ဒီအတိုင်းပဲ ကောင်းပါတယ်

by Hla Soewai - Dec 20 2023

တရုတ် အစိုးရ၏ ကြားဝင် စေ့ဆပ်ပေးခဲ့မှု ဖြင့် အပစ်အခတ် ရပ်စဲရေး ရရှိခဲ့ပြီး တိုက်ပွဲများ သိသိသာသာ လျော့ကျသွားပြီ ဟု ကြွေးကြော်ခဲ့သော်လည်း ယခုအခါ ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် တရုတ် နှင့် နယ်ခြား ကုန်သွယ်ရေး၏ ၉၀ ရာနှုန်းကို ကိုင်တွယ်နေသည့် မူဆယ် ရှိ ၁၀၅ မိုင် ကုန်သွယ်ရေး ဇုံကို သိမ်းပိုက် နိုင်လိုက်ပြီ ဖြစ်သည်ဟု မြန်မာနောင်း သတင်းက ဆိုသည်။ အဆိုပါ ဇုံအား အပေါ်စီးမှ လှမ်းမြင်နေရသည့် စစ်တပ်၏ မဟာဗျုဟာမြောက် စခန်းကုန်းအားလည်း လက်လွှတ်ပေးခဲ့ရပြီ ဖြစ်သည်။

 

စစ်ကောင်စီ မှ မကြာခင်က ထုတ်ပြန်ခဲ့သော စာရင်းဇယား များအရ တရုတ်-မြန်မာ နယ်စပ် ကုန်သွယ် ရေးသည် တနေ့ ပျမ်းမျှ ဒေါ်လာ ဆယ်သန်းခန့်ဖြင့် ပြီးခဲ့သည့် ရှစ်လ အတွင်း ပမာဏ အားဖြင့် အမေရိကန် ဒေါ်လာ ၂.၄၁၉ ဘီလီယံ ပင် ရှိခဲ့သဖြင့် ၎င်းတို့အတွက် အဓိက ဝင်ငွေရရာ လမ်းကြောင်းသည် လုံးဝ ပိတ်ဆို့သွားခဲ့ရပြီ ဖြစ်သည်။

 

တော်လှန်ရေး ကာလ အတွင်း တွင်တော့ နယ်ခြား ကုန်သွယ်ရေး ကို ပြန်လည် စတင်ဖို့ မဖြစ်နိုင်သေးဟု MNDAA ပြောခွင့်ရ လီကျာဝင်းက RFA သို့ ပြောခဲ့သည်။

 

 

ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် ယခင်က တရုတ်၏ လောင်းရိပ်အောက်တွင် ရှိနေသည်ဟု စွပ်စွဲ မှု များ ရှိခဲ့သော်လည်း ယခုအခါ ၎င်းတို့ နောက်တွင် ပြည်သူ တရပ်လုံးက မားမားမတ်မတ် ရပ်တည် ထောက်ခံမှု ကို ရရှိလာပြီ ဖြစ်၍ အဘယ်သို့များ တရုတ်၏ ဩဇာကို နာခံ ကြပေလိမ့်မည်နည်း။

 

 

 

ယခု အခါ တိုင်းပြည်၏ အနာဂတ်သည် တိုင်းရင်းသား များ နှင့် ခွဲခြား၍ မရအောင် ဆက်နွယ် ပတ်သက်လာယုံမက ကျေးဇူး တရားကိုပါ ပြည်သူတရပ်လုံးက သိရှိနားလည် လာကြသည့် အခြေအနေ ဆိုက်လာခဲ့ပြီ ဖြစ်သည်။

 

 

 

ထို့အတွက် မြန်မာ အနာဂတ်တွင် တိုင်းရင်းသား များ အား ပေးထားသော ကတိများ၊ ဖက်ဒရယ် ပြည်ထောင်စုတွင် ကိုယ့်ကြမ္မာ ကိုယ် ဖန်တီးခွင့် ရရမည် ဆိုသည်များကို မည်သူကမျှ အပြောတမျိုး အလုပ်တမျိုး လုပ်ရဲကြတော့မည် မဟုတ်ပေ။ ထိုသို့ ဖြစ်လာပါကလည်း ပြည်သူတရပ်လုံးက သည်းငြည်းခံ လက်ပိုက် ကြည့်နေကြတော့မည် မဟုတ်။

 

 

 

မိမိတို့၏ အနာဂတ် ကိုယ်ပိုင် ဆုံးဖြတ်ပိုင်ခွင့် ရရှိ‌ရေး အတွက် တရုတ်က ဖန်တီးပေးနိုင်မည် မဟုတ်၊ ထိုအရေးအား ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဖြင့် အခိုင်အမာ ပြဋ္ဌာန်း ပေးနိုင်ခွင့်သည် ပြည်သူတရပ်လုံး၏ လက်ဝယ်တွင် ရှိလာနေပြီ ဆိုသော ယုံကြည်ချက်သည် တိုင်းရင်းသား များ အကြား မြင့်မားလာခဲ့ပြီ ဖြစ်သည်။

 

 

 

ထိုအချက်ကို တရုတ်ပင် သဘောတူ လာခဲ့ရပြီ ဖြစ်သည်၊ တရုတ် နိုင်ငံခြားရေး ဝန်ကြီး ဝမ်ယီသည် ဘီဂျင်း ရှိ အာဆီယံ သံအမတ်ကြီး များ ကို ဖိတ်ခေါ်၍ ရှမ်းပြည်မြောက်ပိုင်း အခြေ အနေများကို ရှင်းလင်းရာတွင် လက်ရှိ ဖြစ်ပွားနေမှုများသည် မြန်မာနိုင်ငံ ပြည်တွင်းရေး သာ ဖြစ်၍ ထိုပြဿနာ အား ဖြေရှင်းရေးသည် မြန်မာ ပြည်သူများ၏ လက်ဝယ်တွင် ရှိနေသည်ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

 

အဓိက အား ဖြင့် မြန်မာ့ အရေး တွင် တရုတ်သည် လက်ရှိ အနေအထားထက် ပို၍ ပါဝင် ပတ်သက်မည် မဟုတ် ဆိုသည်ကို အာမခံလိုက်ခြင်းလည်း ဖြစ်ပေသည်။

 

နိုင်ငံတကာ ပဋိပက္ခများ လေ့လာစောင့်ကြည့်ရေး အဖွဲ့၏ သုံးသပ်ချက်တွင် နေပြည်တော်သည် လုံခြုံမှု မရှိတော့ပဲ တော်လှန်ရေး မဟာမိတ် တပ်များမှ လခြမ်း (မြန်မာ အခေါ် ဂ ငယ် ပုံစံ) ချည်းကပ်လာနေပြီ ဖြစ်သည်ဟု ပါရှိလာသည်။

 

လက်ရှိ ဖြစ်ပေါ်လာနေသော အခြေအနေများကို အခွင့်ကောင်းယူပြီး အမေရိကန် ကွန်ဂရက် နှင့် ဘိုင်ဒင် အစိုးရမှ မြန်မာပြည်သူများ အပေါ် နှစ်ပေါင်းများစွာ ဒုက္ခပေးလာသည့် စစ်‌ ဗိုလ်ချုပ်များ၏ အန္တရာယ်ကို အပြီးအပိုင် ဖယ်ရှားပေးသင့်ပြီဟု လည်း အကြံပြုထားသည်။

 

ထို့နောက်တွင် တိုင်းရင်းသား ဒေသ အသီးသီးတွင် ထွက်ပေါ်လာဖွယ် ရှိသည့် ကိုယ်ပိုင် အုပ်ချုပ်ရေး အဖွဲ့များအား ‌တပေါင်းတစည်းထဲ စုစည်းပြီး စစ်မှန်သည့် ဖက်ဒရယ် ပြည်ထောင်စု ကြီး မည်သို့မည်ပုံ ဖွဲ့စည်းရေး အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ဆွေး‌နွေး ရတော့မည် ဖြစ်သည်ဟု အကြံပြုထားသည်။

 

လက်ရှိတွင် အမေရိကန်၏ တုံဏှိဘာဝေ လုပ်နေမှု ကြောင့် မြန်မာ လူထု အကြား အမေရိကန် အပေါ် အယုံအကြည် မဲ့ကာ အားကိုးလိုစိတ်များ မရှိ ဖြစ်လာနေသည်ကို တရုတ်က ကောင်းစွာ ရိပ်စားမိပြီး လက်ရှိ အနေအထား ပြောင်းလဲ မသွားရန် စစ်ကောင်စီ အား ထောက်ခံမှူ အလွန် အကျွံ ပေးလာမည် မဟုတ်ပေ။

 

အကယ်၍ အမေရိကန် တို့ ပြောင်ပြောင်တင်းတင်း ပါဝင်လာခဲ့လျှင် တရုတ်သည် တဖက်ကို ပံ့ပိုး ပေးလာနိုင်၍ တော်လှန်ရေးသည် ၎င်းတို့ကြား တွင် ကြားညပ်သွား နိုင်၍ လက်ရှိ ပြည်သူ့တို့၏ ထောက်ခံ မှု နှင့် ပင် အောင်ပွံ ခံဖို့က ကြိမ်းသေနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!

 

ပုံတွင် ယခုအခါ ရပ်ဆိုင်းသွားပြီ ဖြစ်သည့် မူဆယ် ရှိ ကုန်သွယ်ရေး ဂိတ်က်ု တွေ့မြင်နိုင်သည်။ RFA