တရုတ်ထံ အိတ်ဖွင့်ပေးစာ ပေးပို့

by Hla Soewai - Dec 20 2023

အာဏာသိမ်း စစ်ကောင်စီ ဆက်လက်တည်မြဲရေးအတွက် တရုတ်နိုင်ငံအနေဖြင့် နိုင်ငံရေး၊ စစ်ရေးအရ အားပေး ကူညီထောက်ခံခြင်းများမပြု လုပ်ရန် တရုတ်သမ္မတ ရှီကျင့်ဖျင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနှင့် တရုတ်ပြည်သူများထံသို့ ပြည်တွင်းပြည်ပ မြန်မာအရပ်ဘက်အဖွဲ့အစည်း၂၅၅ ဖွဲ့က ယမန်နေ့ရက်စွဲဖြင့် အိတ်ဖွင့်ပေးစာ တစောင် ပေးပို့ခဲ့သည်ဟု ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

ထိုစာတွင် စစ်အာဏာသိမ်းမှုအား ဆန့်ကျင်တော်လှန်နေသည့် မြန်မာပြည်သူတရပ်လုံး၏ အသံနှင့်သဘောထား ဆန္ဒအား အလေးထားဂရုပြုရန်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို စစ်ကောင်စီနှင့် မဖြစ်မနေ စေ့စပ် ဆွေးနွေးကြရန် အကျပ်ကိုင်ဖိအားပေးခြင်းကဲ့သို့ ပြည်သူ့တော်လှန်ရေး အဟန့်အတားဖြစ်စေသည့် လုပ်ရပ်များ အမြန်ဆုံးရပ်တန့်ရန် တို့ ပါရှိသည်။

 

၂၀၀၈ ဖွဲ့စည်းပုံ သည် မြန်မာပြဿနာ ကို ဖြေရှင်းနိုင်မည့် အဖြေ မဟုတ်၍ ပြည်သူတရပ်လုံးက လက်မခံ နိုင်ကြောင်း၊

 

တရုတ်အစိုးရအနေဖြင့် အိတ်ဖွင့်ပေးစာပါ သတင်းစကားနှင့် တောင်းဆိုမှုများအား အလေးမထားဘဲ စစ်ကောင်စီ သက်ဆိုးရှည်ရေး ထောက်ခံပံ့ပိုးမှုများဆက်လက်လုပ်ဆောင်နေမည်ဆိုပါက တုံ့ပြန်ဆောင်ရွက်သင့်သည်များကို မဖြစ်မနေ ဆက်လက် ဆောင်ရွက်သွားများဖြစ်ကြောင်းလည်း အသိပေး ဖော်ပြထားသည်။

 

တရုတ်သည် တကယ်တမ်းတွင် စစ်အာဏာ သိမ်း အဖွဲ့ သက်ဆိုးရှေ ရေးကို ဂရုစိုက်နေခြင်း ရှိပုံမရပဲ မည်သည့် ဒီမိုကရေစီ အစိုးရ တက်တက် ၎င်းတို့ အကျိုးစီးပွား ကို အေးအေးလူလူ ဆက်လုပ် သွား နိုင်မည်ကိုလည်း သိထားသည်။ လက်ရှိ တော်လှန်ရေး ကြီးတွင်လည်း အမေရိကန် တို့ ဘေးထွက် ထိုင်နေမှန်း သိ၍ နောက်တက်လာမည့် အစိုးရသည် အမေရိကန် နှင့် အနောက်နိုင်ငံများ၏ ကြိုးဆွဲရာ ကမည် မဟုတ်မှန်းလည်း ရိပ်စားမိနေပြီ ဖြစ်သည်။

 

၎င်းတို့စိုးရိမ်နေသည်က စစ်တပ် မရှိလျှင် တိုင်းပြည် အစိတ်စိတ် အမွှာမွှာ ကွဲထွက်သွားပါက ၎င်းတို့ အကျိုးစီးပွား အတွက် မည်သူကို အဖေ ခေါ်ရမှန်း မသိ ဖြစ်လာနိုင်သည့် အရေးပင် ဖြစ်သည်။

 

ထို့အတွက်လည်း တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ တောင်းဆိုနေသည့် ဖက်ဒရယ် ပြည်ထောင်စု ဆိုသည်ကိုလည်း ၎င်းတို့ မယုံစား၊ နောက်ပိုင်းတွင် အချင်းချင်း ပြန်တိုက်လာပြီး ပိုဆိုးသွားနိုင်သည်ဟု ယူဆနေသည်။

 

ထို့အတွက် စစ်တပ်က အခိုင်အမာ ထိန်းချုပ်ထားနိုင်မည့် ၂၀၀၈ ဖွဲ့စည်းပုံ အောက်တွင် နိုင်ငံရေး နည်းလမ်း အရ ဖြေရှင်းကြရန် အမြဲလို ထည့်ပြောနေခြင်း ဖြစ်သည်။

 

စစ်ခေါင်းဆောင်များသည် နိုင်ငံ အကျိုး ကြည့်တတ်သူများ မဟုတ်ပဲ ၎င်းတို့ အကျိုးကို ကာကွယ်စောင့်ရှောက်နေသည့် မကောင်းဆိုးဝါးသဖွယ် ဖြစ်နေမှန်းလည်း ကျားဖြန့် အရေးကြောင့် ပိုသိသာလာ‌နေပြီး ၎င်းတို့ ဖမ်းဝရမ်း ထုတ်ထားသော ကိုးကန့် ဒေသ ခေါင်းဆောင် ဆယ်ဦး ကို ယခုထိ လွှဲပြောင်းပေးခြင်း မရှိသေးသည်ကိုလည်း သတိမပြု မိပဲ နေမည် မဟုတ်။

 

စစ်ကောင်စီကလည်း တရုတ်၏ စိုးရိမ် မကင်း ဖြစ်နေမှု ကို သာသာထိုးထိုး နှင့် အဆင်း ဘီးတွန်းပေးပြီး လက်ရှိ ထိုးစစ်ကြီး မရပ်နိုင်လျှင် တိုင်းရင်းသားများသည် ၎င်းတို့ပိုင် နယ်နမိတ် စည်းမျဉ်းများ အပိုင် သတ်မှတ်လာကြလိမ့်မည်ဟု ခြိမ်းခြောက်မည်သာ ဖြစ်သည်။

 

ထို အနေအထားသည် ပို၍ ဆိုးဝါး သွားနိုင်သည့် greater evil ဖြစ်နေ၍ lesser evil စစ်တပ်ကိုသာ မျက်စိစုံမှိတ် ထောက်ခံ ပေးနေရခြင်းသာ ဖြစ်ပေမည်။

 

ထို့အတွက် တရုတ်အား လော‌ လောဆယ် ကန္တကောစ လုပ်သည်ထက် အီဂေါ ဗလာစီဗစ် အကြံပြုထားသလို အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် လက်ရှိ အဓိက တိုက်ခိုက်နေကြသည့် တိုင်းရင်းသား တော်လှန်ရေး မဟာမိတ်များ ပါဝင်သည့် ကိုယ်စားလှယ် အဖွဲ့ ဖွဲ့ပြီး ဘီဂျင်းအား တရားဝင် ဆက်သွယ်မှု ရလာအောင် သံတမန် ထိုးစစ် ဆင်ပြီး မြေပြင် အခြေအနေ အမှန်ကို သိအောင် နားချ မှ ဖြစ်ပေမည်။

 

လက်ရှိ တော်လှန်ရေး အား မည်သို့မျှ အထောက်အကူ မပြုပဲ ရူးခြင်ယောင် ဆောင်နေကြသည့် အမေရိကန် နှင့် ဥရောပ မဟာမိတ်များကို လောလောဆယ် ခေတ္တ ခဏ မေ့ထားရမည်သာ ဖြစ်သည်။

 

ယာယီ သမ္မတကြီး ဒူဝါး လရှီးလ မှ နိုင်ငံတကာရှိ တရုတ် သံအရာရှိများ နှင့် ထိတွေ့ဆက်ဆံပြီး အကျိုးသင့် အကြောင်းသင့် ရှင်းပြနေသည်ဟု သူ၏ အင်တာဗျုး တခုတွင် ထည့်ပြောသွားခဲ့သည်။

 

‌နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှလည်း မကြာမီက ပြုလုပ်ခဲ့သော ဧရာဝတီ နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ၂၀၂၂ ခုနှစ် အတွင်း မိမိတို့၏ တနှစ်တာ စီမံကိန်းကို တိုင်းရင်းသား အဖွဲ့များထံ ချပြခဲ့ပြီး ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့မှ မိမိတို့နှင့် နွေဦးတော်လှန်ရေး၏ လားရာ 

 အပေါ် အတိုင်းအတာ တခုထိ ယုံကြည်မှုလည်း ရှိလာ၍ ပါဝင်လာခြင်း ဖြစ်သည်ဟု ဆိုသည်။ အတိတ်က သင်ခန်းစာများ ကို ကြည့်ပြီး အပြည့်အဝ ယုံကြည်မှု ရလာအောင် ဆက်လက် ကြိုးပမ်းလျှက် ရှိ‌‌ နေသည်ဟုလည်း ဆိုသည်။ 

 

အယင်က ဖြစ်ခဲ့ဖူး၍ နောက်လည်း ဒီလို ဆက်ဖြစ်နေမည်က ကြိမ်းသေပေါက် ယူဆထား၍ မဖြစ်၊ ညီညွတ်မှု ဖြင့် စိန်ခေါ်လာမှုများကို ကျော်လွှားနိုင်မည်သာ ဖြစ်ကြောင်းလည်း ပြောသွားခဲ့သည်။

 

တဦးနှင့် တဦး အပြန်အလှန် မယုံကြည်မှု များ ရှိနေသရွေ့ စစ်အုပ်ချုပ်ရေး အောက်တွင်သာ ဆက်နေသွားရလိမ့်မည်ဟု ဆိုသည်။

 

မဟာမိတ် ညီနောင်များ၏ ၁၀၂၇ စစ်ဆင်ရေး ကြောင့် နိုင်ငံတကာသည် မြန်မာအရေးကို မေ့မေ့လျော့လျော့ နေခဲ့ရာမှ အိပ်နေရာမှ လှုပ်အနှိုးခံလိုက်ရသလို ဖြစ်လာကြပြီဟု လည်း ပြောခဲ့သည်။

 

သို့သော် စစ်အာဏာသိမ်း အဖွဲ့အား အမြန် ဖယ်ရှားနိုင်ရေး တွင် စစ်မြေပြင် အောင်ပွဲများနှင့် မလုံလောက်သေးပဲ သံတမန်ရေး၊ လူထု လှုပ်ရှားမှု များ၊ ဘဏ္ဍာရေး အရ ထိုးနှက်ခြင်းများကိုပါ ဟန်ချက်ညီညီ ဆက်လုပ်သွားမည် ဖြစ်ကြောင်းနှင့် တိုင်းပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေး ပုံဖေါ်သွား မည်က ဖက်ဒရယ် ဒီမိုကရေစီ ဖြစ်သည်ဟု မိမိ ယုံကြည်သည်ဟု လည်း ဆိုသည်။

 

မြန်မာ အရေး နှင့် ပတ်သက်ပြီး ယခုထိ အမေရိကန်သည် ခေါင်းရှောင်နေဆဲ ဆိုသည်ကို ဖနွမ်းပင် တွင် ရောက်ရှိနေသော အမေရိကန် လက်ထောက် နိုင်ငံခြားရေး ဝန်ကြီး မယ်လစ်စာ ဘရောင်းမှ မြန်မာ အား ဒီမိုကရေစီ လမ်းကြောင်းပေါ် ပြန်ရောက်ရန် နိုင်ငံ အသီးသီး အဖွဲ့အစည်း အသီးသီး ပါဝင် ဖြေရှင်းရမည်ဟု သတင်းစာ ရှင်းလင်းပွဲ တွင် ပြောသွားသည်ကို ထောက်၍ သိသာ ထင်ရှား‌ နေပေသည်။

 

အမေရိကန်သည် မြန်မာ အရေးအား ၎င်းတို့၏ ကိုယ်ကျင့်တရား ခံယူချက် အပေါ် စိန်ခေါ်လာမှု အဖြစ်သာ ယူဆ ကိုင်တွယ်ခဲ့ခြင်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!