက် အပြောင်းအလဲများ ဖြစ်ရေး ကို ဦးတည်လိုစိတ်မျိုး ဖြင့်သာ ကူညီ သင့်ပြီး မှားမှားယွင်းယွင်း ဖြစ်သွား နိုင်သည်၊ အဖတ်ဆယ်၍ မရအောင် ပြိုကွဲသွားနိုင်သည် ဆိုသော စိုးရိမ်စိတ်မျိုး ဖြင့် စတင် မလာသင့်ပေ။

 

မြန်မာ၏ အနာဂတ်သည် ကံသေကံမ ပြောနိုင်ခြင်း မရှိသေးသော်လည်း ကမ္ဘာကြီး အနေဖြင့် မြန်မာပြည်သူတို့၏ ဇွဲ နှင့် သန္နိဋ္ဌာန် ကို သံသယ အကျိုး ခံစားခွင့် ပေးသင့်ပေသည်။ ယခုလို အနေအထား ထိ ရောက်လာအောင် အားလုံးသည် ဆယ်စုနှစ်ပေါင်း များစွာ ကြာအောင် ရုန်းကန် တိုက်ပွဲဝင်ခဲ့ကြရသည်။ ထိုရုန်းကန်မှုကြီးအား ၁၀၂၇ စစ်ဆင်ရေးကြီးက တွန်းတင် ပေးလာနိုင်ခဲ့သည်။

 

မြန်မာ တို့သည် အမှောင်ကမ္ဘာထဲတွင် ဒုက္ခသုက္ခ ပေါင်း များစွာ ဖြင့် ဒူပေဒါပေ ခံကာ နေထိုင်ခဲ့ကြရ သူများ ဖြစ်၍ ယခုလို ဂျီနိုဆိုက် စစ်အာဏာရှင် တသိုက် ကျဆုံးပြိုလဲသွားမည့် အလားအလာများကို ထောက်ခံ ကြိုဆိုပြီး ပြင်ဆင်မှုများ ပြုလုပ်သင့်ပြီ ဖြစ်သည်။

 

နောက်ထပ် သတင်းတရပ် အဖြစ် စစ်အာဏာသိမ်း အဖွဲ့သည် တော်လှန်ရေး ဖက်သို့ ဘက်ပြောင်း ခိုလှုံသွားသူများအား ပြန်လာရန် ကြေငြာချက် ထုတ်ပြန်လာခဲ့ခြင်းပင် ဖြစ်သည်၊ ထိုသို့ ကြေငြာချက်မျိုးက စစ်တပ် ၏ သမိုင်းတလျှောက်တွင် တခါဖူးမျှ ထွက်ပေါ်လာခဲ့ခြင်း မရှိသည့် အချက်ကို ကြည့်က ၎င်းတို့ အဖို့ မကြုံဖူးအောင် အကျပ်ရိုက်လာနေကြပြီ ဆိုသည်က ထင်ရှားသည်ထက် ထင်ရှားလာနေပြီ ဖြစ်သည်။ 

 

တော်လှန်ရေး တပ်ဖွဲ့များ နှင့် နိုင်ငံအနှံ့ နေစဉ်လို တိုက်ပွဲများ ဖြစ်ပွားလာခြင်းကြောင့် အကျအဆုံးများလာနေခြင်း၊ တပ်သားသစ် စုဆောင်းရေး တွင် ခက်ခဲလာခြင်း၊ တပ်ကို စွန့်ခွာသူများ များသည်ထက် များလာနေခြင်း တို့ကြောင့်ပင် ဖြစ်သည်။

 

တပ်ကို ပြန်လာမည် ဆိုက ပြစ်မှု အသေးစား ကျူးလွန်ခဲ့မှုများကို ခွင့်လွှတ်ပေးမည် ဟု ဆိုသည်၊ ထိုသို့ ကြေငြာရခြင်းမှာလည်း ထိုသို့ ထွက်ပြေးသွားသူများ၏ တောင်းဆိုချက်ကြောင့် ဖြစ်သည်ဟု အရှက်ပြေ ပြောလာသော်လည်း မည်သူကမျှ ယုံကြည်ခြင်း ရှိမည် မဟုတ်ပေ။

 

အမျိုးသား ညီညွတ်ရေး အစိုးရ လက်အောက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ အချင်းချင်း ယခုလို အောင်ပွဲကို လှမ်းမြင်နေရသည့် အချိန်မျိုးတွင် ဒေသစွဲ မထားပဲ ယခင်ကထက် ပို၍ ညီညွတ်ကြရန်၊ အထက်၏ အမိန့်ကို အဆင့်ဆင့် နာခံကြပါဟု တိုက်တွန်းလိုပေသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!