ပြည်သူ့ ဘက်တော်သား ကိုမာဝီ

by Hla Soewai - Dec 25 2023

ကရင်နီ ပြည်နယ်မှသည် တနိုင်ငံလုံး လွတ်မြောက်သွားသည်အထိ ပြည်သူ အတွက် ဒီမိုကရေစီ အရေး အတွက် တိုက်ခိုက်သွားမည်ဟု ပြောလာသည့် လူငယ်လေးသည် မည်သည့် စစ်ကျောင်းတော်ကြီး တခုတလေတွင်မျှ တက်‌ရောက် ပညာဆည်းပူးခဲ့ရသူ မဟုတ်။

 

သာမန် မထင်မရှား လူငယ် တက္ကသိုလ် ကျောင်းသားလေး ဘဝ မှာပင် နှင့် ငါးမွေးမြူရေး စိုက်ပျိုး ရေး လုပ်ငန်း များ ဖွံ့ဖြိုးရေး တွင် ပါဝင် လုပ်ကိုင်ခဲ့သည့် အရပ်ဖက် အဖွဲ့အစည်း ဝင် တဦးပင် ဖြစ်သည်။ ပြည်သူ့အစိုးရ ခေတ် ဖေါ်ဆောင်သော စိုက်ပျိုးရေး စီမံကိန်းများ နှင့် ပတ်သက်၍ ပြည်သူများ အကြား အသိပညာ များ ကြွယ်ဝလာအောင် ဟောပြောစည်းရုံးနေသူလည်း ဖြစ်သည်။

 

သေနတ်ပင် မကိုင်ဖူးသော သာမန် ခြံလုပ်သား၊ ငါးမွေးမြူရေး လုပ်သား တယောက် အဖြစ်မှ ကရင်နီ အမျိုးသား လွတ်မြောက်ရေး ဒု စစ်ဦးစီးချူပ် ဖြစ်လာခဲ့သူ ကိုမာဝီသည် စစ်တပ်၏ လွန်စွာ မှ ဂုဏ်ယူ ဝင့်ကြွားစွာ တည်ရှိခဲ့သည့် မေမြို့ စစ်တက္ကသိုလ် မှ လေးနှစ်တိတိ ပညာရည်နို့ သောက်စို့ခွင့်ရခဲ့သည့် ကျောင်းဆင်း အရာရှိများ ထက်ပင် စစ်ရေး မဟာဗျူဟာတွင် များစွာ သာလွန်ခဲ့ပြီး တပ်ရင်း တရင်းလုံး ပြုတ်အောင် ချေမှုန်းနိုင်ခဲ့သူ ဖြစ်သည်။ သူ၏ ဦးဆောင်မှု ဖြင့် ကရင်နီ ပြည်နယ် မြို့တော် လွိုင်ကော်ကိုပင် ၈၅ ရာနှုန်း အထိ သိမ်းယူနိုင်ခဲ့ပြီး ဖြစ်သည်။ စစ်အင်အား သောင်းဂဏန်း အထိ ရှိလာပြီ ဖြစ်သော KNDF တပ်၏ ဒုဦးစီးချုပ် ဖြစ်လာခဲ့သည်။

 

ထိုသို့ အောင်မြင်မှုများ ကြောင့် နိုင်ငံတကာ သတင်းဌာနများ မှ ကရင်နီ ပြည်နယ် အတွင်း အလျိုလျို ရောက်ရှိလာကြပြီး စစ်မြေပြင် သတင်းများကို ရယူလာခဲ့သည်၊ နောက်ဆုံး အဖြစ် ကနေဒါ ၏ ထိတ်တန်း သတင်းစာကြီး ဖြစ်သော The Globe and Mail မှ သတင်းဓါတ်ပုံ ပေါင်း နှစ်ဒါဇင် နီးပါး ဖြင့် ပုံနှိပ် ဖြန့်ချီလာခဲ့သည်။

 

သူသည် ကရင်နီ တိုင်းရင်းသား တဦးတော့ မဟုတ်၊ ဗမာ လူမျိုး တဦး ဖြစ်သော်လည်း ကရင်နီ ပြည်နယ် တွင် လူဖြစ်ကြီးပြင်းခဲ့သူ ဖြစ်သည်။ လွိုင်ကော် မြို့သည် သူ၏ မွေးဖွားကြီးပြင်းခဲ့ရာ လည်း ဖြစ်သည်။

 

သို့သော် မိုး‌ဗြဲတွင် အော်ဂင်းနစ် ခြံလုပ်ငန်း လုပ်ကိုင်ရင်း ဒေသထွက် ခေါင်ရည် ပုလင်း လေး ဖြင့် အပန်းဖြေလေ့ရှိသည့် ကိုမာဝီ၏ ဘဝ သည် ၂၀၂၁ ဖေဖေါ်ဝါရီ ၁ ရက် အာဏာသိမ်း ပွဲကြောင့် မုန်တိုင်းထန်သွားခဲ့ရပြီ ဖြစ်သည်။ မကြာမီ မှာပင် ဖက်ဆစ် အစွယ် တဖွေးဖွေး ပေါ်လာနေပြီ ဖြစ်သော စစ်တပ် ၏ ရက်စက်ကြမ်းကြုပ်မှု များ ကြောင့် နိုင်ငံ နှင့် ပြည်သူကို ကာကွယ်ရန် မဖြစ်မနေ တောင်းဆိုလာသည့် သမိုင်းပေး တာဝန်ကြီးသည် သူ၏ ပုခုံးပေါ် ရောက်လာခဲ့ပြီ ဟု ခံယူလိုက်သည်။

 

သူလျှောက်လှမ်းရမည့် လမ်းသည် ပန်းခင်းလမ်းတော့ မဟုတ်၊ ပေးဆပ်မှု ပေါင်းများစွာ နှင့် ရင်းနှီးခဲ့ရတော့မည် ဆိုသည်ကိုလည်း သူ မသိမဟုတ်၊ သူ၏ ရဲဘော်ရဲဖက် တဦး တိုင်းပြည်အတွက် အသက်ပေးလှုသွားတိုင်း ကိုမာဝီသည် ၎င်းတို့အား လေးစားကြောင်း၊ အမြဲလို အမှတ်တရရှိကြောင်း ဂုဏ်ပြုသည့် အနေဖြင့် သူ၏ နောက်ကျော တွင် တက်တူး တခု ထိုးလာခဲ့သည်မှာ ယခု ၁၇၆ ခု ရှိသွားခဲ့ပြီ ဖြစ်သည်။ 

 

သူ၏ ရဲဘော်များသည် လူသားပီပီ အသက်ဆုံးရှုံးရမည့် ဘေး တွေးပူပန်နေကြသော်လည်း စစ်မြေပြင်တွင် ရန်သူ နှင့် နဖူးတွေ့ ဒူးတွေ့ ရင်ဆိုင်လာရသည့် အခါတွင်တော့ တဖက်ရန်သူသည် သာမန် မဟုတ်၊ လူ့အသိုက်အဝန်း တွင် မည်သို့မျှ ရှင်သန်ခွင့် မပြုသင့်သူများ အဖြစ် မဖြစ်မနေ ချေမှုန်း ရတော့မည် ဆိုသည့် အသိဖြင့် မိမိအတွက် စိုးရိမ် ပူပန် မှုများ ပျောက်လွင့်ကုန်ကြသည်။ ကိုမာဝီ ကိုယ်တိုင်ပင် သူ၏ နားထင်စပ် တွင် ကျည်ဆံ ရှပ်မှန်သွားခဲ့ဖူးသည်။

 

နိုင်ငံတွင် ကောင်းမွန်သော လူမှု အသိုက်အဝန်းကြီး ဖြစ်ထွန်းရေး အတွက် စိုက်ပျိုးရေး သမား ပီပီ ကိုယ်တိုင် တူးဆွ စိုက်ပျိုးရတော့မည် ဆိုသည့် ခံယူချက်၊ အုတ်တချပ် သဲတပွင့် အဖြစ် ပါဝင်ခဲ့သည် ဆိုသော ခံယူချက် ဖြင့် ဆက်လက်တိုက်ပွဲဝင်နေခြင်း ဖြစ်သည်၊။

 

တော်လှန်ရေး ကြီး ပြီးဆုံးပြီး ပြည်သူ့အစိုးရ အာဏာာ ရလာသည့်အခါတွင်တော့ သူသည် စိုက်ပျိုးရေး သမား တယောက် အဖြစ် အသက်မွေးမြူသွားကြမည်ဖြစ်သည်၊ လူတိုင်း လူတိုင်း သည် စွမ်းဆောင်ရည် အသီးသီး ရှိကြသည်၊ ထို့အတွက် တရားမျှတသော လူ့ဘောင် ကြီး ပေါ်ထွန်းလာရေး အတွက် ရေသာမခိုကြပဲ တတ်နိုင်သည့် ဖက်မှ ဝိုင်းဝန်း ပံ့ပိုးသွားကြမည် ဆိုလျှင် ပန်းတိုင်သို့ အမြန် ရောက်ရှိနိုင်မည် ဖြစ်သည်ဟု လည်း ကိုမာဝီ က ပြောသွားခဲ့သည်။

 

ကိုမာဝီသည် ထိတွေ့တိုက်ပွဲလေး တခု နှစ်ခု ဖေါ်ဆောင်နိုင်ယုံဖြင့် တော်လှန်ရေး ဟု ပြော၍ မရ၊ စစ်ကောင်စီ၏ ယန္တရားများ ရှိသည့် နေရာကို သွားရောက် ထိုးဖေါက် တိုက်ခိုက် ဖြိုချနိုင်မှ ဖြစ်မည် ဆိုသော ခံယူချက်ဖြင့် ၁၁၁၁ စစ်ဆင်ရေးကို စတင်လာခဲ့ခြင်း ဖြစ်သည်။

 

ကိုမာဝီ၏ ကရင်နီ ပြည်နယ်သည် စစ်ကောင်စီ တို့၏ Nerve Center ဖြစ်သည့် နေပြည်တော်နှင့် အနီးဆုံးတွင် ရှိနေသည်။ လွိုင်ကော်ကို ပထမဦးဆုံး မဖြစ်ဖြစ်အောင် သိမ်းသွားမည်ဟု ကိုမာဝီက ကတိပြုခဲ့သည်။

 

မြင့်မြတ်သော ဂုဏ်သိက္ခာ ဖြင့် လူ့အသိုက်အဝန်း တွင် ဆက်လက်ရပ်တည်သွားနိုင်ရေး အတွက် ပြည်သူ့ဖက် အမြန် ခိုလှုံကြဖို့လည်း တိုက်တွန်းသွားသည်။ စီဒီအမ် မဟုတ်သော ဝန်ထမ်းများကိုလည်း ဘေးလွတ်ရာ သို့ ရွှေ့ပြောင်းပေးခဲ့ပြီးဟု ဆိုသည်။

 

လက်ရှိ ဒုက္ခများသည် ရေရှည်သွား၍ မဖြစ်၊ တိုတောင်းသော အချိန်အတွင်း ပြီးဆုံးအောင် တိုက်ပွဲဝင်နေခြင်း ဖြစ်၍ ပြည်သူများ တောင့်ခံထားဖို့ လိုသည်ဟု တိုက်တွန်းသွားသည်။ စစ်တပ်သည် ပြည်သူ ကို ရန်သူ အဖြစ် ဆက်ဆံနေပြီ ဖြစ်၍ သတိကြီးစွာ ထားကြဖို့လည်း သတိပေး တိုက်တွန်းထားသည်။

 

၁၀၂၇ စစ်ဆင်ရေး တွင်လည်း KNDF တပ်ရင်းများ အားဖြည့် ပါဝင်ထားခဲ့သည်ဟု လည်း ကိုမာဝီ က ပြောခဲ့ပြန်သည်။

 

မည်သို့ပင် ဖြစ်စေ ၎င်းတို့ ကြီးကျယ် ခမ်းနားစွာ ကျင်းပသော စစ်တက္ကသိုလ် ဗိုလ်သင်တန်း ဆင်းပွဲ လုပ်တိုင်း ပြည်သူများသည် ကိုမာဝီ ၏ ပုံရိပ်ကိုသာ မျက်စိထဲ စွဲထင်လာကြတော့မည်သာ ဖြစ်သည်။

 

ထိုသို့သော ကိုမာဝီအား သူ၏ အကြောင်း တစိတ်တပိုင်း နှင့် ခံယူချက်များကို လွတ်လပ်သော အာရှ အသံ နှင့် ဧရာဝတီ တွေ့ဆုံ မေးမြန်းခန်း များမှ ကောက်နှုတ် ဂုဏ်ပြု ဖေါ်ပြလိုက်ရပ်ရပါသည်။

 

ကိုမာဝီ နှင့် ကရင်နီ ရဲဘော်များ ဘေးရန်ကင်းရှင်းကြပါစေ။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!