မန္တလေး နန်းတွင်း အတိုက်ခံရပြီ

by Hla Soewai - Dec 25 2023

မန္တလေး အခြေစိုက် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့များ၏ “ရွှေပြည်စိုး စစ်ဆင်ရေး” ၏ တစိတ်တပိုင်း အဖြစ် အလယ်ပိုင်းတိုင်း စစ်ဌာနချုပ် တည်ရှိရာ မန္တလေး နန်းတွင်း အား ဒီဇင်ဘာ ၂၁ ရက်တွင် စတင်ပစ်ခတ် တိုက်ခိုက်ခဲ့ကြသည်ဟု စစ်ဆင်ရေး တာဝန်ရှိသူ များက RFA သို့ ထုတ်ဖေါ်ပြောဆိုခဲ့ကြသည်။

 

၁၀၇ မမ တာဝေးပစ် ဒုံးကျည် ခြောက်စင်းပစ် ပစ်ခတ်ခဲ့ခြင်း ဖြစ်ပြီး တလုံးမှာ ပေါက်ကွဲခြင်း မရှိသော်လည်း ကျန်သည့် ငါးလုံးသည် ပစ်မှတ် အဖြစ် ချိန်ရွယ်ထားသော တိုင်းမှုး နှင့် ဒုတိုင်းမှုး နေအိမ်၊ အထူး ရုံး အဖွဲ့၊ စစ်တန်းလျားများသို့ ထိမှန်သွားခဲ့သည်ဟု ဆိုသည်။

 

နန်းတော် ပတ်ဝန်းကျင်တွင် နေထိုင်သူများက လည်း အဆိုပါ တိုက်ခိုက်မှုအား အတည်ပြုပေးခဲ့ကြသည် ဟုလည်း သတင်းတွင် ပါရှိသည်။

 

စစ်တပ်သည် ၂၀၂၁ အာဏာသိမ်းပြီး နောက်ပိုင်း ပထမဆုံး စစ်မြေပြင် တွင် အကျအဆုံး များစွာ နှင့် ရင်ဆိုင်နေရပြီး အချုပ်အခြာ အာဏာဆို၍ ဝေဟင်သာ ပိုင်စိုးတော့သည့် အဖြစ် ဆိုက်ရောက်နေပြီ ဖြစ်သည်၊ ထိုအနေအထားတွင် စစ်ရာဇဝတ်မှု များ တိုး၍ ကျုးလွန်လာဖွယ် ရှိနေသဖြင့် နိုင်ငံတကာ အနေနှင့် စုံစမ်း အရေးယူမှု များ ပြုလုပ်သင့်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့် အဖွဲ့ကြီး မှ ကျား အား သတ်သတ်လွတ် စားရန် တောင်းဆိုနေသည် နှင့် မခြား ဖြစ်နေသော အာဆီယံ ဘုံ ငါးချက် နောက်ကွယ်တွင် မိန်းမောနေကြသော နိုင်ငံတကာ အား တပ်လှန့်နှိုးဆော်လာခဲ့ပြန်သည်။

 

အချုပ်အခြာ အာဏာ ပိုင်စိုးမှု ဆိုသည် က ပြည်သူများအား လက်နက်အားကိုးဖြင့် ခြိမ်းခြောက်အုပ်ချုပ်နေရသည့် ဓါးမြ၊ မာဖီယား ဂိုဏ်းသာသာ အဆင့်တွင် ရှိပေသည်။ ထိုသို့သော အနေအထား သည် မက္ကဆီကိုရှိ မာဖီယား ဂိုဏ်းများ၏ လူထု အပေါ် အကြောက်တရား ဖြင့် လွှမ်းမိုး အုပ်ချုပ်နေသည်နှင့် အဘယ်သို့များ ကွာခြားဦးပေမည်နည်း။

 

လက်ရှိတွင် အဆိုးဝါးဆုံး ကျုးလွန်ခံနေရသည်က ရခိုင်ပြည်နယ် အတွင်း ရှိ လူထုပင် ဖြစ်သည်၊ ရက္ခိုင်တပ်တော်အား စစ်ရေးအရ မယှဉ်နိုင်မှန်း သိ၍ လူထု အတွင်း အကြောက်တရား သွတ်သွင်းရန် ဖြတ်လေးဖြတ် ဖြင့် အစားအသောက် နှင့် လူသုံကုန်ပစ္စည်းများ ဖြတ်တောက် ပိတ်ဆို့ ခံနေရပြီး အပြစ်မဲ့ အရပ်သားများကိုလည်း စိတ်မထင်လျှင် မထင်သလို ဖမ်းဆီးနေသည်ဟု သိရသည်။ စီးပွားရေး လုပ်ငန်းရှင်များအားလည်း ပြန်ပေးဆွဲပြီး ငွေရှာနေသည့် သတင်းများ လည်း ထွက်ပေါ်လာခဲ့သည်။

 

စစ်ခေါင်းဆောင်များ အဖို့ ၎င်းတို့ လက်အောက်ခံ တပ်များ စည်းလုံးညီညွတ်‌ရေးသည်သာ အဓိက ဖြစ်နေ၍ လုပ်ချင်သလို လုပ်ခွင့်ပြုထားရသည့် အနေအထား တွင် ရှိနေသည်။

 

ယခင်က စစ်စရိတ် အတွက် ဖြည့်တင်းရန် ဒေါ်လာများကို ကျစ်ထားခဲ့ရာမှ စက်သုံးဆီ နှင့် ဓါတ်ဆီများ တပတ်ခန့် ပြတ်လတ်သွား၍ ရန်ကုန်နှင့် မန္တ‌လေး ရှိ ဆီဆိုင်များတွင် လူမြင်မကောင်းအောင် ကားတန်းကြီး ထွက်ပေါ်လာခဲ့သဖြင့် ထိုအခြေအနေသည် ၎င်းတို့ အတွက် ရန်သူ ဒရုန်းများထက်ပင် အန္တရာယ် ပေးလာနိုင်မည့် present and immediate danger ဆိုသည်ကို ရိပ်စားမိလာ၍ ကျစ်ကျစ်ပါအောင် ဆုပ်ထားသော ဒေါ်လာများကို ချရောင်းပေးခဲ့သဖြင့် အခြေ အနေသည် ပုံမှန်နီးပါး ပြန်ရောက်လာသည်ဟု သိရသည်၊ သို့ရာတွင် နယ်များတွင် ပြတ်လတ်နေဆဲ ဖြစ်သည်ဟု ဆိုသည်။

 

ယခုအခါ ပုဂ္ဂလိက လေယာဉ်လိုင်းများ အား ပြည်တွင်း အခေါက်ရေ လျော့ချခိုင်းပြီး လေယာဉ်ဆီများ စုဆောင်းနေရပြီ ဖြစ်သည်ဟု RFA တွင် ရေးသားထားပြန်သည်၊ ပြည်တွင်း ခရီးစဉ် ပျံသန်းမှု သုံးပုံတပုံ ခန့် လျော့ကျသွားပြီး လေယာဉ်ခများ အဆမတန် မြင့်တက်လာနေသည်ဟု ခရီးသွား အေးဂျင့်များက ပြောသည်ဟု ရေးသားထားသည်။

 

လက်ရှိ တွင် ထိုအကျပ်အတည်း အား ခေတ္တ ခဏ ဖြေရှင်း နိုင်သည် ဆိုသော်လည်း ၁၀၂၇ စစ်ဆင်ရေးကြီး ကြောင့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်းများ ပိတ်ဆို့ ခံလိုက်ရပြီဖြစ်၍ တိုင်းပြည် စီးပွားရေး နှင့် ပြည်သူများ အား စတင်ထိခိုက်လာနေပြီ ဖြစ်သည်။ ယင်းသည် တိုင်းပြည်၏ အနာဂတ်ကို အဆုံးအဖြတ်ပေးလာတော့မည် ဖြစ်သည်ဟု မြန်မာနောင်း သတင်းတွင် ရေးသားထားသည်။

 

တချိန်က အရှေ့တောင်အာရှတွင် ယဉ်ကျေးမှူ အထွန်းကားခဲ့ဆုံး မွန်လူမျိုး များသည် ယခုအခါ တနိုင်ငံ လုံး သေနတ်သံများ ဆူညံနေချိန်တွင် ဘေးထွက် ထိုင်လျှက် ရှိနေဆဲဟု ဂျပန် နိုင်ငံထုတ် နီကီ အေးရှား စာစောင် တွင် ရေးသားထားသည်ကိုလည်း ဖတ်ရှုခဲ့ရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!