ဆယ်မိနစ်သာသာ ဟု ဆို

by Hla Soewai - Dec 20 2023

စစ်အာဏာ သိမ်း အဖွဲ့ ရင်ဆိုင်နေရသော ပြဿနာ သည် နဲနဲ နောနော မဟုတ်၊ တိုင်းပြည်ကို ဂျွမ်းထိုး မှောက်ခုံ ဖြစ်သွားစေနိုင်သည့် အနေအထားတွင် ရှိနေသည်။

 

ယမန်နေ့က ထုတ်ပြန်သော ကမ္ဘာဘဏ် အစီရင်ခံစာ တွင် နိုင်ငံ၏ စီးပွားရေးသည် ၂၀၂၄ မတ်လ အထိ ၁% သာ မြင့်တက်လာဖို့ ရှိသည်ဟု ပိုပိုသာသာ ခန့်မှန်းထားခဲ့သည်။ ယင်းသည် စိုက်ပျိုးရေး၊ စက်မှု လုပ်ငန်း နှင့် ကုန်သွယ်ရေး ကဏ္ဍများကို ပါ ကျယ်ကျယ်ပြန့်ပြန့် သုံးသပ်ထားခြင်း ဖြစ်သည်။

 

စစ်တပ်၏ အာဏာသိမ်းမှု ကြောင့် ငါးနှစ်ကြာ အကောင်အထည် ဖေါ်ကာ အရှိန်ရနေသည့် စီးပွားရေး ပြုပြင် ပြောင်းလဲမှုများ ကပြောင်းကပြန်ဖြစ်သွားခဲ့ရသည်ဟု ဆိုသည်။

 

စစ်ပွဲ အရှိန် မြင့်တက်လာနေမှု၊ ကုန်သွယ်ရေး၊ ကုန်စည် စီးဆင်းမှု များ ပြတ်တောက်လာခြင်း၊ ငွေဈေးနှုန်း အတက် မြန်လာခြင်း၊ ငွေကြေး ဖေါင်းပွမှု နှုန်း မြင့်မားလာခြင်း၊ ပြည်ပမှ ရင်းနှီးမြုပ်နှံထား

သည့် စီမံကိန်းများ ရပ်ဆိုင်း‌ နေခြင်း၊ နိုင်ငံခြား ငွေ ပြတ်လတ်လာခြင်း အစရှိသည်တို့ တပြိုင်နက်တည်း ရင်ဆိုင်နေရပြီ ဖြစ်သည်။ ထိုဒဏ်ရာဒဏ်ချက်များကို ကျောကော့အောင် ခံနေကြရသူများသည် လက်လုပ်လက်စား ပြည်သူများ ဖြစ်သည်ဟု ကမ္ဘာဘဏ် ၏ မြန်မာ၊ ကမ္ဘောဒီယား၊ လာအို ဆိုင်ရာ ညွှန်ကြားရေးမှုး ဖြစ်သူ မာရီယန် ရှားမင်းက ပြောခဲ့သည်။

 

ကမ္ဘာဘဏ် နှင့် တရက်တည်းလိုလို ထွက်ရှိလာသော ကုလသမဂ္ဂ အစီရင်ခံစာတွင် မြန်မာ မှ ဘိန်း ထွက်ရှိမှုသည် မက်ထရစ်တန် ၇၉၀ ရှိလာ၍ တာလီဘန် လက်အောင် အာဖဂန်နစ္စတန် ထက်ပင် သာလွန်ပြီး ကမ္ဘာတွင် နံပတ်တစ် နေရာ ချိတ်သွားပြီဟု ပါရှိခဲ့သည်။

 

စစ်တပ်၏ အာဏာသိမ်းမှုသည် တိုင်းပြည် အတွက် သေရာပါ အမာရွတ်ကြီး ထင်ကျန်သွားခဲ့ပြီ ဆိုသည်ကား အမှန်ပင် ဖြစ်သည်။

 

တိုင်းပြည် ကောင်းရာကောင်းကျိုး အနည်းငယ်မျှ ကြည့်တတ်သူ များ ဆိုလျှင် ပင် အာဏာလွှဲပြောင်းဖို့ စီစဉ် လောက်ပြီ ဖြစ်သည်။

 

ထိုအစား ၎င်းတို့အပေါ် ကျရောက်လာမည့် အန္တရာယ် ဆိုးကြီးကို ရှောင်လွှဲနိုင်ရန် တရုတ်ကို ခခယယ တောင်းပန်ပြီး ၁၀၂၇ ထိုးစစ်ကြီး ၄၅ ရက် မြောက် နေ့မှာပင် မြောက်ပိုင်း မဟာမိတ် အဖွဲ့ ရှေ့မှောက် စားပွဲဝိုင်းသို့ ရောက်ရှိလာခဲ့ပြီ ဖြစ်သည်။

 

မိမိကို မိမိ အခြောက်တိုက် ဘဝင်မြင့်နေသော စစ်ဗိုလ်ချုပ်များ အဖို့ ယခုလို ရောက်လာရခြင်းကပင် ၎င်းတို့ အတွက် ကြီးမားသော ဆုံးရှူံးနစ်နာမှုကြီး ဖြစ်သွားခဲ့ရပေပြီ။

 

သို့သော် ရာပြည့် ဦးဆောင်သော စစ်ကောင်စီ ဝင်များ နှင့် တွေ့ဆုံပွဲသည် ဆယ်မိနစ်ခန့်သာ ကြာမြင့်ခဲ့ပြီး မည်သည့် သဘောတူညီချက်မှ မရရှိခဲ့ကြောင်း ညီနောင် မဟာမိတ် အဖွဲ့နှင့် နီးစပ်သည့် သတင်းရပ်ကွက် ကို ကိုးကားပြီး ဧရာဝတီ တယ်လီဂရမ် ချန်နယ် သတင်းတွင် ဖေါ်ပြထားသည်။

 

စစ်ကောင်စီ အဖွဲ့ဝင်များသည် ၎င်းတို့ စစ်ရှူံးနေသည်ဟု ယူဆပုံမရဟု ဆိုသည်၊ သို့ဆိုက စိတ်မနှံ့သူများ ဖြစ်သွားပေတော့မည်၊ ဖြဲချောက်ကြည့်ရန် မာန်တင်းလာကြခြင်းသာ ဖြစ်ပေလိမ့်မည်။

 

မိမိတို့ အနေဖြင့် ‌တွေ့ဆုံ ဆွေးနွေးခဲ့သည် ဆိုသော်လည်း တရက်မျှပင် မနားပဲ အရှိန်အဟုန် မပျက် ဆက်လက် ဆင်နွှဲနေသည်ဟု ဒီဇင်ဘာ ၁၁ ရက် ညပိုင်းတွင် မဟာမိတ် ညီနောင်များ အဖွဲ့မှ တရားဝင် သတင်း ထုတ်ပြန်လာခဲ့သည်။

 

လက်ရှိတွင် လာရှိုး၊ နမ်ခမ်း တဝိုက်တွင် တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားနေပြီး စစ်ကောင်စီ မှ နမ်ခမ်းရှိနောက်ဆုံး လက်ကျန် စခန်း သစ်ကုန်း နှင့် မူဆယ် ၁၀၅ မိုင် ဗျူဟာကုန်း အား လေကြောင်းပစ်ကူ ဖြင့် အသည်းအသန် ကာကွယ်နေကြောင်း သိရသည်။

 

ချင်းပြည်နယ် ပလက်ဝမြို့နယ်အတွင်း စစ်ကောင်စီ၏ အခိုင်အမာ စခန်းတခုဖြစ်သည့် နှုံးဘူးဗျူဟာကုန်းအား ရက္ခိုင့်တပ်တော် (AA) က ဒီဇင်ဘာ ၁၀ ရက် ည ၁၁ နာရီခန့်တွင် အပြီးသတ် တိုက်ခိုက် သိမ်းပိုက်ရရှိခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

 

၎င်းတို့ ဆွေးနွေးပွဲ မည်သို့ ရလဒ် ထွက်‌ ပေါ်သည် ဖြစ်‌ စေ တရုတ်က စိတ်မဝင်စားပဲ ပွဲစားခ အဖြစ် အလကားတော့မရ ၎င်းတို့ တင်‌ မြှောက် အကာအကွယ် ပေးထားသော ကိုးကန့် ဒေသ ခေါင်းဆောင် ကိုးကန့်နယ်ခြားစောင့်တပ် တည်ထောင်သူ ပယ်ဆောက်ချိန်နှင့် လက်ရှိနယ်ခြားစောင့်တပ်ခေါင်းဆောင်ဖြစ်သည့် ပယ်ဆောက်ချိန်သား ပယ်ရင်ချန်နှင့် နယ်ခြားစောင့်တပ် ခေါင်းဆောင်ဟောင်းဖြစ်သူ ဝေဆန်းအပါအဝင် ဆယ်ဦးအား အွန်လိုင်းငွေကြေးလိမ်းလည်မှုများနှင့်ပတ်သက်ပြီး ဖမ်းဝရမ်းထုတ်လိုက်သည်။ ထိုအရေးသည် စစ်ကောင်စီ အဖို့ လွန်စွာ ဘေးကျပ်နံကျပ် အဖြစ်မျိုး ကြုံလာရသည်။

 

လွန်ခဲ့သည့် လ အတွင်း တရုတ်က ဖမ်းဝရမ်းထုတ်လိုက်သည့် ကိုးကန့်ဒေသဦးစီးအဖွဲ့ဝင်ဟောင်း မြင်ရွှေချမ်းမိသားစုအား စစ်ကောင်စီက ဖမ်းဆီးကာ တရုတ်ထံလွှဲအပ်ပေးရန် ဖမ်းဆီးဖို ကြိုးစားစဉ် မြင်ရွှေချမ်းမှာ မိမိကိုယ် သေနတ်ဖြင့်ပစ်ကာ သက်သေသွားခဲ့ကြောင်း သံသယ ဖြစ်ဖွယ် စစ်ကောင်စီက သတင်းထုတ်ပြန်ခဲ့သည်။

 

MNDAA သည် ၁၉၈၉ တွင် စစ်အစိုးရ နှင့် အပစ်အခတ် ရပ်စဲရေး သဘောတူညီချက် ရရှိပြီး ခေါင်းဆောင် ဖြစ်သူ ဖုန်ကြားရှင်အား စိတ်ကြိုက် အုပ်ချုပ်ခွင့် ပေးခဲ့သည်။

 

၂၀၀၉ တွင် စစ်အစိုးရ မှ MNDAA အား နယ်ခြားစောင့် တပ် အဖြစ် ပြောင်းလဲရန် ဖိအားပေးလာခဲ့ရာ ဖုန်ကြားရှင်မှ လက်မခံသဖြင့် သူ၏ လက်ထောက်ဖြစ်သူ ပယ်ဆောက်ချိန်နှင့် တပ်မှုးများက စစ်အစိုးရ၏ အားပေးအားမြှောက်ပြုမှုဖြင့် ပုန်ကန် တော်လှန်ခဲ့ရာမှ ဖုန်ကြားရှင်သည် သူ့အား သစ္စာခံသော တပ်များ နှင့် အတူ ထွက်ပြေး တိမ်းရှောင်သွားခဲ့ရသည်။

 

ပယ်ဆောက်ချိန် နှင့် တပ်မှုးများလည်း စစ်အစိုးရ၏ စီစဉ်ပေးမှုဖြင့် ကိုးကန့်ဒေသအား အုပ်ချုပ်ခွင့်ရလာပြီး စီးပွားရေး လုပ်ကွက်များ ခွဲဝေ ယူလာခဲ့သည်။

 

၂၀၁၅ တွင် ဖုန်ကြားရှင်၏ သားဖြစ်သူ ဖုန်ဒါဆန်း ဦးဆောင်ပြီး MNDAA သည် လောက်ကိုင်အား လျပ်တပြက် ဝင်ရောက် တိုက်ခိုက်ခဲ့ကြသည်။

 

တိုက်ပွဲ များ ရက်ပေါင်းများစွာ ကြာအောင် အပြင်းအထန် ဖြစ်ပွားခဲ့ပြီး အရပ်သားများ တရုတ် နိုင်ငံ တွင်းသို့ ထွက်ပြေး တိမ်းရှောင်ခဲ့ရသည်။

 

နောက်ဆုံးတွင် MNDAA တပ်များ ပြန်လည် ဆုတ်ခွာခဲ့ရသော်လည်း အနီးပတ်ဝန်းကျင် ‌ဒေသများ တွင် မကြာခဏ ဆိုသလို တိုက်ပွဲများ ဆက်ဖြစ်နေခဲ့သည်။

 

ယခုအခါ ၎င်းတို့ အနှစ်နှစ် အကာလ ကတည်းက ရည်မှန်းထားသော လောက်ကိုင်သည် လက်တကမ်း အကွာသို့ ရောက်ရှိနေပြီ ဖြစ်သည်။

 

ကရင်နီ အမျိုးသား လွတ်မြောက်ရေး တပ်မတော်မှလည်း လွိုင်ကော်မြို့၏ ၈၀ ရာနှုန်းကို ထိန်းချုပ်နိူင်ပြီ ဖြစ်သည်ဟု ထုတ်ဖေါ် ပြောဆိုခဲ့ပြီ ဖြစ်သည်။

 

ယာယီ သမ္မတကြီး ဒူဝါး လရှီးလ မှ ဗီအိုအေ နှင့် ပြုလုပ်သော သီးသန့် အင်တာဗျူးတွင် မိမိတို့ နှင့် တရုတ်အစိုးရ အကြား ဆက်သွယ်ရေး လမ်းကြောင်း သုံးလေးခု ရှိနေပြီး အမြဲမပြတ် ဆက်သွယ်လျက် ရှိနေကြောင်း၊ သံရုံးများရှိ တရုတ် သံအရာရှိများ နှင့်လည်း ထိ‌ တွေ့ဆက်ဆံလျက် ရှိပြီး ၎င်းတို့စိုးရိမ်မကင်းစရာ များကိုလည်း တုန့်ပြန် နိုင်ခဲ့ကြောင်း၊ ဥပမာ ဆိုရက နိုင်ငံတွင်းရှိ တရုတ် စီမံကိန်း များကို မိမိတို့ ဝင်ရောက်စွက်ဖက်မည် မဟုတ်ပဲ အတတ်နိုင်ဆုံး အကူအညီ ပေးသွားမည်၊ အနာဂတ် တွင်လည်း တရုတ် နှင့် လုပ်ငန်းများ ဆက်လုပ်သွားဖို့ ဆန္ဒရှိကြောင်းလည်း ပြောခဲ့ပြီး ဖြစ်သည်ဟု ဆိုသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!