အိမ်တွင်းပုန်း သမ္မတလောင်း

by Hla Soewai - Dec 20 2023

ရပ်ကွက်ထဲတွင် အလှု အတန်း လုပ်သည့် အခါတိုင်း ကိုယ့်အိမ် တအိမ်တည်း ကွက်၍ ဖိတ်ကြားခြင်း မခံရပါက မိမိတို့အား မည်မျှ ရွံရှာ မုန်းတီး နေကြပြီ ဆိုသည်ကို မည်သူ မဆို ရိပ်စားမိလောက်ပြီ ဖြစ်သည်။

 

သို့သော် မိမိ အကျင့်စရိုက် ကို ပြင်ရကောင်းမှန်းမသိ၊ ရှက်ရမှန်းလည်း မသိ၊ အချိန်တန်လျှင် ပြန်ဆက်ဆံကြလိမ့်မည် ဆိုကာ အိမ်ထဲဝင်လာမည်ကို လည်ပင်းတရှည်ရှည် ဖြင့် ထိုင်စောင့်နေသူ၏ အဖြစ်က လက်ရှိ အာဏာသိမ်း အဖွဲ့၏ အဖြစ်နှင့် တထပ်တည်း ပင် ဖြစ်သည်။

 

ယခု တိုကျို ရှိ အလာစကား နန်းတော် အစိုးရ ဧည့်ဂေဟာ ကြီးတွင် ဂျပန် ဝန်ကြီးချုပ် ဖူမီယို ကီရှီဒါမှ အာဆီယံ ခေါင်းဆောင်များ အား အာဆီယံ-ဂျပန် ပူးပေါင်းဆောင်ရွက်မှု နှစ် ငါးဆယ်ပြည့် အခမ်းအနားသို့ ဖိတ်ကြား ပြီး ညစာ စားပွဲ ဖြင့် တလေးတစား ဧည့်ခံသည့် ပွဲတွင်လည်း စစ်ခေါင်းဆောင်အား ‌ယောင်လို့မျှ ပင် ဖိတ်ကြား မခံခဲ့ရပြန်ပေ။ (ပုံတွင် ရှု)

 

၎င်း၏ ရုရှားသို့ အတင်းကာရော သွားရောက်ခဲ့သည်များမှ အပ တရားဝင် ခရီး ဆို၍ ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်း စွပ်ခဲ့သည့် ဂျကာတာ သွား ခရီးသာ ရှိခဲ့သည်၊ ထိုအစည်းအဝေး တွင်ပင် ၎င်း၏ သဘောတူ ညီ ချက် ဖြင့် ဘုံသဘော တူညီချက် ငါးချက် ဆိုသည်ကို ချမှတ်ခဲ့သည်၊ သို့သော် နေပြည်တော် ပြန် ရောက်သည့် အခါတွင်တော့ သူ မပြောခဲ့သလို ရူးချင်ဟန် ဆောင်ခဲ့သည်။

 

ဤသည်ကပင် စစ်ကောင်စီ ၏ နိုင်ငံတကာ ဆက်ဆံရေး တွင် ရှေ့လျောက် မည်သို့မျှ နာလံ မထူနိုင်အောင် ဖြစ်သွားခဲ့ရသည်။

 

ယခု တိုကျို တွင် ပြုလုပ်နေသည့် ဂျပန်-အာဆီယံ ထိပ်သီး အစည်းအဝေး တွင် ဖိလစ်ပိုင် သမ္မတ မားကို့စ် ဂျုနီယာ မှ လစ်လပ်နေသော ခုံကို လက်ညိုးထိုးကာ အာဆီယံ မိသားစုဝင် ဖြစ်နေဆဲ မြန်မာပြည် တွင် ဖြစ်ပေါ်နေသော အကြမ်းဖက်မှု များ နှင့် ပြည်သူများ၏ ဆင်းရဲဒုက္ခ ရောက်နေမှု များအား ပါဝင် ပတ်သက်နေသူ အားလုံး နှင့် ‌‌‌ဦးဆောင်ဦးရွက် ပြု ဆွေးနွေးပြီး ဖြေရှင်းခြင်း မပြုပဲ နှင့် ဒေသတွင်း ငြိမ်းချမ်းတည်ငြိမ် မှု ရှိလာလိမ့်မည် မဟုတ်ဟု ၎င်း၏ အဖွင့်မိန့်ခွန်းတွင် ထည့်သွင်း ပြောဆိုသွားခဲ့သည်။

 

အင်ဒိုနီးရှား သမ္မတ ဂျိုကိုဝီကလည်း ၎င်း၏ ပင်လယ်ကမ်းခြေ သို့ တဖွဲဖွဲ ဆိုက် ရောက် လာနေသော ရိုဟင်ဂျာ လှေစီးပြေး ဒုက္ခသည်များ အကြောင်း ဖြေရှင်းပေးပါရန် မေတ္တာရပ်ခံ သွားပြန်သည်။ တကယ်တမ်းတွင် ၎င်းသည် အာဆီယံ ဥက္ကဌ အဖြစ် ရလာသည့် အကောင်းဆုံး အခွင့်အရေး ကို အသုံးမချ နိုင်ခဲ့သူ သာ ဖြစ်ပေသည်။ 

 

ဤသည်ကိုလည်း သူ့အား အပြစ်တင်၍ မရပြန်၊ မြန်မာ ပြည်ရှိ ဓါတ်ဆီဆိုင်များတွင် ကားတန်း ကြီး တမျှော်တခေါ်ကြီး ဖြစ်နေမှု၊ မီးမလာသဖြင့် လက်ကိုင်ဖုန်းပင် အားမသွင်းနိုင် ဖြစ်နေကြရသော်လည်း အင်ဒိုနီးရှားသည် G-20 နိုင်ငံများ စာရင်းဝင် ထိတ်တန်း စီးပွားရေး အားကောင်းသော နိုင်ငံ ဖြစ်လာပြီး ဂျိုး ဘိုင်ဒင်၊ အီလွန်မပ်စ်၊ ဆော်ဒီ အိမ်ရှေ့မင်းသားကဲ့သို့ ပုဂ္ဂိုလ်များ မဖြစ်မနေ သွားရောက်ရသည့် နိုင်ငံ ဖြစ်လာပေပြီ။

 

ထိုကဲ့သို့ ဖြစ်လာနေသည်ကို အားကျရကောင်းမှန်း မသိ၊ လက်ရှိ အနေအထားကို ပြောင်းလဲ ပစ်နိုင်စွမ်း ရှိသူများက အဘ၊ အဘ နှင့် အဘ ရန်သူ ဒို့ရန်သူ ဆိုကာ မြှောက်ပင့် ကောင်းနေဆဲပင် ဖြစ်သည်

 

တကယ်တမ်း တွင် ၎င်းတို့ မြှောက်ပင့် ပေးနေသည့် အဘသည် ပြည်ပသို့သာ တရားဝင် ခရီး ထွက်ခွင့် မရ ရှာသည် သာမက ပြည်တွင်း တွင်ပင် ၎င်း သွားရောက် နိုင်သည့် နေရာဒေသများက ကျဉ်းသည်ထက် ကျဉ်းလာနေပြီ ဖြစ်သည်။

 

နေပြည်တော် နှင့် ပြည်နယ် တိုင်း ၁၄ ခု ရှိသည့် အနက် မင်းအောင်လှိုင် သွား၍ ရသည်က ၆ ခုသာ ကျန်တော့ပြီး ထို ၆ ခုတွင်လည်း မြို့တော် များသာ ဖြစ်သည်ဟု ဧရာဝတီ က ဆန်းစစ် တင်ပြထားသည်။

 

ယခု နှစ် အတွင်း ၎င်းရောက်ခဲ့သည့် က ရန်ကုန်၊ ပဲခူး၊ မန္တလေး၊ စစ်ကိုင်းဒေသကြီး၊ ရခိုင် နှင့် ရှမ်းပြည်နယ်သာ ရှိသည်ဟု ဆိုသည်။ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားနေသော စစ်ကိုင်းတိုင်း အတွင်းသို့ ရောက်ရှိသွားခဲ့သော်လည်း အနောက်မြောက်တိုင်း စစ်ဌာနချုပ် ဝင်းအတွင်းမှ အပြင်သို့ ခြေတလှမ်းပင် မထွက်ရဲခဲ့ဟုလည်း ပါရှိသည်။

 

ရခိုင် သို့ သွားခဲ့သည့် အချိန်ကလည်း ဇူလိုင်လ အတွင်း ဖြစ်ပြီး အတော်လေး ငြိမ်းငြိမ်းချမ်းချမ်း ရှိနေချိန်လည်း ဖြစ်နေသည်။

 

ရှမ်းပြည်နယ် ဆိုသော်လည်း တောင်ပိုင်းသာ ခဏခဏ ရောက်သော်လည်း မြောက်ပိုင်းကိုကား တိုက်ပွဲများ ဖြစ်ပွားနေသည့် သိန္ဓီ နှင့် ၈၀ ကီလိုမီတာ ဝေးသော လာရှိုးအထိ သာ ဖြစ်သည်။

 

၎င်း၏ တပ်များ အကြီးအကျယ် အရေးနိမ့်နေသည့် ထိုဒေသ သို့ ၁၀၂၇ စစ်ဆင်ရေး စတင်ပြီး တလ ခွဲခန့် ကြာမှသာ ရောက်လာခြင်း ဖြစ်သည်။

 

သူ့ အဖို့ လားရှိုးသို့ပင် အရဲစွန့်လာခဲ့ရသည်ကို ကျေနပ် အားရခြင်း မရှိပဲ အဘ သည် အဘယ်ကြောင့် လောက်ကိုင် နှင့် လွိုင်ကော်သို့ သွားရောက် အားပေးခြင်း မရှိရသနည်းဟု ဆိုရှယ် မီဒီယာတွင် ထောက်ခံသူများက မေးခွန်းထုတ်လာကြသည်။

 

စစ်တွေ နှင့် ၂၂ ကီလိုမီတာ သာ ဝေးသော ပေါက်တော တွင် ရက္ခိုင့်တပ်တော်သည် စစ်စခန်း ၆ ခု ကို သိမ်းပိုက်ထားပြီး ဖြစ်၍ အဘ မည်သည့် အခါမျှ လာ နိုင်တော့မည် မဟုတ်ပေ။

 

သမ္မတ ဖြစ်လိုသော်လည်း နိုင်ငံတွင်း သွားနိ့င်သည့် နယ်ကား ကျဉ်းသည်ထက်ပင် ကျဉ်းလာ‌နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!