အောင်ပွဲ များ ဆင့်ကဲ ဆင့်ကဲ

by Hla Soewai - Dec 25 2023

မနေ့က ပြုလုပ်သည့် တရုတ် နိုင်ငံခြားရေးဝန်ကြီး ဌာန အပတ်စဉ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောခွင့်ရ ဝမ် ဝင်းဘင် မှ ဂျပန် သတင်းဌာန NHK ၏ အမေးကို ဖြေကြားရာတွင် သဘောတူညီချက်များကို အမြန် အကောင်အထည် ဖေါ်ကြဖို့၊ အစွမ်းကုန် ချုပ်ဝာည်းကြဖို့ လိုသည်ဟု ပြောသွားခဲ့သည်။

 

၎င်းပြောသလို သဘောတူညီချက် ရှိခဲ့သည် ဆိုလျှင်ပင် စာရွက်ပေါ်မှာ သာ ဖြစ်သည်မှာ ပေါ်လွင်နေပေသည်။

 

လက်ရှိတွင် အာဏာသိမ်းပြီး နောက်ပိုင်း နိုင်ငံတွင်း တရုတ် ရင်းနှီး မြုပ်နှံသည့် စီမံကိန်းများ ဟူ၍ ဆိုလာပြား ထုတ်သည့် အသေးစား စက်ရုံ ငါးခု နှင့် ဓါတ်ငွေ့ စက်ရုံငယ် တခုသာ ရှိသည်ဟု Frontier Myanmar တွင် ရေးသားထားသည်။ 

 

မြန်မာသည် တရုတ် အတွက် ဝန်ထုပ်ဝန်ပိုး ဖြစ်လာနေပြီး ၎င်းတို့၏ ဓါတ်ငွေ့ ပိုက်လိုင်း များလည်း စိတ်မချရသည့် အနေအထား ရောက်လာနေသည်။

 

တရုတ်သည် လက်ရှိ ဖြစ်ပျက်နေမှုများ အတွက် စစ်ကောင်စီ ကိုသော်၎င်း၊ တော်လှန်ရေး မဟာမိတ်များကိုသော်၎င်း ရှုတ်ချ ပြောဆိုခြင်း မရှိခဲ့သည်ကလည်း ၎င်းတို့ တဖက်ဖက် ကို ပြတ်ပြတ်သားသား ထောက်ခံ၍ မရ ဆိုသည်က ပေါ်လွင်နေပေသည်။

 

၁၀၂၇ စစ်ဆင်ရေး မှ စတင်လာခဲ့သည် တော်လှန်ရေး လှိုင်းလုံးကြီးများသည် ကြောက်ခမန်းလိလိ မြင့်တက်လာနေခဲ့ပြီ ဖြစ်သည်။

 

တနင်္လာနေ့တွင် ကိုးကန့် ဒေသရှိ လောက်ကိုင် နှင့် သုံးမိုင်သာ ဝေးသည့် တရုတ်-မြန်မာ နယ်ခြားဂိတ် ဖြစ်သည့် ရန်လုံချိုင်းကို MNDAA တပ်များက ထိန်းချုပ်လိုက်ပြီး ၎င်းတို့၏ အလံသည် လေထဲတွင် တလှုလှု လွင့်နေပြီ ဖြစ်သည်။ လောက်ကိုင် တွင် နောက်ထပ် သိမ်းစရာ မရှိတော့ဟု MNDAA ဖက်က ပြောသည်ဟုလည်း သတင်းများက ဆိုသည်။ (ပုံတွင်ရှု့)

 

စစ်ကောင်စီ တပ်များ နှင့် ပြည်သူ့စစ် များလည်း လက်နက်ချခဲ့ကြပြီး ၎င်းတို့အား ငွေကြေးထောက်ပံ့ပေးခဲ့သည့် ဗီဒီယို ဖိုင်သည်လည်း ဆိုရှယ် မီဒီယာ ပေါ်တွင် ထွက်ပေါ်လာခဲ့သည်။

 

နိုဝင်ဘာ ၇ ရက်နေ့က တော်လှန်ရေး မဟာမိတ် တပ်များ လက်ဝယ် ကျ‌ ရောက်ခဲ့သည့် အိန္ဒိယ နယ်ခြား မြို့ ဖြစ်သည့် ခမ်းပတ် မြို့အား ပြန်လည် သိမ်းယူရန် လေကြောင်းပစ်ကူများ နှင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီ တပ်များ အကျအဆုံး များစွာ နှင့် ပြန်ဆုတ်သွားရသည်ဟု အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် ချင်း တော်လှန်ရေး တပ်များက ဆိုသည်။

 

TNLA တပ်များသည်လည်း နမ်ဆန် မြို့အား ဒီဇင်ဘာ ၁၀ ရက် မှ ၁၅ ရက်အထိ ၆ ရက်ကြာ စစ်ကောင်စီ တပ်များကို အပြင်းအထန် ထိုးစစ်ဆင်ပြီးနောက် အပြည့်အဝ ထိန်းချုပ် နိုင်လိုက်ပြီ ဖြစ်သည်။

 

လက်ရှိတွင် TNLA တပ်များသည် မန်တုံ မြို့ တဝိုက်တွင် ဆက်၍ ထိုးစစ်ဆင်လျက် ရှိသည်ဟု သိရသည်။

 

ချင်းမဟာမိတ်တပ်များသည် စစ်တပ်၏ အဓိက ထောက်ပို့ လမ်းကြောင်း ပေါ်တွင် ရှိသည့် ဟားခါး မြို့နယ် အတွင်း ရှိ ဘုံဇုံး စစ်၊မှ ချင်းပြည်နယ်သို့ ဆက်သွယ် နိုင်သည့် လမ်းကြောင်းကို ဖြတ်တောက်နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့အပြင် မတူပီ မြို့နယ် အတွင်းရှိ ထယ်ဘွေးကျေးရွာ တပ်စခန်းအားလည်း သိမ်းပိုက်နိုင်ခဲ့ကြသည်။

 

ကရင်နီ တော်လှန်ရေး မဟာမိတ်များသည်လည်း ယခုအခါ မြို့တော် လွိုင်ကော်၏ ၈၅ ရာနှုန်းကို ထိန်းချုပ် နိုင်ခဲ့ပြီ ဖြစ်သည်။

 

စစ်အာဏာသိမ်း အဖွဲ့သည် ယခုအခါ တော်လှန်ရေး မဟာမိတ် တပ်များ၏ ဟန်ချက်ညီညီ ဖြင့် ထိုးစစ်ဆင် လာမှု ကြောင့် အကြီးအကျယ် အကျပ်ရိုက်လျက် ရှိနေပြီ ဖြစ်သည်ဟု နိုင်ငံတကာ သတင်းများ တွင် ပါရှိလာနေပြီ ဖြစ်သည်။

 

လက်ရှိ အနေအထားအား တရုတ်သည် နိုင်ငံရေး အရ ဖြေရှင်းရန် ဖိအားပေးလာခဲ့လျင်ပင် ပြဿနာသည် မည်သို့မျှ အချိန်တို အတွင်း ပြေလည် နိုင်စရာ မရှိပဲ ဆွေးနွေး နေခြင်းဖြင့်သာ ရေရှည်သွားမည် ဖြစ်ပြီး စစ်ကောင်စီ ပြုတ်ကျသွားမှသာ အခြေအနေများကို အမြန်ပြန်၍ ထိန်းနိုင်မည် ဆိုသည်ကိုလည်း ရိပ်စားမိနေလောက်ပြီ ဖြစ်သည်။

 

ထို အ‌နေအထားတွင် တရုတ် စိတ်ဝင်စားနေသည်က နိုင်ငံကို အမြန် ပြန်၍ ထိန်းချုပ် နိုင်ရေးပင် ဖြစ်သည်။

 

မင်းအောင်လှိုင်သည် ၎င်း၏ လက်ရှိ အသာစီး ရနေသော လေတပ်အင်အားကို ဖြင့် တော်လှန်ရေး မဟာမိတ်များ နေပြည်တော်သို့ ရောက်မလာအောင် ထိန်းထားနိုင်မည်လား ဆိုသည်ကို သုံးသပ်ရမည့် အခြေ စိုက်လာခဲ့ပြီ ဖြစ်သည်။

 

တိုက်လေယာဉ် အများစုသည်လည်း တနေ့ တ‌နေ့ မီးခိုး အူထွက် မတတ် တက်လိုက်ဆင်းလိုက် သုံးနေရ၍ ပြုပြင် ထိန်းသိမ်းဖို့ လိုအပ်နေသော်လည်း အပို ပစ္စည်းများကို ရုရှားက အလျင်မီ ပို့ပေးနိုင်မည် မဟုတ်ပေ။

 

မင်းအောင်လှိုင်၏ အနေအထားသည် လူများက တူ နှင့် ဝိုင်းတီး‌နေသော သံပုံးကြီးထဲ ခေါင်းစိုက်ထားရသည့် လူလို ဖြစ်လာနေသော်လည်း အနူတော လူချော လုပ်ကာ လူမြင်ကွင်းသို့ ထွက် ထွက်လာကာ မျက်နှာပြောင် တိုက်နေဆဲပင် ဖြစ်သည်ကို ကြည့်၍ စိတ်သည် ပုံမှန်မှ ရှိပါလေစ ဟု တွေးလာကြပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်းစစ် မုချ အောင်ရမည်!!!