ကမ္ဘာ စီးပွားရေးကို ခြိမ်းခြောက်လာနေသည့် တကျော့ပြန် ဆူးအက်တူးမြောင်း အကျပ်အတည်း

by Hla Soewai - Dec 20 2023

ဂါဇာ ကမ်းမြှောင် ဒေသမှ မိုင် တထောင်ခန့် ဝေးသော အရပ်တွင်တော့ အစ္စရေး-ဟာမား စစ်ပွဲနှင့် နွယ်ယှက်ကာ ကမ္ဘာရေကြောင်း သွားလာရေး အား ပြင်းထန်စွာ ခြိမ်းခြောက်ခံလာနေရပြီ ဖြစ်၍ အင်အားကြီး နိုင်ငံများမှ ရေတပ်များ ပျားပန်းခပ်မျှ စုဝေး လာနေကြရပြီ ဖြစ်သည်။

 

ထိုသို့ ဖြစ်လာရခြင်းမှာလည်း ဒီဇင်ဘာ ၁၅ ရက် နေ့မှစ၍ ကမ္ဘာအကြီးဆုံး ကွန်တိန်နာ တင် သင်္ဘော ကုမ္ပဏီ ကြီးများဖြစ်သော CMA, CGM, Hapag-Lloyd, Maersk, MSC တို့မှ ဆူးအက်တူးမြောင်းကို ဖြတ်ကာ ပင်လယ်နီ ထဲ ဝင်ရောက်ရမည့် ရေကြောင်းသွားလာမှု သည် လုံခြုံမှု မရှိ‌ တော့ ဆိုကာ ရပ်ဆိုင်းလိုက်ကြခြင်းကြောင့် ပင် ဖြစ်သည်။

 

အီရန် ၏ ပံ့ပိုးမှုကို ရထားသော ယီမင်ရှိ ဟူသီ လက်နက်ကိုင်များသည် နောက်ဆုံးပေါ် လက်နက်များ ဖြင့် ကုန်တင် သင်္ဘောများကို ပစ်ခတ် တိုက်ခိုက်လာကြသည်။

 

ထို့အတွက် ကမ္ဘာကုန်သွယ်ရေး၏ အသက်သွေးကြော ပမာ အရေးပါလှသည့် ရေလမ်းကြောင်းသည် ရုတ်ခြည်း ဆိုသလို ရပ်တန့်သွားခဲ့၍ အမေရိကန် ဦး‌ဆောင်သော မဟာမိတ် နိုင်ငံများမှ ရေတပ်ကြီး များ အခင်းဖြစ်ရာ ဒေသတွင်းသို့ ရောက်ရှိလာကြခြင်း ဖြစ်သည်။

 

အခင်းဖြစ်ရာ ဒေသ သည် အာဖရိက နှင့် အာရေဗျ ကျွန်းဆွယ်အကြားရှိ ကျဉ်းမြောင်းသော ဘက် အယ် မန်ဒက် ရေလက်ကြားတွင် ဖြစ်သည်။ ကမ္ဘာကုန်သွယ်ရေး ပမာဏ၏ ၁၂ ရာနှုန်း စီးဆင်းရာ ရေလက်ကြားလည်း ဖြစ်သည်။

 

ဟားမား တို့အား ထောက်ခံသည်ဟု ဆိုကာ ဟူသီ တို့ တိုက်ခိုက်လာသည်မှာ ရက်သတ္တပတ် ပေါင်းများစွာ ရှိနေသော်လည်း ယခုအခါ အရှိန်မြင့်တင် လာခဲ့ကြသည်။

 

ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ဟူသီ လက်နက်ကိုင်များသည် သင်္ဘောတစီး အား ခြိမ်းခြောက်ခဲ့ပြီး၊ နောက်တစီးအား ဒရုန်း နှင့် ပစ်ခတ်ခဲ့သည်၊ ထို့ပြင် MV Platinum III အားလည်း သင်္ဘောဖျက် ဒုံးကျည် နှစ်စင်း ဖြင့် တိုက်ခိုက်ခဲ့ရာ တစင်းသည် သင်္ဘောကို ထိမှန်သွားခဲ့သည်။ ထိုသင်္ဘောအားလုံးသည် လိုင်ဘေးရီယား အလံ လွှင့်ထူထားကြသည်။

 

ဒီဇင်ဘာ ၁၆ တွင် အမေရိကန် ရေတပ် သင်္ဘော USS Carney သည် ပင်လယ်နီ ပေါ်တွင် ဒရုန်း ၁၄ ခုကို ပစ်ချနိုင်ခဲ့ပြီး ဗြိတိသျှ စစ်သင်္ဘော HMS Diamond သည် နောက်တခု ကို ဖျက်ဆီးပစ် နိုင်ခဲ့သည်။

 

အချို့ကုန်တင် သင်္ဘောများသည် လုံခြုံမှု မရှိဟု ယူဆပြီး ဆူးအက်တူးမြောင်းကို မဖြတ်တော့ပဲ 

ဂွတ်ဟုတ် အငူမှ ကွေ့ပတ် သွားလာနေကြပြီ ဖြစ်သည်။ ပင်လယ်နီ အတွင်း သွားလာခြင်း မပြုရန် ရပ်ဆိုင်းလိုက်သော ကုမ္ပဏီများသည် ကမ္ဘာ ကွန်တိန်နာ ကုန်သွယ်ရေး ၏ ၅၂ ရာနှုန်းကို တာဝန်ယူထားသည်။ ကုန်တင်သင်္ဘောကြီးများ၊ ရေနံတင် သင်္ဘောများလည်း အလားတူ ပြုလုပ်လာဖွယ် ရှိနေသည်။

 

ထိုပြဿနာကြောင့် သက်ရောက်လာနိုင်သည့် အကြောင်းနှစ်ရပ် ရှိနေသည်၊ ပထမ အကြောင်းသည် ကမ္ဘာစီးပွားရေး ထိခိုက်နိုင်စရာ ရှိနေခြင်း နှင့် ဒုတိယ သည်ကား အနောက်နိုင်ငံများက ရေကြောင်းလမ်းကို ပြန်လည် ထိန်းချုပ်နိုင်ရန် ကြိုးပမ်းလာမည့် အရေးကြောင့် အရှေ့အလယ်ပိုင်း တွင် စစ်ပွဲသည် ယခုထက်ပို၍ ကျယ့်ပြန့်လာနိုင်စရာ ရှိနေခြင်းပင် ဖြစ်သည်။

 

ဆူးအက် တူးမြောင်း ဖြတ်သန်းခ မှ ဝင်ငွေ ရရှိနေသော အီဂျစ်၏ စီးပွားရေးသည် လက်ရှိ အကျပ်ဆိုက်နေသော အနေအထားမှ ပို၍ ဆိုးဝါးလာစရာ ရှိနေသည်။ အစ္စရေး အဖို့က ၎င်း၏ ပင်လယ်နီ ဆိပ်ကမ်း ဖြစ်သော အီးလတ်သည် ကုန်သွယ်ရေး ပမာဏ ၏ ၅ % သာ ကိုင်တွယ်နေ၍ အနည်းငယ်မျှ လောက်သာ ထိခိုက်သွားနိုင်ပေသည်။

 

ကမ္ဘာစီးပွားရေး တွင် ဆူးအက်တူးမြောင်း ပိတ်ထားရ၍ သင်္ဘောလမ်း ကြောင်းများ အာဖရိက တိုက်ကို ပတ်၍ ဂွတ်ဟုတ် အငူ ဖက်မှ ခုတ်မောင်းရတော့မည် ဖြစ်၍ စရိတ်စက ထောင်းကာ ထိခိုက်လာမည် ဖြစ်သည်။

 

၂၀၂၁ အတွင်း တိုင်ဝမ် ပိုင် Ever Given သင်္ဘော ဆူးအက် တူးမြောင်းအတွင်း ‌၆ ရက် ခန့် သောင်တင်နေခဲ့ခြင်းကြောင့် အတော်ထိခိုက်သွားခဲ့ရဖူးပေသည်။

 

ပင်လယ်နီ အတွင်း လုံခြုံရေး ပြဿနာကြောင့် အနီးအနားရှိ အာရေဗျ ပင်လယ် အတွင်း ရေနံတင် သင်္ဘောများ သွားလာ၍ မရ ဖြစ်လာပါက ပင်လယ်လမ်းကြောင်းဖြင့် ရေနံတင်ပို့နေမှု၏ သုံးပုံတပုံ ခန့် ပြတ်တောက်သွားနိုင်၍ ကုန်ကျစရိတ်များ သိသိသာသာ မြင့်တက်လာဖို့ ရှိနေသည်။

 

ထိုအန္တရာယ်များကြောင့် အမေရိကန် နှင့် မဟာမိတ်များ မဖြစ်မနေ အရေးယူ လာရဖို့ ဖြစ်လာခဲ့သည်။ ဟူသီများက အစ္စရေး သို့ သွားနေသော သင်္ဘောမှန်သမျှ ကို ဂါဇာသို့ ကယ်ဆယ်ရေး ပစ္စည်းများ မရောက်မခြင်း ပစ်ခတ်သွားမည်ဟု ကြိမ်းဝါးနေသော်လည်း ၎င်းတို့ ပစ်သည့် သင်္ဘောတစင်းတလေမျှ အစ္စရေး သို့ ဦးတည်ခုတ်မောင်းနေခြင်း မရှိပေ။

 

အီရန်သည် ၎င်းတို့ရန်ဖက်များ ဖြစ်သော ဆော်ဒီ အာရေးဗီယား နှင့် ယူအေအီးတို့အား တိုက်ခိုက်‌နေသော ဟူသီများ အား စနစ်တကျ လေ့ကျင့် ပေးထားပြီး တပ်ဆင်ပေးထား‌‌ သော လက်နက်များကလည်း နောက်ဆုံးပေါ် အသစ် အဆန်းများ ဖြစ်သည်။ 

 

အနောက်တိုင်း နှင့် အစ္စရေး ထောက်လှမ်းရေး ဖက်မှ လက်ရှိ တိုက်ခိုက်မှုအား ဟူသီ တို့ အား လေ့ကျင့်ပေးနေသော အီရန် အထူးတပ်ဖွဲ့ Quds ၏ Corps 600 မှ ခွင့်ပြုထားခြင်း ရှိမရှိ ကို ယတိပြတ် မပြောနိုင် ဖြစ်နေသည်။ သို့သော် ဟူသီများသည် သင်္ဘော များ၏ သတင်းအချက်အလက်များကို အီရန် တို့ထံမှ ရနေမှန်းကိုတော့ သိထားကြသည်။

 

အီရန်သည် အစ္စရေး နှင့် တိုက်ရိုက် ရင်ဆိုင်သည့် လမ်းကို မရွေးပဲ ယခုလို နည်းမျိုးဖြင့် ပတ်ဝန်းကျင် နိုင်ငံများက အစ္စရေး အား ဝိုင်းဝန်း ဆန့်ကျင်လာကြရန် ရည်ရွယ်ခြင်းလည်း ဖြစ်ပုံရသည်၊ သို့သော် ဟူသီများအား ၎င်းတို့ လုံးဝဥသုံ ထိန်းချုပ် နိုင်ခြင်းမျိုး မရှိပြန်၍ ပဋိပက္ခသည် ရှည်ကြာ သွားနိုင်ပေသည်။

 

ဆော်ဒီ နှင့် ယူအေအီးတို့မှ သံတမန်ရေးအရ ဝင်ရောက် ဖြေရှင်း ပေးနိုင်ခြေ ရှိနေသော်လည်း လောလောဆယ်တွင် အနောက်နိုင်ငံများသည် စစ်ရေးအရ လက်တုန့်ပြန်လာနိုင်ပေသည်။

 

ယခုအခါ အမေရိကန် ဦးဆောင်သော နိုင်ငံစုံ ရေတပ်သည် ယီမင် ကမ်းလွန် တွင် လှုပ်ရှား‌နေပြီး ဟူသီ တပ်များ သင်္ဘောများပေါ်သို့ အတင်းအဓမ္မ တက်လာမည့် အရေး ကို ဟန့်တားနိုင်ရန် စောင့်ကြည့်နေသည်။ အမေရိကန်၊ ဗြိတိန် နှင့် ပြင်သစ် စစ်သင်္ဘောများက ဟူသီ တို့၏ ဒရုန်း အတော်များများကို ပစ်ချနိုင်ခဲ့ကြသည်။ သို့သော်လည်း ဟူသီ တို့သည် ဒရုန်း နှင့် ဒုံးကျည် အနည်းငယ်ကို ပစ်ချခံရမည့် အရေးမှ ရှောင်ရှားနိုင်ခဲ့ကြသည်။

 

ရေနံတင် သင်္ဘောများကို ဘေးမှ ‌အစောင့် အရှောက် အဖြစ် လိုက်ပါဖို့ အရေးသည် စစ်သင်္ဘော အများအပြား လိုအပ်နေ၍ အကုန်အကျ များဖို့ ရှိနေသည်။

 

ထို့အတွက် အမေရိကန် နှင့် အစ္စရေး တို့မှ ဟူသီတို့၏ လက်နက်သိုလှောင်ရာ စခန်းများ နှင့် တပ်များကို တိုက်ရိုက် တိုက်ခိုက်ရန် ပြင်ဆင်လာကြပြီ ဖြစ်သည်။

 

ဘိုင်ဒင် အစိုးရသည် ထိုသို့ လုပ်ခြင်းဖြင့် ပဋိပက္ခ တွင် ပါဝင်လာရမည်ကို မလိုလားပဲ ဖြစ်နိုင်လျင် အီရန် အား သံတမန်ရေး နှင့် စီးပွားရေး အရ ဖိအားပေးလိုသည်၊ အစ္စရေးသည်လည်း ဂါဇာတွင် စစ်ပွဲကြီး ဆင်နွှဲနေရပြီး တဖက်တွင်လည်း လက်ဘနွန် တောင်ပိုင်းမှ နေစဉ်လို ဒုံးကျည်များ နှင့် ပစ်ခတ် တိုက်ခိုက်နေသော ဟစ်ဘိုလာ တို့၏ ရန်ကိုလည်း စောင့်ကြည့်နေရ၍ ဟူသီ တို့အား တိုက်ရမည့် အရေး ကို စိတ်မပါ လက်မပါ ဖြစ်နေသည်။

 

သို့သော် အီရန် နှင့် ၎င်း၏ လက်ဝေခံ ဟူသီ တို့မှ ကမ္ဘာ အဓိက ကုန်သွယ် ရေလမ်းကြောင်းကို ဆက်လက် တိုက်ခိုက်နေ၍ ပိတ်ဆို့သွားမည် ဆိုက စစ်ပွဲသည် မလွှဲမရှောင်သာ အရှိန်မြင့်လာတော့မည် ဖြစ်သည်။

 

(၂၀၂၃ ‌ဒီဇင်ဘာ ၁၆ အီကော်နောမစ် မဂ္ဂဇင်းပါ "A new Suez crisis threatens the world economy" ဆောင်းပါး အား ကိုးကားသည်။)