NUG ကျော်လွှားရမည့် အဓိက အချက်

by Hla Soewai - Dec 20 2023

၁၀၂၇ စစ်ဆင် ရေး ဖြင့် တပြည်လုံးကို တပ်လှန့်‌ ပေး ခဲ့သည့် တော်လှန်ရေး မဟာမိတ် တပ်များ ၏ ထိုးစစ်သည် အရှိန်ရလာနေပြီး နိုင်ငံ အနှံရှိ စစ်စခန်း ရာပေါင်းများစွာ နှင့် နောက်ဆုံးသတင်းအရ နမ်းဆမ် အပါအဝင် မြိုပေါင်း ၁၇ မြို့ကို သိမ်းယူနိုင်ခဲ့ပြီး ဖြစ်သည်။

 

စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်းမှ နမ်းဆမ် တဝိုက်တွင် တိုက်ပွဲများ ပြင်းထန်နေဆဲ ဟု MRTV မှ လိမ်ညာ ဖုံးဖိ နေဆဲတွင် TNLA တပ်မှုးများ မြို့တွင်း လှည့်လည် ကြည့်ရှု့ စစ်ဆေးပြီး ဖမ်းဆီး ရမိထားသော စစ်ကောင်စီ သုံ့ပန်းများ နှင့် စကားစမြည် ပြောဆိုနေသည့် ဗီဒီယို ဖိုင်များက ထွက်ပေါ်လာနေသည်ဟု AFP သတင်းတွင် ဖေါ်ပြထားသည်။

 

ဇော်မင်းထွန်း သည် စစ်တပ်မှ အာဏာသိမ်းပြီးနောက် အဓိက ပြောရေး ဆိုခွင့် ရှိသူ အဖြစ် ယခုထိ မပြောင်းမလဲပဲ ရပ်တည်လာခဲ့ခြင်း မှာလည်း စိတ်တော်သိ ဗောင်းတော်ငြိမ့် လိမ်ညာရဲသည့် အရည်အချင်းကြောင့်ပင် ဖြစ်သည်။ သူ့အစား ထိုသို့ ပြောရဲဆိုရဲသူ မရှိလောက်ဟု ယူဆရပေသည်။

 

မင်းအောင်လှိုင်သည် သူ့တပ်များမှ ယခုထိ စစ်စခန်း တခုတလေ ကိုမျှ ပြန်လည် သိမ်းယူ နိုင်ခြင်း မရှိသေးသော်လည်း သူ မကျေနပ်သည့် အကြောင်းများ ရှိက လမ်းပေါ်သို့ လက်ပါးစေများသာ စေလွှတ်နေသည်ကို ‌တွေ့ရသည်။ 

 

တရုတ် ပြီးလျှင် ယခုတဖန် အလှည့်ကျသူက တီမော သမ္မတ ရာမို့စ် ဟိုတာ ပင် ဖြစ်သည်၊ ၎င်း၏ စစ်ကောင်စီ တပ်များအား ပြည်သူ့ဖက် ကူးပြောင်းလာရန် တိုက်တွန်းသည့် ဗီဒီယို ဖိုင် သည် ဆိုရှယ်မီဒီယာပေါ်တွင် ပျံ့နှံ့လာပြီး နောက်တွင် ပြည်သူများ အဖြစ် သရုပ်ဆောင်ကြရသည့် မင်းအောင်လှိုင် ဇာတ်အဖွဲ့ကြီးမှ လူများ မြို့တော် ခမ်းမရှေ့ ရောက်ရှိကာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ယခင် မဆလ ခေတ် အတိုင်း ဝါဒဖြန့် နည်းလမ်းများ ပုံတူကူးချ အသုံးပြု နေသည့် အဖြစ်မှ တက်မလာနိုင်သေးသော်လည်း တော်လှန်ရေး ကြီး အရှိန်ရ‌လာနေပြီး သမိုင်း၏ အဆုံး အဖြတ်ကို ခံယူရတော့မည့် လမ်းဆုံ လမ်းခွသို့ ရောက်ရှိနေပြီ ဖြစ်၍ တိုင်းပြည်၏ အနာဂတ်ကို အရေးတကြီး ဆွေး‌နွေးလျက် ရှိနေပြီ ဖြစ်သည်။

 

ထိုအထဲတွင် စစ်မှန်သော ပြည်ထောင်စု ဖြစ်လာမည်လော၊ ယခင်ကလို ပင် အကွဲအပြဲများ နှင့် ဆက် ရှိနေဦးမည် လော ဆိုသည့် အရေးက ထိပ်ဆုံးမှ ပါဝင်လာခဲ့သည်။

 

ယင်းနှင့် ပတ်သက်၍ The Diplomat စာစောင်တွင် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် အဓိက တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များသည် နိုင်ငံရေးအရ သဘောတူညီချက်များ ထွက်ပေါ်လာအောင် မလုပ်နိုင်သေးပဲ ဖြစ်နေသည်ဟု ရေးသားထားသည်။

 

NUG သည် စစ်အာဏာသိမ်း အဖွဲ့ကဲ့သို့ပင် တိုင်းပြည် ပြိုကွဲမည့် အရေးကို ပိုပြီး စိုးရိမ်နေ၍ နိုင်ငံ တည်ဆောက်ရေးတွင် အပြုသဘော ဆောင်ပြီး လက်တွေ့ကျကျ ချည်းကပ်ရမည့် လမ်းကို မရွေးချယ်သေးဟု ဆောင်းပါးတွင် ဝေဖန်ထားသည်။

 

ဗိုလ်ချုပ် အောင်ဆန်းကဲ့သို့ တစုတစည်းတည်း စည်းရုံးနိုင်မည့် အရှိန်အဝါ မရှိသည်ကလည်း တကြောင်း အပါအဝင် ဖြစ်နိုင်ပေသည်။

 

လက်ရှိ နိုင်ငံရေး အနေအထားသည် NUG အား သမာရိုးကျ လမ်းဟောင်းမှ ခွဲထွက်ပြီး အတွေးအခေါ်သစ်များ ထွက်ပေါ်လာအောင် တောင်းဆိုလာပြီ ဖြစ်သည်ဟု ဆိုသည်။

 

တိုင်းရင်းသားများဖက်ကလည်း လက်ရှိ စစ်ကောင်စီ ၏ အကျဉ်းသား ဖြစ်နေသည့် နိုင်ငံတော် အတိုင်ပင်ခံ ပြန်လည် လွတ်မြောက်လာလျှင် ၎င်းတို့ နှင့် NUG အကြား ရရှိထားသော သဘောတူညီချက်များ အပြောင်းအလဲ ဖြစ်လာမည်လော၊ သို့မဟုတ် အခြားလမ်းကြောင်းကို ရွေးချယ်မည်လော ဆိုသည့် သံသယ များလည်း ရှိ‌ နေသည်။

 

လက်ရှိတွင် NUG သည် တော်လှန်ရေး အောင်မြင်ပြီး စစ်ကောင်စီ ပြိုလဲဖို့သာ အာရုံထားနေ၍ အခြား နိုင်ငံရေး အရ အာမခံချက်များကို ရွှေ့ဆိုင်းထားပုံ ရှိသည်ကိုလည်း တိုင်းရင်းသားများဖက်က သဘောမတွေ့ ဖြစ်နေသည်။ NLD သည် ၂၀၁၆ တွင် အာဏာရလာပြီးနောက် ၎င်းတို့ကို ပစ်ပယ်သွားသည်ဟု လည်း ယူဆထားခဲ့ကြသည်။

 

လက်ရှိတွင် NUG အနေဖြင့် မိမိတို့ဖက်က တတ်နိုင်သည့် ပြုပြင်ပြောင်းလဲမှု များကို စတင် စီမံ ဆောင်ရွက်သင့်ပြီ ဖြစ်သည်၊ ဥပမာ နိုင်ငံ အမည်၊နိုင်ငံတော် သီချင်းနှင့် အလံကို ပြန်လည် သုံးသပ် ပြင်ဆင်ခြင်း တို့ ဖြစ်သည်။ နောက်တချက်သည်ကား စစ်အစိုးရ အဆက်ဆက် ပြည်သူတို့၏ အစစ် အမှန် သဘောဆန္ဒ မပါပဲ တိုင်း ခုနှစ်တိုင်း၊ ပြည်နယ် ခုနှစ်ခု ပိုင်းခြား သတ်မှတ်ထားခြင်းကို ပြန်၍ သုံးသပ်ရေးပင် ဖြစ်သည်။ ထိုသို့ ပြုပြင် ပြောင်းလဲရေး များတွင် တိုင်းရင်းသားများ ကိုယ်တိုင် ကိုယ်ကျ ဆွေးနွေး ပါဝင်နိုင်မှသာ ပြည်ထောင်စုကြီးသည် မိမိတို့နှင့် လည်း ဆိုင်သည်ဟူသော ယူဆလာကြမည် ဖြစ်သည်။

 

NUG ဖက်က မပြောင်းလဲပဲ ယခုလို ပုံစံနှင့် ဆက်သွားနေမည်ဆိုလျှင် တိုင်းရင်းသား မဟာမိတ်များ အကြား သံသယ များ ကြီးထွားလာပြီး တော်လှန်ရေး အလျှင်အမြန် အောင်မြင်ဖို့ နှောင့်နှေးသွားနိုင်ပေသည်။

 

ထို့အတွက် NUG သည် တိုင်းပြည် ပြိုကွဲသွားနိုင်သည်ဟူသော အယူအဆများကို လက်ကိုင်ထားနေမည့်အစား ပြေလည် အောင် ဖြေရှင်း နိုင်မည့် နည်းလမ်းများ ရှာကြံပြီး စိန်ခေါ်လာ‌နေသည့် အခက်အခဲများကို အရင်ကျော်လွှားနိုင်ရမည် ဖြစ်သည်ဟု ရေးသားထားသည်။

 

မိမိ၏ အမြင်အရ ပြောရလျှင် ကြံရာမရ ဖြစ်လာသည့် အခါ စစ်ကောင်စီ သည် နောက်ဆုံးတွင် တရုတ်၏ အာမခံချက် ဖြင့် တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ၏ လိုလားချက်များကို လိုက်လျော‌ပေးလာတော့မည် အ‌နေအထားမျိုး ထွက်ပေါ်လာနိုင်သည် ကိုလည်း ထည့်သွင်းစဉ်းစားရမည် ဖြစ်သည်။ 

 

တိုင်းရင်းသားများသည် စစ်ကောင်စီ၏ ကတိကဝတ်များကို လားလားမျှ ယုံကြည်ကြမည် မဟုတ်သော်လည်း ၎င်းတို့ ကိုယ်စား တရုတ်မှ အခိုင်အမာ အာမခံပေးမည် ဆိုလျှင် စဉ်းစား ကောင်း စဉ်းစား လာကြမည်သာ ဖြစ်သည်။

 

လက်ရှိတွင်တော့ စစ်ကောင်စီသည် NUG နှင့် တိုင်ရင်းသား တော်လှန်ရေး အဖွဲ့များ ဒီထက် ပိုပြီး ပူးပေါင်း မလာကြစေရန် ဆုတောင်းနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန် စစ် မုချ အောင်ရမည်!!!