မြန်မာ အား ဂျုံးဂျုံးကျ နိုင်ငံ ဖြစ်မသွားရေး NUG အား အသိအမှတ် ပြုရန် အရေးတကြီး လိုအပ်လာ

by Hla Soewai - Dec 08 2023

မြန်မာ အခြေအနေသည် တနေ့တခြား ဆိုးဝါးလာနေပြီး အာဏာသိမ်း အဖွဲ့သည်လည်း တိုင်းပြည်ကို ချုပ်ကိုင်ထားနိုင်မှု လက်လွှတ် ဆုံးရှုံးလိုက်လာနေပြီ ဖြစ်သည်ဟု ဂျပန်တိုင်းမ် သတင်းစာ အယ်ဒီတာ အာဘော်မှ ရေးသားထားပြီး အမျိုးသား ညီညွတ်ရေး အစိုးရအား အသိအမှတ် ပြု ဆက်ဆံရန် လွန်စွာ အရေးပါသည့် အနေအထား ရောက်ရှိလာနေပြီ ဟု ဆိုသည်။

 

လက်ရှိတွင် အသာစီး ရနေသည့် တော်လှန်ရေး အင်အားစုများသည် NUG မဟုတ်ပဲ တိုင်းရင်းသား လက်နက်ကိုင်များ ဖြစ်နေ၍ ကသောင်းကနင်းများ ဖြစ်လာမည့် စိုးရိမ်ဖွယ် အနေအထားများ တွေ့လာနေရသည်ဟု ဆိုသည်။

 

ထို့အတွက် လက်ရှိ မြန်မာ အား ဒီမိုက‌‌ရေစီ ဖေါ်ဆောင်ပြီး အားလုံး အပေါ် လိုက်လိုက်လျောလျော ဆက်ဆံ သွားနိုင်မည့် နိုင်ငံ အဖြစ် စည်းလုံးစွာ ထွက်ပေါ်လာရေး အတွက် ပါဝင်တိုက်ခိုက်နေသည့် အင်အားစုများ အနေဖြင့် တူညီသော ရပ်တည်ချက် တခု ရှာဖွေ ရတော့မည်ဟု ထောက်ပြလာခဲ့သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ မကြာမီ အတွင်း တိုက်ပွဲ များ ဆက်လက်ပြင်းထန်လာပြီး မြို့ကြီးများ တွင် ဆန္ဒပြပွဲများ၊ သပိတ်များ ထွက်ပေါ်လာတော့မည်ဟု သတိပေးထားခဲ့သည်၊ နေပြည်တော် တွင်ပင် တိုက်ခိုက်ခံရသည့် သတင်းများ ထွက်ပေါ်လာ၍ အာဏာသိမ်း အဖွဲ့ လုံခြုံမှု မရှိတော့သည်ကို ပြဆိုလာနေပြီ ဖြစ်သည်။

 

ထိုသို့သော အနေအထား တွင် အာဆီယံသည်လည်း ၎င်း၏ ပြည်တွင်းရေး ဝင်မစွက်ရေး မူကို လက်လွှတ်လိုစိတ် မရှိ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ရှေ့သို့ မတက်နိုင်ပဲ ဖြစ်နေသည်။

 

အာဆီယံ၏ အခန်းကဏ္ဍ ဘေးဖယ်ထုတ်ခံရလျှင် တရုတ်သည် ပို၍ အရေးပါသော နေရာမှ လှုပ်ရှားလာမည်သာ ဖြစ်သည်။ တရုတ်သည် မကြာသေးမီက စစ်ကောင်စီ အား ထောက်ခံနေရာမှ တဖက်တွင် မြန်မာ အမျိုးသား ဒီမိုကရက် မဟာမိတ် တပ်မတော် MNDAA ကိုပါ လိုရမယ်ရ အရံ အဖြစ် နှစ်ဖက်ခွလာခဲ့သည်။ တရုတ်သည် ကုလ တွင် ဗီတို အာဏာ ဖြင့် အာဏာသိမ်း အဖွဲ့အား အပြည့်အဝ ကာကွယ်ပေးထားသည်၊ နှစ်သိမ့်ဆု အဖြစ် NUG အား ကုလ တွင် ကိုယ်စားပြုခွင့် ရရှိထားသော်လည်း တရားဝင် အသိအမှတ် ပြုခံရရေး တွင် ဂျပန် နှင့် အမေရိကန် အပါအဝင် နိုင်ငံများက တုတ်တုတ်မျှ မလှုပ် ဖြစ်နေပေသေးသည်။

 

သက်ဆိုင်သူ အားလုံးက ၎င်းတို့ အကျိုးစီးပွား နှင့် မကိုက်ညီလျှင် သဘောမတူကြ၍ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ အဟန့်အတား များ ဖြစ်လာခဲ့ရခြင်းပင် ဖြစ်သည်။

 

နိုင်ငံသည် ပြိုလဲသွားမည့် အဖြစ်ရောက်လျှင် တရုတ်သာ မက အိန္ဒိယ ပါ ဝင်ရောက် စွက်ဖက် လာနိုင်ပေသည်။ ၎င်းတို့ စီးပွားရေး အတွက် အရေးပါသည့် တစိတ်တပိုင်း ဖြစ်နေသော မြန်မာ အား တရုတ် ထင်သလို လုပ်ခွင့် ပေးမည့် အနေအထား အရောက်ခံမည် မဟုတ်ပေ။

 

ငြိမ်းချမ်းရေး လုပ်ငန်းစဉ်များ ပြန်လည် အသက်ဝင်ရေး အတွက် စတင်ရတော့မည် ဖြစ်သည်၊ ထိုသို့ စတင်နိုင်ရန် NUG အား အသိအမှတ် ပြုရေးသည် လွန်စွာ အရေးပါသည့် ပထမ ခြေလှမ်းပင် ဖြစ်သည်။ အာဆီယံ မှ လည်း စစ်ခေါင်းဆောင်များ အား အာဏာဆက်လက် လုပ်ကိုင်ထားဖို့ အခြေအနေ မပေးတော့ ဆိုသည်ကို သဘောပေါက် အောင် နားချပြီး ဒီမိုကရေစီ ပြန်လည် ဖေါ်ဆောင်ရန် ပြောဆိုရပေမည်။ ထိုအချက်သည် မြန်မာ အတွက်သာမက အာဆီယံ အပေါ် ယုံကြည်မှု ရှိလာရေး အတွက် လည်း လိုအပ်လာနေသည်။

 

မြန်မာသည် အရှေ့တောင် အာရှ တွင် အရွယ်အစားအရ သော် ၎င်း၊ တည်နေရာ အရ ၎င်း၊ ဘူမိနိုင်ငံရေး အရ ပါ လွန်စွာ အရေးပါသော နိုင်ငံ ဖြစ်နေ၍ ပြိုလဲသွားသည့် အဖြစ် အရောက်ခံ၍ မရ ဟု ဂျပန်တိုင်းမ် သတင်းစာ အယ်ဒီတာ အာဘော်ကို ကောက်နှုတ် တင်ပြလိုက်ပါသည်။

 

လက်ရှိ အနေအထား တွင် မြန်မာ အရေး နှင့် ပတ်သက်ပြီး တရုတ်၏ ယိမ်းယိုင်လာနေမှုကို အခွင့်ကောင်း ယူပြီး ကုလ လုံခြုံရေး ကောင်စီ အစည်းအဝေး ခေါ်ပြီး ဆုံးဖြတ်ချက် တခု ချမှတ် သင့်ပြီ ဖြစ်သည်ဟု ယူဆမိသည်။

 

ကမ္ဘာနိုင်ငံများ အနေဖြင့် ထိုအနေအထား အထိ ဖြစ်လာမည်ကို လုံးဝ မျှော်လင့် ထားခြင်းမရှိပဲ နေသာသလို နေလာခဲ့ကြရာမှ ၁၀၂၇ စစ်ဆင်ရေးကြောင့် မိန်းမောနေရာမှ လှုပ်နှိုး ခံလိုက်ရသလို ဖြစ်သွားပြီး မြန်မာ နိုင်ငံကြီး ပြိုကွဲသွားတော့မည်ဟု ဆိုကာ ဂယောင်ခြောက်ခြား အော်ဟစ် လာကြပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရသည် တိုင်းပြည်ကို ကောင်းစွာ ထိန်းချုပ်နိုင်စွမ်း ရှိကြောင်း ပြသသည့် အနေဖြင့် နိုဝင်ဘာ ၆ ရက်နေ့က သိမ်းယူနိုင်ခဲ့သည့် ကောလင်း မြို့တွင် ပြည်သူ့အုပ်ချုပ်ရေးကို အောင်မြင်စွာ ထူထောင် နိုင်ပြီ ဖြစ်ကြောင်း ဒီဇင်ဘာ ၃ ရက်နေ့တွင် ကြေညာချက် ထုတ်ပြန်နိုင်ခဲ့ပြီ ဖြစ်သည်။

 

ပြည်သူတရပ်လုံး ပူးပေါင်း ပါဝင်လာကြမည် ဆိုလျှင် အလားတူ မြို့နယ် အများအပြား အာဏာသိမ်း အဖွဲ့ ရန် မှ လွတ်မြောက်လာကြတော့မည် ဟူသော နမူနာ ကိုလည်း ကောလင်း က မီးမောင်းထိုးပြနေပြီ ဖြစ်သည်။

 

မင်းအောင်လှိုင် ကတော့ လက်ရှိ ဖြစ်ပျက်နေမှုများကို သူတဦးတည်းသာ အပြစ်လွတ်နေပြီး သမ္မတဟောင်း ဦးသိန်းစိန် မှ သည် အောက်ခြေ ဘဏ်ဝန်ထမ်း များ ကအစ ပြည်သူများပါ ပျင်းရိလွန်းပြီး အလုပ်မလုပ်ချင်ကြ၍ ဟု ဆိုကာ အကုန် လက်ညိုးထိုး သိမ်းကျုံး အပြစ်ဖို့ရင်း အချိန်ကုန်လွန်နေပေသည်။

 

နိုင်ငံသား သန်းပေါင်း များစွာ အိုးပစ် အိမ်ပစ် မိသားစုကို ခွဲခွာ၍ ပြည်ပတွင် အလုပ် သွားရောက် လုပ်ကိုင်နေကြရသည့် အဖြစ်ကိုတော့ မေ့လျော့နေပုံရပေသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

(ပုံတွင် နမ်ခမ်း မြို့ဝင် စစ်ဆေးရေး ဂိတ်ကို စောင့်ကြပ်နေသော TNLA တပ်ဖွဲ့ဝင်များကို တွေ့ရစဉ်)