ဝေဟင်ကို စိုးမိုးလာနေသည့် တော်လှန်ရေး ဒရုန်းများ

by Hla Soewai - Jan 02 2024

၆ ကီလိုဂရမ် အလေးချိန်ရှိသော ဗုံးကို သယ်ဆောင်သွားသော Bomber VIII ဟု အမည်ပေးထားသော ဒရုန်း သုံးစင်းသည် တောအုပ်တန်းကြီးထဲ မှ တဟုန်ထိုး ကောင်းကင်သို့ ပျံတက်သွားသည်၊ ၎င်း၏ ဦးတည်ရာသည် ၄ ကီလိုမီတာ အကွာတွင် ရှိသော စစ်ကောင်စီ၏ တပ်စခန်း တခု ရှိရာသို့ ဖြစ်သည်။

 

ဝေဟင်ထဲတွင် ရှိနေစဉ် မန္တလေး ပြည်သူ့ ကာကွယ်‌ ရေး တပ် ဒရုန်းတပ်ခွဲ ခေါင်းဆောင် မှ ပစ်မှတ် ၏ နေရာ အတိအကျ ကိုဩဒီနိတ်ကို သူ၏ ဖုန်း ပရိုဂရမ်ထဲ ထည့်သွင်းပေးလိုက်သည်၊ မိနစ် အနည်းငယ် အကြာ ပစ်မှတ် အပေါ်တည့်တည့် ရောက်ချိန်တွင်တော့ ဗုံးကို ဖြုတ်ချရန် ဖုန်းထဲက ခလုတ်ကို နှိပ်လိုက်သည်။

 

ပေါက်ကွဲသံကြီး ထွက်ပေါ်လာပြီး သယ်ဆောင်သွားသည့် ဗုံးနှစ်လုံး အနက် တလုံးသည် ပစ်မှတ်တည့်တည့် ကို ထိမှန်သွားသည်၊ တလုံးကတော့ ပေါက်ကွဲခဲ့ခြင်း မရှိ‌ပေ။ ဒရုန်းများသည် သူ၏ တာဝန် ပြီးဆုံးသည်နှင့် စခန်းရှိရာသို့ ချောချောမွေ့မွေ့ ပြန်ရောက်လာခဲ့သည်။

 

ဤသို့ဖြင့် တော်လှန်ရေး မဟာမိတ်တပ်များသည် အာဏာသိမ်း အဖွဲ့ ပြည်သူ့ ချွေးနဲစာဖြင့် ဝယ်ယူထားသည့် တရုတ် နှင့် ရုရှားလုပ် ဂျက်တိုက်လေယာဉ်များ ကောင်းကင်ပြင်ကို စိုးမိုးထားမှု ကို တန်ပြန် စိန်ခေါ် နိုင်ခဲ့ပြီ ဖြစ်သည်ဟု လန်ဒန် ရှိ ဒေးလီးမေးလ် သတင်းစာကြီးတွင် ဖေါ်ပြထားသည်။

 

ထိုဒရုန်းများသည် ဂျင်ဇီး လူငယ်လေးများ၏ တီထွင် ဖန်တီးမှု သက်သက်ဖြင့် ထွက်ပေါ်လာခဲ့ခြင်းလည်း ဖြစ်သည်။ စစ်ခေါင်းဆောင် မင်းအောင်လှိုင် ကိုယ်တိုင်ပင် ဒရုန်းများ၏ ရန်ကြောင့် သူတပ်များ စခန်းများမှ ဆုတ်ခွာပေးခဲ့ရသည်ဟု ဝန်ခံထားခဲ့ပြီးလည်း ဖြစ်သည်။ ပြီးခဲ့သည့် ထိုးစစ်အတွင်း drop bomb အလုံးရေ ၂၅,၀၀၀ ဖြင့် တိုက်ခိုက်ခံခဲ့ရသည်ဟု ၎င်းက ဆိုသည်။

 

မင်းအောင်လှိုင်သည် တော်လှန်ရေး တပ်ဖွဲ့များအား "အကြမ်းဖက်သမား" များ အဖြစ် ပေါ်လွင်စေရန် ပိုပိုသာသာ ပြောသွားသော်လည်း ဒရုန်းများ သွားနိုင်သည့် အကွာအဝေးက အကန့်အသတ်နှင့် ဖြစ်ပြီး လွန်စွာ အန္တရာယ်များသော အလုပ်လည်း ဖြစ်သည်။

 

၎င်းပြောသလိုပင် မကြာမီ လများ အတွင်း စစ်ကောင်စီ တပ်များသည် ဒရုန်းရန်ကြောင့် ဖရိုဖရဲ ဆုတ်ခွာပေးခဲ့ရပြီး ပြည်တွင်း လေဆိပ်များပါ အတိုက်ခံခဲ့ရသည်။ တရုတ်နယ်ခြားတွင် စစ်ကောင်စီ တပ်မှ ဗိုလ်မှုးချုပ် အဆင့်ရှိသူတဦး သေဆုံးသွားခဲ့သည်။

 

ရှမ်းပြည်နယ် မြောက်ပိုင်း တောင်တန်းများ အကြား တနေရာတွင် ပုန်းကွယ် ဆောက်လုပ်ထားသော ဒရုန်း အလုပ်ရုံတခုရှိ ဒီဇယ် ဂျင်နရေတာ မှ မှုတ်ထုတ်လိုက်‌ သော မီးခိုးများ တလူလူ ထွက်နေပြီး အနားတဝိုက်တွင် ဝိုင်ယာကြိုးခွေများ၊ ပလပ်စတစ် ပိုက်များ ထပ်ထားသည်ကို တွေ့ရသည်။

 

ယမ်းမှုန့်များ ကို ဒယ်အိုးကြီးထဲ ထည့်၍ ထင်းမီးဖိုဖြင့် ချက်ကြရသည်။ ထို့နောက် ဗုံး‌ဆံများ အဖြစ် ဖြတ်ထား‌ သော ပလပ်စတစ် ပိုက်လုံးလေးများထဲ သွန်းလောင်းရသည်။

 

မန္တလေး PDF ၏ ဒရုန်းတပ်ခွဲအား အင်ဂျင်နီယာ ကျောင်းသား နှစ်ဦး ဖြင့် စတင်ခဲ့သော်လည်း ယခုအခါ အင်အား ၅၀ အထိ ရှိလာနေသည်။ သုံးပုံတပုံခန့်သည် အမျိုးသမီး များ ဖြစ်ကြသည်။ ၎င်းတို့အဖွဲ့သည် 3D ပရင်တာ များ ဖြင့် ဗုံး အခွံများထုတ်ပြီး မပေါက်ကွဲနိုင်သော ယမ်းမှုန့်များထဲ့၍ အရင် ပစ်ခတ် စမ်းသပ် ကြရသည်။

 

ရှမ်းပြည်နယ် အတွင်း တိုက်ပွဲများတွင်လည်း မန္တလေး PDF တို့၏ ဒရုန်းများကို သုံးခဲ့ကြသည်။ တိုင်းရင်းသား လက်နက်ကိုင်များကိုလည်း လေ့ကျင့် ပေးခဲ့ပြီး အတူတကွလည်း တိုက်ပွဲဝင်ခဲ့ ကြသည်။

 

နမ္မတူ မြို့ကို လက်ရှိ သိမ်းယူထားသည့် TNLA ပြောခွင့်ရ တာအိုက်ကျော် အခုခေတ် က ဒရုန်း ခေတ် ဗျ ဟု ပြောသွားခဲ့သည်။ 

 

TNLA သည် နမ်ဆန်ရှိ စစ်တပ်ပိုင် လ္ဘက်ခြောက် စက်ရုံကို အသစ်စက်စက် ဒရုန်းများ ဖြင့် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။ ဒရုန်းများကို မည်သို့ မည့်ပုံ ရရှိခဲ့သည် ကို မှတ်ချက်ပေးရန် ငြင်းဆိုသွားသော်လည်း မိမိတို့သည့် မည်သည့် ပြည်ပ နိုင်ငံ တနိုင်ငံ၏ ထိန်းချုပ်မှု အောက်တွင် မရှိဟု ပြောဆိုသွားခဲ့သည်။

 

ချင်း တော်လှန်ရေး မဟာမိတ်များ နှင့် တိုက်ပွဲ ဖြစ်ပွားပြီးနောက် အိန္ဒိယ ဖက်ခြမ်းရှိ မီဇိုရမ် ပြည်နယ်ထဲသို့ မြန်မာ စစ်ကောင်စီ တပ်သား ၁၅၁ ယောက် ထွက်ပြေး ဝင်ရောက်လာ၍ ပါလာသော လက်နက်များကို သိမ်းဆည်းလိုက်ရသည်ဟု အာသံ ရိုင်ဖယ် သေနတ်ကိုင် တပ်ရင်း ၏ တပ်မှူးက ပြောကြောင်း အိန္ဒိယ သတင်းစာများ တွင် ဖေါ်ပြထားသည်၊ ယခု အချိန်ထိ ထွက်ပြေးလာသော မြန်မာ စစ်သား ၂၅၅ ဦး ရှိသွားပြီ ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!