တရုတ်၏ ခြေလှမ်းများ

by Hla Soewai - Dec 25 2023

၁၀၂၇ စစ်ဆင်ရေးသည် တရုတ်တို့ ဖြစ်စေချင်သည့် အွန်လိုင်း လိမ်လည်မှု များ ကျုးလွန်နေသည့် ဂိုဏ်းများ ပပျောက်သွားအောင် လုပ်နိုင်ခဲ့သော်လည်း တဖက်တွင် အကျိုးအမြတ် များစွာ ဖြစ်ထွန်းနေသော နယ်စပ် ကုန်သွယ်ရေးသည် ပျက်ပြားသွားခဲ့ရသည်။ ထို့အပြင် နိုင်ငံ အနှံအပြား တွင် တိုက်ပွဲများ ဖြစ်ပွားလာစေခဲ့ပြီး စစ်ကောင်စီ သည် တသက်နှင့် တကိုယ် မကြုံခဲ့ရဖူးသည့် အရှုံးများ နှင့် ရင်ဆိုင်နေရပြီ ဖြစ်သည်။

 

ထိုအရေးကို ကယ်တင်ပေးရန် မြန်မာ စစ်ဗိုလ်ချုပ်များ၏ ဂမူးရှူးထိုး တောင်းဆိုလာမှု ကို ကြည့်ပြီး တရုတ်ဖက်မှ ၎င်းတို့ လောင်းထားသော မြင်းသည် ရှုံးသွားတော့မည်လောဟု စိုးရိမ်မကင်း ဖြစ်လာကြသည်။

 

ထိုသို့ တရုတ်ဖက်မှ မြန်မာ စစ်ခေါင်းဆောင်များ အပေါ် ပို၍ ဩဇာ သက်ရောက်လာနိုင်သည့် အလားအလာများကို အ‌မေရိကန် ငြိမ်းချမ်းရေး အင်စတီကျု မှ မြန်မာအရေး ဝါရင့် သုတေသီများ ဖြစ်သည့် ဂျေဆန် တာဝါ နှင့် မစ္စက် ပရစ်ဆီလာ ကလက် တို့မှ အောက်ပါအတိုင်း သုံးသပ်လာခဲ့သည်။

 

တရုတ်သည် လက်ရှိတွင် အောင်မြင်မှုများ ရလာနေ‌ သော နယ်စပ်ဖြတ်ကျော် ကျူးလွန်နေသည့် ရာဇဝတ်မှု များ နှိမ်နှင်းရေး ကို ခိုင်မာသည်ထက် ခိုင်မာ‌အောင် ပြုလုပ်ရင်း မြန်မာတို့၏ တော်လှန်ရေး အားလည်း ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း ဖြစ်စေမည့် လမ်းကြောင်းပေါ် ရောက်ရှိရန် ကြိုးပမ်းလာခဲ့သည်။

 

လတ်တလော ရည်ရွယ်ချက်သည် နယ်စပ်ဒေသ တည်ငြိမ်ရေး နှင့် ကုန်သွယ်ရေး လမ်းကြောင်း ပြန်ပွင့်ရန် ဖြစ်ပြီး ထိုသို့ ဖြစ်လာရန် တည်မြဲနိုင်မည် မဟုတ်သော အပစ်အခတ် ရပ်စဲရေး ရရှိရန် တွန်းအားပေးလာခြင်းသည် အကြိမ်ကြိမ် ပျက်ပြားခဲ့ရမှုများကို သင်ခန်းစာ မယူပဲ လွဲမှားစွာ ကြိုးပမ်းခဲ့ခြင်း သာ ဖြစ်သည်။

 

ပြိုင်တူ ထားလာသည့် ရည်မှန်းချက် နှစ်ရပ်

 

တရုတ်သည် ၂၀၂၃ နှစ်ဝက်မှစပြီး မင်းအောင်လှိုင် နှင့် စစ်ကောင်စီ အဖွဲ့ဝင်များကို ကျားဖြန့် ဂိုဏ်းများအား နှိမ်နှင်းပေးရန် အကြိမ်ကြိမ် တောင်းဆိုနေခဲ့သည်။ စက်တင်ဘာလ အထိ စစ်ဗိုလ်ချုပ်များထံမှ ရေရာသည့် တုန့်ပြန်မှုများ ရရှိမလာခဲ့သည့် အခါတွင်တော့ ကျုးလွန်နေသည့် ပြည်သူ့စစ် ခေါင်းဆောင်များကို ၎င်းတို့ကိုယ်တိုင် ဖမ်းဆီးရန် ကြံစည်လာကြသည်။ 

 

ထိုအချိန်တွင် မြောက်ပိုင်း ညီနောင်များ မဟာမိတ် အဖွဲ့မှ ၁၀၂၇ စစ်ဆင်ရေး၏ ရည်မှန်းချက်များ တွင် ထိုအရေးကို နှိမ်နှင်းရန် ထည့်သွင်းလာသည့် အခါတွင်တော့ တရုတ်တို့ ဖိုးကျိုင်းတုတ် ဖြစ်သွားခဲ့ရသည်။ နောက်ထပ် ရည်မှန်းချက်သည်ကား စစ်အာဏာရှင် စနစ်ကို အဆုံးသတ်ရေးဟု ပါရှိခဲ့သည်။

 

MNDAA သည် ထို စစ်ဆင်ရေးဖြင့် ၎င်းတို့ လက်လွှတ်ပေးခဲ့ရသော ကိုးကန့်ဒေသအားအလျင်အမြန် ပြန်လည် သိမ်းယူနိုင်ခဲ့သည့် အခါတွင်တော့ တရုတ် ပြည်သူ့ လုံခြုံ‌ ရေး ဝန်ကြီးအား ထိုသို့ ဖြစ်လာမှုကို ၂၀၂၃ မကုန်မီ လုံးဝဥသုံ ဖြေရှင်းပေးပါမည်ဟု မင်းအောင်လှိုင်က ကတိပေးခဲ့ရသည်။

 

ညီနောင်သုံးဖေါ် မဟာမိတ် အဖွဲ့၏ ကြက်သေ သေသွားလောက်အောင် ဆက်တိုက် အောင်မြင်မှုများ ရလာသည်ကို ကြည့်ပြီး လူလိမ်ဂိုဏ်း ခေါင်းဆောင်များသည် ၎င်းတို့၏ ဌာနချုပ်များကို ပိတ်ပင်ခြင်း၊ ရုံခါခြင်း၊ နေရာရွှေ့ပြောင်းခြင်းများ လုပ်ကုန်ကြသည်။ စစ်ဆင်ရေး စပြီး သုံးပတ် အတွင်းမှာပင် ၎င်းတို့ လက်ထဲ ရောက်နေသော လူ ၇,၀၀၀ ခန့် တရုတ်ပြည်ဖက်သို့ ထွက်ပြေးလွတ်မြောက်ကုန်ကြသည်။ ကျန်ရှိနေသူများအား ဂိုဏ်းခေါင်းဆောင်များ အခြေချနေသည့် ထိုင်းနယ်ခြားဖက်သို့ ရွှေ့ပြောင်းပေးခဲ့ကြသည်။

 

နိုဝင်ဘာ ၁၂ ရက်နေ့တွင် တရုတ်အစိုးရမှ အောက်တိုဘာ ၂၀ ရက်နေ့က ကိုးကန့်ဒေသအတွင်း တရုတ် နိုင်ငံသား အများအပြားကို သတ်ဖြတ်ခဲ့မှု တွင် တာဝန်ရှိသည့် နယ်ခြား ကာကွယ်ရေး တပ် ခေါင်းဆောင် မင်ဆူးချန် နှင့် ၎င်း၏ ဆွေမျိုးသားချင်း သုံးယောက်ကို ဖမ်းဝရမ်း ထုတ်လိုက်သည်။

 

မြန်မာ စစ်တပ်သည် ချက်ခြင်းလို အင်အား အလုံးအရင်း သုံးကာ မင်ဆူးချန်အား လက်ဦးမှူ ယူ ကွပ်မျက်ပစ်ရန် ပိုက်စိတ်တိုက် ရှာဖွေခဲ့ကြသည်ဟု MNDAA သတင်းရပ်ကွက်များက ဆိုသည်၊ ဖမ်းဝရမ်း ထုတ်ခံထားခြင်း ခံရသည့် ၎င်း၏ ဆွေမျိုးသားချင်း သုံးဦးကို လေးရက်အတွင်း တရုတ် အာဏာပိုင်များထံ လွှဲပြောင်းပေးခဲ့ကြသည်။

 

တရုတ်၏ ဖိအားပေးမှု ကြောင့် ၂၀၀၉ ခုနှစ် အတွင်း ကိုးကန့်ကို သိမ်းပိုက်နိုင်ခဲ့ပြီး ကိုယ်တိုင် တည်ထောင်ပေးခဲ့သည့် BGF နယ်ခြားစောင့်တပ်ကို ဖျက်သိမ်းပေးလိုက်ရခြင်းဖြင့် မင်းအောင်လှိုင် ၏ ခြေရာလက်ရာများသည်လည်း အပြီးအပိုင် ကွယ်ပျောက် သွားခဲ့ရတော့သည်။

 

မင်းအောင်လှိုင်သည် နယ်ခြား‌ဒေသရှိ ရာဇဝတ်ဂိုဏ်းများကို ပြောထားသည့် ကာလ အတွင်း အပြီးအပိုင် ချေမှုန်းပေးပါမည်ဟု အောင့်သီးအောင့်သက် နှင့် ကတိပေးလိုက်ရသော်လည်း နယ်ခြား‌ဒေသတွင် ဖြစ်ပေါ်လာမှု များကြောင့် ၎င်း၏ ကတိသည် သဲထဲရေသွန် ဖြစ်သွားခဲ့ရသည်၊ တိုင်းရင်းသား တော်လှန်ရေး တပ်များနှင့် ပြည်သူ့ကာကွယ်ရေး တပ်များအား စိတ်ဓါတ်ကျပြီးရင်း ကျလာနေသော ၎င်း၏ လက်အောက်ခံ တပ်များ မည်သို့မျှ မယှဉ်နိုင်အောင် ဖြစ်လာရသည်ကလည်း လယ်ပြင်တွင် ဆင်သွားသလို ထင်ရှားသွားခဲ့ရသည်။

 

ထိုအခါတွင်တော့ ၎င်းတို့သုံးနေကျ နည်းလမ်းဟောင်းကြီး ဖြစ်သည့် လူထု၏ မုန်းတီးမှုကို ဆွပေးရန် ရန်ကုန်ရှိ တရုတ်သံရုံးရှေ့သို့ လူအုပ်ကြီးကို စေလွှတ်လာခဲ့သည်။ ညီနောင်သုံးဖေါ်၏ စစ်ရေးအရ အောင်မြင်နေမှုများသည် တရုတ်ကြောင့် ဖြစ်သည်ဟု ဆိုကာ လမ်းလွှဲပေးပြီး မြန်မာအရေးတွင် ဝင်ရောက်စွက်ဖက်နေမှု များ ရပ်တန့်ပေးရန် တောင်းဆိုစေခဲ့သည်။

 

ထိုလုပ်ရပ်ကြောင့် တရုတ်၏ ဆိုရှယ် မီဒီယာများ တွင် လူထုက MNDAA အား အခိုင်အမာ ထောက်ခံလာကြပြီး မြန်မာ စစ်အာဏာရှင် များကို အမြစ်ဖြတ် ချေမှုန်းပေးရန် နှစ်ဆတိုးပြီး တောင်းဆိုလာကြသည်သာ အဖတ်တင်သွားခဲ့ရသည်။

 

အာဏာသိမ်း အဖွဲ့သည် ၎င်းတို့ စစ်မြေပြင်တွင် အရှုံးနှင့် ရင်ဆိုင်နေရမှုအတွက် တရုတ်ကို လွှဲမချရဲတော့ပဲ အမေရိကန်၊ တိုင်ဝမ် နှင့် အရှေ့တီမော ကဲ့သို့ နိုင်ငံငယ်လေးပါ မကျန် လွှဲချ လာတော့သည်။

 

တရုတ်ဖက်မှ အမျိုးသားရေး တဖက်စွန်းရောက် ပညာရှင်များကို လေ့လာ‌‌ ရေး ခရီးဆိုကာ ဖိတ်ခေါ်ပြီး တရုတ် ဆိုရှယ်မီဒီယာများပေါိတွင် တန်ပြန် ထိုးစစ် ဆင်နွှဲစေခဲ့သည်။ တိုင်းရင်းသား တော်လှန်ရေး အဖွဲ့များအားလည်း "မူးယစ်ရာဇာ" များဟု ပုံဖေါ်ပြီး ရာဇဝတ်မှု များ မှ ရသော ငွေများ၊ အနောက်တိုင်း၏ အရှိန်အဝါကို ယူကာ မြန်မာ၏ အချုပ်အခြာ အာဏာ ပျက်ပြားအောင် ကြိုးပမ်းနေကြသည် ဟု လမ်းကြောင်းပေးခဲ့ကြသည်။

 

ထိုကဲ့သို့သော လုပ်ရပ်များကြောင့် ၁၀၂၇ စစ်ဆင်ရေးသည် စစ်ဗိုလ်ချုပ်များ အတွက် သေရေးရှင်ရေး တမျှ အရေးကြီးလာနေပြီ ဆိုသည်ကို တရုတ်တို့ဖက်မှ ယူဆစရာ ဖြစ်သွားခဲ့ရသည်။ ၁၀၂၇ စစ်ဆင်ရေးသည် ရာဇဝတ်ဂိုဏ်းများကို နှိမ်နှင်းဖို့ထက် အခြား မြင့်မားသည့် ရည်ရွယ်ချက်များ ရှိထားပြီး၊ အခြေအနေများသည် ၎င်းတို့ ထိန်းချုပ်၍ မရလောက်အောင် ဖြစ်လာတော့မည်ကို တရုတ်ဖက်မှ ရိပ်စားမိလာကြသည်။

 

တရုတ်သည် အခြေအနေကို ထိန်းနိုင်လို ထိန်းနိုင်ငြား နယ်စပ်ဒေသတွင် စစ်ရေး လေ့ကျင့်မှု များ ချက်ခြင်းလို ပြုလုပ်လာပြီး ရေတပ် သင်္ဘောများ ကို ရန်ကုန်သို့ စေလွှတ်ပြီး ၎င်းတို့၏ မဟာဗျူဟာ အကျိုးစီးပွားနှင့် တနှစ်လျှင် ဒေါ်လာ ၄ ဘီလီယံခန့် ပမာဏ ရှိ နယ်စပ်ကုန်သွယ်ရေးကို ကာကွယ်သွားရန် ရည်ရွယ်ကြောင်း ပြသလာခဲ့သည်။

 

ပြန်လည် ချိန်ညှိခြင်းလော၊ ပြန်၍ တွက်ဆလာခြင်းလော

 

တရုတ်သည် မြန်မာစစ်တပ်၏ မေတ္တာရပ်ခံချက်ကို လိုလိုလားလား လိုက်လျောပေးလာပြီး ညီနောင် မဟာမိတ် အဖွဲ့အားလည်း စစ်ကောင်စီ နှင့် ‌ဆွေးနွေးရန် အထိုက်အလျောက် ဖိအားပေးခဲ့သည်။ သို့သော် တရုတ်ဖက်က ထိုကဲ့သို့ အကူအညီ ပေးခဲ့မှူ အား စစ်ကောင်စီ မှ တန်ဖိုးကြီးကြီး ပြန်ပေးခဲ့ရသည်။

 

ဒီဇင်ဘာ ၁၀ ရက်တွင် စစ်ကောင်စီ၏ နိုင်ငံခြားရေး ဝန်ကြီး ဘီဂျင်းမှ ပြန်သွားသည်နှင့် ချက်ခြင်းဆိုသလို တရုတ်မှ နောက်ထပ် BGF ထိတ်တန်း ခေါင်းဆောင် ဆယ်ယောက်ကို ဖမ်းဝရမ်း ထပ်ထုတ်လိုက်ပြန်သည်။ ထို့အတွက် ကိုးကန့် ဒေသတွင် စစ်ကောင်စီ အတွက် အုပ်ချုပ်ပေးမည့်လူ မကျန်သလောက် ဖြစ်သွားသည်။ ထိုအထဲတွင် MNDAA အား သစ္စာဖေါက်ပြီး ၂၀၀၉ တွင် မင်းအောင်လှိုင် နှင့် သွားပေါင်းခဲ့သည့် ပယ်ဆောက်ချိန်လည်း ပါနေသည်။

 

မြန်မာ စစ်တပ်သည် BGF ခေါင်းဆောင်များ မရှိလျှင် ကိုးကန့်ကို အုပ်ချုပ် နိုင်စွမ်း မရှိတော့ ၍ ၎င်းတို့ ကို တရုတ်က မလိုတော့ ဆိုသည့် သဘောပင် ဖြစ်သည်။ ထိုဆယ်ဦး အား တရုတ်ဖက်သို့ လွှဲပေးလိုက်ခြင်းသည် ကိုးကန့်အား MNDAA နှင့် ၎င်းတို့၏ မဟာမိတ်များ လက်သို့ ထိုးအပ်လိုက်ခြင်းပင် ဖြစ်သည်။

 

ထို့အပြင် ကရင်၊ ကချင် နှင့် အခြားဒေသများရှိ စစ်တပ်ပိုင် ရာဇဝတ်မှု မကင်းသော အင်ပိုင်ယာများကို ထိန်းသိမ်း စောင့်ရှောက်ပေးနေရသည့် အခြား BGF များအား ၎င်းတို့အပေါ် အယုံအကြည်မဲ့အောင် လုပ်သလို ဖြစ်သွားပေဦးမည်။

 

လွှဲမပေးပဲ နေလျှင် ကိုးကန့်ဒေသ အား အနည်းငယ်မျှ ထိန်းချုပ်ထားကောင်း ထားနိုင်မည့် မျှော်လင့်ချက် ရှိကောင်း ရှိနေနိုင်သည်၊ သို့သော် တရုတ်တို့အား ယခုထက် ပို၍ ‌ဒေါသထွက်အောင် ဆွပေးသလို ဖြစ်သွားပေလိမ့်မည်။

 

စစ်ခေါင်း‌ဆောင်များ စိတ်ထဲတွင် စိုးရိမ်တကြီး ဖြစ်နေသည်က ထိုလူများကို MNDAA က အရင် ဖမ်းမိသွားပြီး တရုတ်ဖက်သို့ လွှဲပြောင်းပေးလိုက်မည့် အရေးပင် ဖြစ်သည်။ ထိုအခါတွင် တရုတ်တို့ မှ ညီနောင် သုံးဖေါ် အဖွဲ့နှင့် လက်တွဲပါက နယ်စပ် တည်ငြိမ်ရေး ကို ထိန်းချူပ် နိုင်ပေမည်ဟု ယူဆလာကြပေတော့မည်။

 

တရုတ်သည် တရုတ်-မြန်မာ နယ်ခြားဒေသတွင် ရန်စောင်တိုက်ခိုက်နေသူများ အပေါ် နိုင်ကွက် ကိုင်ကာ ယူနန် နှင့် အိန္ဒိယ သမုဒ္ဒရာ အကြား ‌ကုန်သွယ်လမ်းကြောင်း အနှောက်အယှက်ကင်းစေရန် နှင့် တိုက်ပွဲများ အား ၎င်းတို့ နယ်စပ်နှင့် ဝေးသည်ထက် ဝေးအောင် တွန်းထုတ်ပစ်နိုင်ရန် လှုပ်ရှားနေခြင်းမှာ သိသာထင်ရှားလာနေသည်။

 

MNDAA သည် ကိုးကန့် ကို ရရှိသွားပြီးနောက် ထိထိရောက်ရောက် အုပ်ချုပ်သွားနိုင်ရန် တရုတ် အပေါ် အကြီးအကျယ် မှီခိုလာရဖို့ ရှိနေသည်။ ထိုအခါ တွင် MNDAA သည် စစ်ဆင်ရေး များ ဆက်ဆင်နွှဲဖို့ ခက်ခဲလာတော့မည် ဖြစ်ပြီး အခြား တိုင်းရင်းသား မဟာမိတ်များ နှင့် ပါ သဘောကွဲလွဲလာနိုင်သည်။

 

အနာဂတ်ကို မျှော်ကြည့်ခြင်း

 

တရုတ်၏ ရေရှည် မဟာဗျူဟာသည် တိုင်းရင်းသား လက်နက်ကိုင်များ အား ၎င်းတို့ လိုချင်သော နယ်မြေများကို အကန့်အသတ် နှင့် ဖန်တီးပေးပြီး အပြန်အလှန် အနေဖြင့် စစ်ကောင်စီ အား အပြုတ် မတိုက်ရေး ပင် ဖြစ်သည်။ ထို့အတွက် မြန်မာ စစ်တပ် အာဏာတည်မြဲစေရန် ကယ်တင်ရှင်ကြီး အဖြစ် ရပ်တည်သွားပြီး ပဋိပက္ခတွင် ပါဝင်နေသူများ အားလုံး အတွက် မှီခိုအားထားစရာ အဖြစ် ဖန်တီးကာ မြန်မာ ပြည်အပေါ် ၎င်းတို့၏ ဩဇာအာဏာကို အစွမ်းကုန် အသုံးချ သွားနိုင်ရေးပင် ဖြစ်သည်။

 

သို့သော် ထိုသို့သော မဟာဗျူဟာသည် ရေရှည် တည်တံ့ဖို့ မရှိပေ။ ယင်းသည် မြန်မာ နိုင်ငံ တဝှမ်း မတည်ငြိမ်မှုများ ဖြစ်ပေါ်လာစေမည့် ဆေးခါးကြီး ဖြစ်နေသောကြောင့်ပင်။ ၎င်းတို့၏ မဟာဗျူဟာ သည် မြန်မာ ပြည်သူများမှ စစ်တပ်အား ၎င်းတို့အပေါ် တရားမဝင် အုပ်ချုပ်နေသူများ အဖြစ် မှတ်ယူထားခြင်းကို သဘောမပေါက်ခြင်း၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအား စစ်တပ်နှင့် အပစ်အခတ် ရပ်စဲရန် အတင်းအကျပ် လက်မှတ်ရေးထိုးခိုင်းခြင်းဖြင့် တရုတ် ဆန့်ကျင်ရေး သ‌ဘောထားများ အုံကြွလာအောင် ဆွပေးနေသလို ဖြစ်လာပြီး နိုင်ငံတွင်း ၎င်းတို့၏ မဟာဗျူဟာမြောက် ရင်းနှီး မြုပ်နှံမှုများ အန္တရာယ် ကြုံလာရနိုင်သည်။

 

ဒုတိယ အချက် အနေဖြင့် တိုင်းရင်းသား အဖွံ့များသည် မြန်မာစစ်တပ်နှင့် ပေါင်းသွားခဲ့ပြီ ဆိုက လူထု အကြား ၎င်းတို့၏ တရားဝင် ရပ်တည်ပိုင်ခွင့် အား ခြိမ်းခြောက်ခံလာရပြီး တည်ငြိမ်စွာ အုပ်ချုပ်သွားနိုင်ရေး အတွက် မရှိမဖြစ် လိုအပ်သော လူထု၏ အခွင့်အာဏာ အပ်နှင်းခံရမှု ဆုံးရှုံးသွားနိုင်ပြန်သည်။ နောက်ဆုံးတွင် ထိုသို့သော မဟာဗျူဟာသည် ကိုယ့်လည်ပင်း ကိုယ် ကြိုးကွင်းစွပ်သည်နှင့် အတူတူပင် ဖြစ်ပေလိမ့်မည်။

 

ကိုးကန့် ဒေသတွင် ရာဇဝတ်ဂိုဏ်းများ နှိမ်နှင်းနိုင်သည် ဆိုသော်လည်း ရာနှင့် ချီသော ကျားဖြန့် ဂိုဏ်းခေါင်းဆောင်များသည် ကရင်ပြည်နယ်ထဲသို့ ထွက်ပြေးသွားကြသည်။ ထိုဒေသတွင် စစ်တပ် လက်ဝေခံ DKBA နှင့် ပါတနာ လုပ်ထားသည့် တိုင်ချန်း ဆိုသော ဝင်းကြီး ခြံကြီးနှင့် ရာဇဝတ် မှု မကင်းသော လုပ်ငန်းများက ရှိနှင့်ပြီး ဖြစ်သည်။ ထိုနေရာသည် မြဝတီ နှင့် ၂၃ မိုင် ခန့်သာ ကွာဝေးသည်။

 

ထိုဒေသရှိ ကရင် BGF များသည် တရုတ် နိုင်ငံသားများ ကို ပစ်မှတ် မထားတော့ပဲ အမေရိကန် ပြည်ထောင်စုဖက် လှည့်လာနိုင်‌သည်။

 

ထိုအရေး ကို အမေရိကန် အနေဖြင့် တုန့်ပြန်ဖို့ လိုအပ်လာပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!