တရုတ် အကူအညီ ဖြင့် မြောက်ပိုင်း မဟာမိတ် အဖွဲ့နှင့် ဆွေးနွေးခွင့် ရပြီဟု စစ်ကောင်စီ ကြွားဝါ

by Hla Soewai - Dec 20 2023

မိမိတို့ ကိုယ်စားလှယ် အဖွဲ့ နှင့် ထိုးစစ်ကြီးကို ဦးဆောင် ဆင်နွှဲနေသည့် မြောက်ပိုင်း မဟာမိတ် ညီနောင်များ အဖွဲ့ တို့ တရုတ်၏ ကြားဝင်ပေးမှု ဖြင့် ဆွေးနွေးခွင့် ရသွားပြီဟု စစ်ကောင်စီ ပြောခွင့်ရ ဇော်မင်းထွန်း မှ ဂုဏ်ယူ ဝင့်ကြွားစွာ ပြောဆိုလိုက်သည်။

 

ထိုဆွေးနွေးပွဲတွင် မဟာမိတ်ညီနောင် သုံးဖွဲ့၏ ကိုယ်စားလှယ်များ ပါဝင်သည်ဟု ဆိုသည်။

 

ဆွေးနွေးပွဲ မှ တိုးတက် ဖြစ်ပေါ်လာမှု များကို မူတည်ပြီး ယခုလ ကုန်ပိုင်းတွင် ထပ်မံ ‌ဆွေးနွေးဖွယ် ရှိသည်ဟု လည်း ပြောသွားခဲ့သည်။

 

တရားဝင် သတင်းဌာနများ အဆိုအရ ထိုကိစ္စ အပေါ် ညီနောင် သုံးဖေါ် အဖွဲ့မှ မှတ်ချက် တစုံတရာ မပေးပဲ ရေငုံနှုတ်ပိတ် နေဆဲပင် ဖြစ်သည်။

 

မဟာမိတ် ညီနောင် များ အဖွဲ့ မှ စတင်ခဲ့သော ၁၀၂၇ ထိုးစစ်ကြီး ကြောင့်စစ်အာဏာသိမ်း အဖွဲ့သည် သုံးနှစ် နီးပါး အတွင်း ပထမဆုံးအကြိမ် ဆက်၍ ရပ်တည် ၍ မဖြစ်နိုင်လောက်သည့် ဘက်ပေါင်းစုံ အကျပ်အတည်း ကြီး နှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

 

ဘာမဆို လုပ်ရဲသူသည် လည်း တရုတ် အစိုးရထံ သံတမန် များ စေလွှတ်ပြီး မိမိတို့ ပြောမည့်အကြောင်းများကို နားထောင်ပေးယုံ ဖြင့် လုံလောက်ပါပြီ၊ ထိုအတွက် လက်ခံ တွေ့ဆုံပေးဖို့ ကြားဝင်ပေးပါရန် ဒူးထောက် မတတ် တောင်းဆိုခဲ့ရသည့် အဖြစ်ကို နိုင်ငံတကာက မသိချင်၊ မမြင်ချင် မှ အဆုံး ပင် ဖြစ်သည်။

 

ဇော်မင်းထွန်း မှ မည်သည့်နေရာတွင် တွေ့ဆုံသည်ဟု ထုတ်မပြောသော်လည်း ကူမင်း မြို့တွင် ဖြစ်ပုံရသည်ဟု ယူဆရပေသည်။

 

၎င်းတို့ ရည်ရွယ်ချက်သည် တနိုင်ငံလုံး မျှော်လင့်ချက် များ ဖြင့် စိတ်အား တက်ကြွလာပြီး လမ်းပေါ် ဆန္ဒပြပွဲများ ထပ်မံ ဖြစ်ပေါ်လာတော့မည့် အရေးကို ဟန့်တား နိုင်ရေးပင် ဖြစ်သည်။

 

မဟာဗျုဟာ အရ ၎င်းတို့ အတွက် မည်သို့မျှ ထူးခြားလာမည် မဟုတ်သော်လည်း တက်ကြွလာနေပြီ ဖြစ်သည့် လူထု၏ စိတ်ဓါတ်ကို အမြန် ရိုက်ချိုး ပစ် နိုင်ရေး သည် အဓိက ဖြစ်သည်။

 

ထို့အတွက်လည်း ကျားနာ တကောင်လို ဖြစ်လာနေသည့် အာဏာသိမ်း အဖွဲ့သည် မရ မက ဆွေးနွေးပွဲ ဖြစ်မြောက်အောင် လုပ်ပြီး နိုင်ငံရေး အရ အမြတ်ထုတ် နိုင်အောင် လုံးပမ်းလာခြင်းပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် အချိန်ဆွဲ မနေပဲ ထိုသို့ ‌ ဆွေးနွေးနေသည်ကို အခွင့်ကောင်းယူကာ လာရှိုးသို့ ပစ္စတို ခါးချိတ် ရောက်လာပြီး ဒဏ်ရာရသည့် တပ်သားများ အား တွေ့ခြင်း၊ စစ်ရှောင်များအတွက် ကျပ် သန်းငါးရာ လှုဒန်းသွားသည်။ သေချာစဉ်းစားကြည့်မည် ဆိုက ထိုနေရာသို့ ရောက်ရှိနေသူ အားလုံးသည် ၎င်း၏ ပယောဂ ကြောင့် ဖြစ်သည် ဆိုသည်ကို မည်သူမျှ ငြင်းနိုင်ကြမည် မဟုတ်ပေ။

 

တရုတ် နိုင်ငံ ခြား‌ ရေး ဝန်ကြီး ဌာန ပြောခွင့်ရ မောနင်း မှ ‌အဆိုပါ သတင်း နှင့် ပတ်သက်၍ ယခုလို တွေ့ဆုံ ပြီး အပြုသဘော ရလဒ်များ ထွက်ပေါ်လာခဲ့၍ မိမိတို့ စိတ်ချမ်းသာရကြောင်း၊ ဆက်လက်ပြီးလည်း အဆုံးထိ အကူအညီ ပေးသွားမည် ဖြစ်ကြောင်းလည်း ပြောလာခဲ့သည်။

 

တရုတ်သည် မြန်မာ လူထု၏ ခံစားချက်ကို လုံးဝ 

လျစ်လျူ ရှုထားသည့် အဖြစ်ကား ယခုလို ထပ်၍ ပြောသွားခဲ့မှုက သက်သေခံနေပေသည်။

 

မြန်မာပြည် မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသော တင်းမာမှု များ လျော့ပါးသွားရေးသည် နိုင်ငံတွင်းရှိ သက်ဆိုင်သူများ နှင့် တရုတ်-မြန်မာ နယ်ခြား တည်ငြိမ် အေးချမ်းရေး ကို ထိမ်းသိမ်းရာ ရောက်သည်ဟူ၍ ဖြစ်သည်။

 

မဟာမိတ် ညီနောင်များ အဖွဲ့သည် လောက်ကိုင်ကို အလွယ်တကူ သိမ်းယူ နိုင်သည့် အနေအထားတွင် ရှေ့မတိုးပဲ ဆိုင်းငံ့နေခြင်းမှာလည်း တရုတ်၏ ကြားဝင် ပေးထားမှု ကြောင့်လည်း ဖြစ်နိုင်ပေသည်။ အတည်ပြု နိုင်ခြင်း မရှိသေးသော သတင်းယခုအခါ မြို့တွင်း မှ စစ်ကောင်စီ တပ်များ နှင့် ဝန်ထမ်းများကို မြို့တွင်း မှ ထွက်ခွာခွင့် ပေးလိုက်ပြီဟု သိရသည်။

 

ထိုသတင်း အတည်ဖြစ်မည်ဆိုက ကိုးကန့်ဒေသ တခုလုံးအား MNDAA ထံ လွှဲအပ် ‌ပေးလိုက်ရပြီ ဖြစ်သည်။ ထို့အတွက် ငါ့စခန်း မကျရေး အသေခံ တိုက်သွားခဲ့သည့် အရာရှိ အရာခံ အကြပ်တပ်သားများ၏ မိသားစု များ အဖို့ ကြေကွဲ ကြပေတော့မည်။

 

သို့သော်လည်း MNDAA သည် လောက်ကိုင်တွင် ၎င်းတို့ ခေါင်းဆောင်ကြီး ဖုန်ကြားရှင် အပေါ် သစ္စာဖေါက်ခဲ့သူများ နှင့် စာရင်း ရှင်း နိုင်ဖို့ စိုင်းပြင်းနေကြချိန်လည်း ဖြစ်သည်။

 

မည်သို့ပင် ဖြစ်စေ စစ်ကောင်စီသည် ၎င်းတို့ ပြောချင်သည်များကို နားထောင်ခွင့် ပေးခဲ့သော ညီနောင် မဟာမိတ် အဖွဲ့ နှင့် တရုတ် ပြည် အပေါ် ကျေးဇူး တင်ခဲ့ရပြီ ဖြစ်သည်။

 

ထို့ပြင် မဟာမိတ် ညီနောင်များ အဖွဲ့မှ စစ်အာဏာရှင် အမြစ်ပြတ် သည် အထိ တိုက်ပွဲဝင်သွားမည်ဟု လူသိရှင်ကြား ကတိကဝတ်များ ပေးထားပြီးလည်း ဖြစ်သည်။

 

ထို့အတွက်လည်း တနိုင်ငံလုံး မှ ပြည်သူများ တတပ်တအား ပါဝင်လာကြဖို့ တပ်လှန့်နှိုးဆော်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ယခု အချိန်သည် ထင်မြင်ချက်များ ကို ‌စောလျင်စွာ မချမိပဲ သတိကြီးစွာ ဖြင့် စောင့်ကြည့်ရဦးမည်သာ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!