ပြည်တွင်း စစ် အပြီး စစ်တပ်ကို မည်သို့ ပြန်လည် ဖွဲ့စည်း ကြမည်နည်း

by Hla Soewai - Dec 08 2023

အင်္ဂါ နေ့တွင် ကိုးကန့် ကိုယ်ပိုင် အုပ်ချုပ်ရေး ဒေသ အတွင်းရှိ ကုန်းကြမ်း မြို့ အခြေစိုက် ခလရ ၁၂၅ မှ တပ်ရင်း တရင်းလုံး မဟာမိတ် တပ်ပေါင်းစုထံ လက်နက်ချ ခဲ့ကြသည် ဆိုသော သတင်း၊ မတူပီ မြို့နယ် အတွင်း ရေဇွာ မြို့အား မဟာမိတ် တပ်များက သိမ်းပိုက်နိုင်ခဲ့ပြီ ဆိုသော သတင်း၊ ဟုမ္မလင်း မြို့နယ် အတွင်းရှိ ရွှေပြည်အေး မြို့အား သိမ်းပိုက် နိုင်ခဲ့ပြီ ဆိုသော အမျိုးသား ညီညွတ်ရေး အစိုးရ မှ ပြောဆိုလိုက်သည့် သတင်း၊ ကျိုက်မရော မြို့နယ် ချောင်းနှစ်ခွ စခန်းတွင် စစ်ကောင်စီ တပ်များ လက်နက်ချသူ ချ၊ ကစင့်ကလျားနှင့် ဆုတ်ခွာ ထွက်ပြေးသွားကြပြီ ဆိုသော သတင်း၊ လောက်ကိုင်တွင် ပိတ်မိနေသော မိမိတို့ နိုင်ငံသား များ အား ခေါ်ထုတ်နိုင်ရန် အာဆီယံ နိုင်ငံများက ပြင်ဆင်နေကြသည် ဆိုသော သတင်းများ၊ အီးယူမှ လက်ရှိ မြန်မာ အနေအထား အပေါ် မူတည်ပြီး မည်သို့ ချည်းကပ်ဆောင်ရွက်သွားရမည် အပေါ် စဉ်းစားလာနေပြီ ဆိုသော သတင်း၊ ပြန်ဝန်ဟောင်းအား မယ်မယ်ရရ ပြစ်မှု တစုံတရာ မကျုးလွန်သော်လည်း ထောင်ဆယ်နှစ် ချလိုက်သည် ဆိုသော သတင်းများ ထွက်ပေါ်လာခဲ့သည်။

 

စစ်တပ်ခေါင်းဆောင်ပိုင်းသည်လည်း မည်မျှပင် အပူရုပ် ကို ဟန်လုပ် ဖုံးကွယ် ထားစေကာမူ ဆောက်တည်ရာ မရ၊ အချင်းချင်း မယုံသင်္ကာ ဖြစ်လာနေသည် ဆိုသည်က အတိုင်းသား ပေါ်လွင်လာနေပြီ ဖြစ်သည်။

 

ထိုသို့ အနေအထား တွင် နိုင်ငံတကာ အနေဖြင့် တော်လှန်ရေး မဟာမိတ်များ၏ အသွင်ကူးပြောင်းရေး ကာလ အတွက် ကူညီရန် ပြင်ဆင်သင့်နေပြီ ဖြစ်သည်ဟု ဝါရှင်တန် စစ်ကောလိပ်ရှိ မြန်မာ အရေး သုတေသီ တဦး ဖြစ်သူ ဇာကာရီ အဘူဇာ မှ နီကီ အေးရှား ရီဗြူး တွင် ယခုလို သုံးသပ်ထားခဲ့သည်။

 

စစ်တပ်သည် သူ့အလိုလို ပြိုလဲသွားသည် ဖြစ်စေ၊ သို့တည်းမဟုတ် စေ့ဆပ်ဆွေးနွေးလာခြင်းမျိုး ဖြစ်စေ မြန်မာအတွက် လိုအပ်ချက် များက များပြားလှသည်။ ဆိုးရွားလွန်းလှသော စီးပွားရေး စီမံခန့်ခွဲမှု များ၏ ဒဏ်ရာဒဏ်ချက်များ၊ ဒီမိုကရေစီ အင်စတီကျုးရှင်းများ ပြန်လည် တည်ဆောက်ရေး နှင့် ထိရောက်သည့် အစိုးရ အုပ်ချုပ်ရေး ယန္တရား တရပ် တည် ဆောက်ရေး အစရှိသည် တို့ ဖြစ်သည်။

 

ယင်းအချက်များ နှင့် အလားတူ အရေးပါဆုံး နေရာ တွင် ရှိလာသည်က မြန်မာ စစ်တပ်အား အလုံးစုံ ပြုပြင် ပြောင်းလဲသွားရေးပင် ဖြစ်သည်။

 

မြန်မာတို့၏ တော်လှန်ရေးအား လိုလိုလားလား ထောက်ခံလိုစိတ် မရှိသည့် နိုင်ငံများက စစ်တပ်သည်သာ နိုင်ငံကို ပြိုကွဲမသွားအောင် လုပ်နိုင်သည်ဟု ခံယူထားကြသည်။

 

ယင်းသည်က လုံးဝ ယုတ္တိမတန်လှသည့် ဆင်ခြေမျိုးသာ ဖြစ်သည်။ စစ်တပ်သည် သူ့အလိုလို တိုင်းပြည်ကို မပြိုကွဲအောင် ထိန်းထားနိုင်ခြင်း မျိုး မရှိပဲ အာဏာကို ဆုပ်ကိုင်ထားနိုင်ရန် အတွက် ယင်းကို အကြောင်းပြ၍ ပြည်သူများ ရန်သူ လုပ်ကာ တချိန်လုံး လိုလို တိုက်ခိုက်နေရသော အဖွဲ့အစည်း ဖြစ်သည်။

 

ယခုအခါ စစ်တပ်သည် တခါမှ ထိုသို့ ဖြစ်လာလိမ့်မည်ဟု ထင်မထားသော အဆုံးအရှုံး များ နှင့် ရင်ဆိုင်လာရသည်ကို မျက်ဝါးထင်ထင် တွေ့မြင်လာရသည့် အခါတွင်တော့ ထိုသို့သော နိုင်ငံများ၊ အထူးသဖြင့် အိမ်နီးချင်း နိုင်ငံများ သည် မြန်မာပြည်သည် အလုံးစုံ ပျက်သုံးရေး ဆီသို့ ဦးတည်လာမည် စိုးရိမ်တကြီး ဖြစ်လာကြသည်။

 

သို့သော် မြန်မာပြည်တွင် အုပ်ချုပ်ရေး ပိုင်း တွင် လစ်ဟာသွားမည့် အနေအထား မရှိပေ၊ အကန့်အသတ်များ နှင့် အပြစ်အနာအဆာများ ရှိနေသော်လည်း လူထု၏ အုပ်ချုပ်ပိုင်ခွင့်‌ပေးကာ တခဲနက် ထောက်ခံထားသော အမျိုးသား ညီညွတ်ရေး အစိုးရ က ရှိနှင့်နေပြီး ဖြစ်သည်။

 

မြန်မာ ပြည်အား ပြန်လည် တည်ဆောက်နေချိန်တွင် စစ်တပ်သည် နောက်ထပ်တကြိမ် အာဏာသိမ်းခြင်း၊ ဒီမိုကရေစီ လုပ်ငန်းစဉ်များကို နှောက်ယှက် ဟန့်တားလာခြင်း တို့ မလုပ်နိုင်အောင် စီမံထားနိုင်မှ ဖြစ်ပေမည်။

 

ပထမဆုံး အနေဖြင့် ဗမာ အများစု လွှမ်းမိုးနေသော တပ်မတော် ခေါ် စစ်တပ်အား ဖျက်သိမ်းကာ အစမှ ပြန်လည် ဖွဲ့စည်းရမည် ဖြစ်သည်။ ယခုအခါ စစ်အင်အား နှစ်သိန်း ခန့်သာ ရှိတော့သည်ဟု ထင်ရှားလာနေသည့် ပရိုဖက်ရှင်နယ် ဆန်ဆန် ကျင့်သုံးရမည် ဆိုသည်ကို မည်သို့မျှ နားလည်ခြင်း မရှိပဲ “ဖြတ်လေးဖြတ်” ဖြင့် လူထု ကို ရိုကျိုး အောင် လုပ်ရမည် ဆိုသည်ကိုသာ သိနားလည် ထားပြီး စစ်ရာဇဝတ်မှုများ သည်သာ ၎င်းတို့၏ မဟာဗျုဟာ ဖြစ်သည်။

 

ယခုအခါ တော်လှန်ရေး တွင် တိုင်းရင်းသား လက်နက်ကိုင်များ အဓိက နေရာမှ ပါဝင်လာသည့် အတွက် ဗြိတိသျှ၊ အိန္ဒိယ ပုံစံ ဒေသ အသီးသီးရှိ တိုင်းရင်းသား အများစု ကိုယ်စားပြုသော သေနတ်ကိုင် တပ်ရင်းများ ဖွဲ့စည်းရမည် ဖြစ်သည်။ ယင်းနှင့် အတူ စစ်တိုင်း အသေးစားများ ဖြင့် လက်နက်ဝယ်ယူရေး၊ ထောက်ပံ့ရေး၊ စစ်ဖက်တရားစီရင်ရေး၊ ပညာပေးရေး တို့ကို တာဝန်ယူ ဆောင်ရွက်ရမည်၊ လေတပ်နှင့် ရေတပ်ကို ဗဟို စီမံခန့်ခွဲမှု အောက်တွင် ထားသင့်သည်။

 

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် လည်း ၎င်းတို့၏ လက်အောက်ခံ တပ်များကို နဂိုမူလ ရာထူးများ၊ ယူနီဖောင်း တံဆိပ်များ နှင့်အတူ ဗဟို၏ အဆင့်ဆင့် စီမံကွပ်ကွဲမှု အောက်သို့ သွတ်သွင်းသင့်သည်။

 

ထိုသို့ လိုက်လျော နိုင်မှသာ အမျိုးသား ညီညွတ်ရေး အစိုးရ အပေါ် မဟာမိတ် တိုင်းရင်းသားများ၏ ယုံကြည် ချစ်ခင်မှုကို ရရှိနိုင်မည် ဖြစ်သည်။

 

နိုင်ငံတကာ အသိုက်အဝန်း အနေဖြင့် ဖီလစ်ပိုင်ရှိ မင်ဒါနာအို၊ အင်ဒိုနီးရှား ရှိ အားချေ့ (Aceh) ကဲ့သို့ လက်နက် ဖြုတ်ရေး၊ တပ်များ ခွဲခြား ပေးရေး၊ တပ်မှ ထွက်လိုသူများ အား အကူအညီပေးရေး တို့ တွင် ကူညီပေးသင့်သည်။

 

ဒုတိယ အချက် အနေဖြင့် တာဝန်ယူမည့် အစိုးရ မှ လက်ရှိ စစ်တပ် ဖျက်သိမ်းပြီးနောက် အရာရှိ အရာခံ အကြပ်တပ်သားများ အား ပင်စင် လစာငွေများ ပေးမည် လော ဆိုသည်ကို နက်နက်နဲနဲ စဉ်းစား ဆုံးဖြတ်ရပေမည်။ တိုင်းပြည်အား ဖျက်ဆီးခဲ့သူများအား ထိုသို့ ပေးရန် မသင့်ဟု ယူဆသူများ ရှိလာနိုင်သော်လည်း ၎င်းတို့ ဖက်မှ မကျေမနပ် ဖြစ်လာမည့် အရေးကို စဉ်းစားရမည် ဖြစ်သည်။ ယင်းနှင့်အတူ ပြည်သူ့ကာကွယ်‌ရေး တပ်ဖွဲ့ဝင်များ၊ တိုင်းရင်းသား လက်နက်ကိုင် များ အားလည်း ထိုသို့ စဉ်းစားပေးဖို့ ဖြစ်လာပေဦးမည်။

 

တတိယ အချက် အနေဖြင့် တိုင်းပြည်အား ခုတုံးလုပ်ကာ စီးပွားရှာနေရင်း အကျင့်ပျက် ခြစားမှုများ မှိုလိုပေါက်နေသော စစ်တပ်၏ လုပ်ငန်း မှန်သမျှ ကို ပုဂ္ဂလိက ပိုင် အဖြစ် အမြန်ဆုံး ပြောင်းလဲပစ်ရန်ပင် ဖြစ်သည်။ စစ်တပ်သည် အစိုးရ ဘတ်ဂျက် ခွဲဝေပေးမှု အောက်တွင်သာ ရှိသင့်ပေသည်။

 

စတုတ္ထ အချက် သည်ကား စစ်တပ်မှ ဖျက်သိမ်းလိုက်သော လက်နက်များ မှောင်ခိုဈေးကွက်ထဲ ရောက်မသွားစေရန် နှင့် လူထု ကို ခြိမ်းချောက်မလာနိုင်စေရန် တားမြစ်နိုင်မည့် အစီအစဉ်များကို နိုင်ငံတကာမှ ဝိုင်းဝန်း ကူညီ ပံ့ပိုးပေးသင့်သည်။

 

လက်ရှိတွင် စစ်တပ်သည် အရေးနိမ့်သွားမည်လော၊ သို့သော် ခေါင်းဆောင်ပိုင်း အသစ် ပေါ်ထွက်လာပြီး စေ့ဆပ်လာမည်လော ဆိုသည်ကား ပြောဖို့ စောသးသော်လည်း မြန်မာ စစ်တပ်သည် ယခင်ကလို နိုင်ငံရေး၊ စီးပွားရေး တို့ တွင် ထင်တိုင်း လုပ်ခွင့်မရနိုင်တော့မည်ကား သေချာနေပေသည်။

 

မြန်မာ၏ နိုင်ငံရေး၊ စီးပွားရေး ရှေ့လျောက် ဖွံ့ဖြိုးလာနိုင်ရေး အတွက် အကူအညီပေးရန် အရေးတွင် စစ်တပ်ကို ပြုပြင် ဖွဲ့စည်းရမည် အချက်သည် လွန်စွာ အရေးပါသော ကဏ္ဍတွင် ရှိနေသည်ကို သတိချပ်ဖို့ လိုပေသည်။

 

ဆောင်းပါးရှင်မှ စစ်တပ် အား ဒီအတိုင်း ပိုနေမြဲ ကျားနေမြဲ ဆက်ထားမည့် မည်သို့သော ဖြေရှင်းချက်မျိုး မဆို တိုင်းပြည်၏ အနာဂတ် သည် လှပလာနိုင်မည် မဟုတ်ဆိုသည်ကို ထောက်ပြလိုက်ခြင်းပင် ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အဖွဲ့သည် အောက်တိုဘာလ အလယ်တွင် “ပရပ်ဂ် ပန်ကြားချက်” ဆိုကာ အနာဂတ် ဖက်ဒရယ် ဒီမိုကရေစီ တည်ဆောက်ရေး ရည်မှန်းထားချက်များကို နိုင်ငံတကာသို့ ချပြခဲ့ပြီး ဖြစ်သည်။

 

ထိုမျှနှင့် မလုံလောက်သေးပဲ ဘာလုပ်၍ လုပ်ရမှန်း မသိ ဖြစ်လာနေသော နိုင်ငံတကာ၏ တရားခံ ဖြစ်သွားမည့် အရေး စိုးရိမ်မှုများ ပပျောက်သွားစေရန် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား မဟာမိတ် အဖွဲ့များမှ နိုင်ငံတစည်းတလုံး တည်း နှင့် အချုပ်အခြာ အာဏာ တည်တံ့ခိုင်မြဲရေး မူ ကို စွဲကိုင်ထားပါသည် ဆိုသော ပူးတွဲ ကြေငြာချက်မျိုး ထွက်ပေါ်လာအောင် လုံးပမ်းသင့်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!