စစ်မျက် နှာ နှစ်ခု ဖွင့် ဖို့လို

by Hla Soewai - Dec 20 2023

မင်းအောင်လှိုင်သည် အထင်ကြီး တခွဲသား နှင့် အာဏာသိမ်းယူခဲ့သော်လည်း သုံးနှစ် သာ ပြည့်တော့မည် ဖြစ်‌ သော်လည်း သမ္မတ ဖြစ်မလာသည့်အပြင် လက်ရှိရာထူးပင် မြဲပါတော့မည်လားဟု နေ့စဉ် နှင့် အမျှ ပူပန်နေရပြီ ဖြစ်သည်။

 

ထို့အတွက် တုတ်တုတ်ခြင်း ဓါး ဓါးခြင်း ဆိုကာ မနိုင်နိုင်ရာ မဲသည့် သဘောဖြင့် နိုင်ငံတဝှမ်း ရှိ ပြည်သူများ ကို ရန်ရှာလာနေပြီ ဖြစ်သည်၊ ထိုသို့ လုပ်မည်ဟု လည်း ခြိမ်းခြောက်ထားပြီး လည်း ဖြစ်သည်။

 

‌ဤသည်ကလည်း တော်လှန်ရေး ၏ အောင်မြင်မှု များကို တတိုင်းပြည်လုံး မီးလောင်တိုက်သွင်း ခံရတော့မည့် ဟု လူထု မှ ထင်မြင်လာ‌စေရန် အစာထိုးဖို့ ဖြစ်သည်။

 

တဖက်တွင်လည်း ထိုးစစ်ကြီး အနည်းဆုံး ရှေ့မတိုး နောက်မဆုတ် အနေအထား ဖြစ်လာစေရန် မရရသည့် နည်းဖြင့် ကြိုးပမ်းလာမည်သာ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် မြောက်ပိုင်း ညီနောင်များ အဖွဲ့မှ တရားဝင် အတည်ပြုခြင်း မရှိသေးသော်လည်း အပစ်ရပ်ရန် သဘောတူ လိုက်ပြီ ၊ ခေါင်းဆောင်ကြီး၏ "နှလုံးရည် တိုက်ပွဲ" အနိုင်ရခဲ့လေပြီ ဆိုကာ ၎င်းတို့၏ လူမှု ကွန်ရက်များ ပေါ်မှ အားရဝမ်းသာ ကြံဖန် ဝါဒ ဖြန့်နေကြသည့် အဖြစ်က ရှက်တတ်လျှင် လဲသေဖို့‌ပင် ကောင်းလှသည်။

 

ထိုသို့ ဝမ်းပမ်းတသာ ဝါဒ ဖြန့်နေချိန်တွင် ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် မူဆယ်မြို့တောင်ဘက် ၁၀၅ မိုင် ကုန်သွယ်ရေးစခန်းအနီးရှိ စစ်ကောင်စီ ဗျူဟာကုန်းကို ဆက်လက် တိုက်ခိုက် လျက် ရှိနေသည်။

 

ခေါင်း‌ ဆောင် ကြီး၏ "နှလုံးရည်တိုက်ပွဲ" ဆိုသည်မှာလည်း တရုတ် အား ကြားဝင် ‌ဖြောင်းဖြ ပေးပါ ကြိုက်တာယူပါ အထိ တိုင်းပြည်ကို လက်ညိုးထိုး ရောင်းမစားယုံတမယ် ခြေသလုံးဖက်ခဲ့ရသည့်အထိ လျော့ပေးခဲ့ရခြင်းမျိုး ဖြစ်သော်လည်း ၎င်းတို့ လိုလားသလို မျိုးလည်း အတိအကျ ဖြစ်မလာခဲ့၊ တိုင်းသိပြည်သိ မိမိ အားနည်းချက် ကို ထုတ်ပြလိုက်ခြင်းသာ အဖတ်တင် ပြီး ကြေကွဲ ကုန်ကြရပြီ ဖြစ်သည်။

 

တရုတ်ကလည်း ၎င်းတို့ကူညီ ပေးလိုက်ရသည် ဆိုသည်အား အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတိုင်း မဏ္ဍပ်တိုင် တက်လျက်ရှိပြီး ယခု အခါ အရှေ့မြောက်ဒေသတွင် စစ်ရှိန် ‌လျော့ကျသွားပြီဟုဟင် ဒေါ် မောနင်းက ဆိုသည်။

 

MNDAA ၏ အပစ်ရပ်ထားခြင်းသည် နေရာအချို့တွင် စစ်ရှိန်လျှော့ရန် ဖြစ်ပြီး လောက်ကိုင်တွင်မူ တရုတ်က ဝရမ်းထုတ်ထားသော ပယ်ဆောက်ချိန်တို့အား ဖမ်းဆီးနိုင်ရေးအတွက် တရုတ်တို့၏ တောင်းဆိုချက်အရ စစ်ရှိန်လျော့ခြင်းမျှသာ ဖြစ်သည် ဟု ဧရာဝတီက သုံးသပ်ထားသည်။

 

စစ်တပ်သည် လုံးဝ မပြိုလဲ နိုင်၊ မရရသည့် နည်းဖြင့် အာဏာကို ဆုပ်ကိုင်ထားမည် ဖြစ်သည့် အတွက် လူသတ် အစိုးရ ဖြစ်စေ ဆက်ဆံသွားရမည်သာ ဖြစ်သည်ဟု နိုင်ငံတကာ က ခံယူထားချက်များသည် ယခု အခါ အချိန်မ‌ရွေး ပြိုလဲသွားနိုင်သည် ဟု ပြောင်းလဲ ခံယူလာကြပြီ ဖြစ်သည်။

 

သို့သော် ထိုသို့ သဘောထား ပြောင်းလာခြင်းသည် အစိုးရများ၏ ပေါ်လစီ တရပ် အဖြစ် ရောက်ရှိလာခြင်း မရှိသေးဟု အီဂေါ ဘလာစီဗစ်က ‌ဧရာဝတီ တွင် ထောက်ပြ ရေးသားထားသည်။

 

ထို့အတွက် အမျိုးသား ညီညွတ်ရေး အစိုးရ အနေဖြင့် ဂျကာတာ၊ အော်စလို၊ ဗီယင်ကျန်း တို့မှ ခေါင်းစဉ် အမျိုးမျိုး တပ် ဖိတ်ကြား ခံရမည်ကို စောင့် မနေပဲ ၀၁၂၄ စစ်ဆင်ရေး ဆိုကာ သံတမန် ထိုးစစ် အမြန်ဆုံး စတင်ရတော့မည် ဖြစ်သည်။

 

တဖက်တွင်လည်း အာဏာသိမ်း အဖွဲ့သည် အချိန်မရွေး ပြိုလဲသွားနိုင်သဖြင့် ထိုသို့ ဖြစ်လာခဲ့လျှင် အသွင် ကူးပြောင်းရေး အတွက် တနှစ်စာ အတွက်မည်သို့မည်ပုံ စီစဉ်ထားသည် ဆိုသော လမ်းပြမြေပုံ ကို တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များ နှင့် ဆွေးနွေးပြီး ရေးဆွဲထားဖို့ လိုသည်။ 

 

ထို့ပြင် တိုင်းရင်းသား ကိုယ်စားလှယ် များ ပါဝင်သည့် နိုင်ငံခြားရေး အဖွဲ့ကို ဖွဲ့စည်းပြီး ဝါရှင်တန်၊ ဘရပ်ဆဲလ်၊ လန်ဒန်၊ နယူးဒေလီ၊ တိုကျို၊ ကင်ဘာရာ၊ ဂျကာတာ၊ ဘန်ကောက်၊ ကွာလာလမ်ပူ အစရှိသဖြင့် ခရီး ထွက်ဖို့ လိုအပ်သည်၊ ထိုအဖွဲ့ကြီးသည် နိုင်ငံတကာ မှ အရေးတယူ ဆွေးနွေးလာပြီ ဆိုပါက ဘီဂျင်းသည် လက်ပိုက်ကြည့်နေတောမည် မဟုတ်ပဲ အလုအယက် ဖိတ်ခေါ်လာတော့မည်သာ ဖြစ်သည်ဟု အကြံပေးထားသည်။

 

တီမော သမ္မတ မှ မြန်မာ စစ်တပ် အတွင်း ဘက်ပြောင်းကြရန် တိုက်တွန်းထားသည့် ဗီဒီယို ကလစ် ထွက်ပေါ်လာသည်ကို အနာပေါ် ထုတ်ကသလို ဖြစ်ကာ စစ်ကောင်စီ နောက်မြီးဆွဲများ နှင့် ၎င်းတို့ပိုင် မီဒီယာ များ မှ ပြင်းပြင်းထန်ထန် တုန့်ပြန် ပြောဆို ရေးသားလာကြသည်။

 

အင်ဒိုနီးရှားမှ လွတ်လပ်ရေး ရရှိရန် ဦးဆောင်တိုက်ပွဲဝင်ခဲ့သည့် တော်လှန်ရေး သမား အရင့်အမာကြီးဖြစ်ယုံမက လက်ရှိတွင် ဒီမိုကရေစီ နည်းလမ်းဖြင့် တိုင်းပြည် အကြီးအကဲ ရာထူး ရယူထားသူ အား အဆင့်မရှိ ပေါက်ပန်းဈေး စကား များဖြင့် ‌ရှုတ်ချခဲ့ကြသည်။

 

ဤသည်ကို ကြည့်က ထိုသို့ ဖြစ်လာမည့် အရေး ကို မည်မျှ အထိ တုန်လှုပ်နေသည် ဆိုသည်မှာ သိသာ ထင်ရှားနေပေသည်။

 

စစ်ကောင်စီ ပြိုလဲဖို့သည် နေ့ခြင်းညခြင်းလို ဖြစ်လာနိုင်ဖွယ် ရှိနေ၍ စောလွန်းသေးသည်ဟု ယူ‌ဆနေသော အာဆီယံ အဖို့ အငိုက်မိသွားလိမ့်မည်ဟု ဟောင်ကောင်ထုတ် South China Morning Post သတင်းစာကြီးမှ သတိပေး ရေးသားလာပြန်သည်။

 

၎င်းတို့ စောင့်ကြည့်နေသည်မှာ တော်လှန်ရေး မဟာမိတ် အချင်းချင်း ယခုထက် ပို၍ ကျောခြင်းကပ်၊ ရင်ခြင်းကပ် ဖြစ်လိုဖို့ နှင့် စစ်ဆင်ရေး အားလုံးကို တစုတစည်းတည်း ကြီးကြပ်ကွပ်ကဲနိုင်မှုပင် ဖြစ်သည်ဟု ဆိုသည်။

 

လောက်ကိုင် နှင့် မန္တလေးကဲ့သို့ မြို့ကြီးများ သိမ်းယူ နိုင်ပြီး တရုတ် နှင့် အိန္ဒိယ မှ ထောက်ခံမှု များ ရုပ်သိမ်းသွားသည် အထိ စောင့်ကြည့်နေကြမည့် အဖွဲ့ သာ ဖြစ်သည်ဟု စင်္ကာပူ အခြေစိုက် Iseas-Yusof အင်စတီကျု မှ ပြောဆိုလာခဲ့သည်။

 

အာဆီယံသည် မြန်မာ နှင့် ပတ်သက်ပြီး ပြည်သူလူထု ၏ ယုံကြည်မှု ပျက်ပြား ခံလိုက်ရပြီ ဖြစ်၍ နိုင်ငံ၏ အနာဂတ် အရေး အပေါ် ပါဝင်‌ ဆွေးနွေး ဖို့ မလျှော်ကန်တော့ဟု ဩစတေးလျှ ရှိ ကာတင်း တက္ကသိုလ်မှ တွဲဖက် ပါမောက္ခ တဦး ဖြစ်သူ ဒေါ်‌ ထွေးထွေးသိန်း မှ ပြောသည်ဟုလည်း ဆောင်းပါးတွင် ပါရှိသည်။

 

ထိတ်တန်း ဗိုလ်ချုပ်များကို ဖယ်ရှားပြီး ပြူပြင် ပြောင်းလဲ နိုင်မည် ဆိုလျှင် စစ်တပ် ပြိုလဲသွားမည့် အရေး မှ ကာကွယ် နိုင်ပြီး၊‌ ဆွေးနွေး အ‌ဖြေရှာရမည် ဆိုလျှင် အားလုံး၏ ယုံကြည်မှု ကင်းမဲ့ ခြင်း ခံနေရသော မင်းအောင်လှိုင် နှင့် စိုးဝင်းကို အရင် ဖယ်ရှားနိုင်မှ ဖြစ်လာစရာ အကြောင်းရှိသည်ဟု ပြောကြောင်း ဖေါ်ပြထားသည်။

 

မင်းအောင်လှိုင်၏ ကျဆုံးခန်းသည် တဖြေးဖြေး နီးကပ်လာနေပြီ ဖြစ်သည်၊ စစ်တပ်မှလည်း ၎င်းတို့ ရင်ဆိုင်နေရသော အကျပ် အတည်းမှ ဘယ်ပုံ ဘယ်နည်း ရုန်းထွက် ပေးနိုင်မည်ကို စိတ်ရှည်ရှည် စောင့်ကြည့်နေကြဟန် ရှိသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!