ဒုတိယ အကြိမ် ဆွေးနွေးပွဲ ပျက်ပြန်

by Hla Soewai - Jan 02 2024

တရုတ်၏ ကြားဝင်ပေးမှုဖြင့် ညီနောင် မဟာမိတ် အဖွဲ့ နှင့် စစ်ကောင်စီ အကြား ဒုတိယ အကြိမ် ကူမင်း တွင် ဒီဇင်ဘာ ၂၂ မှ ၂၄ ရက် အတွင်း ထပ်မံ ဆွေးနွေးခဲ့ကြရာ သဘောတူညီချက် တစုံတရာ မရရှိပဲ ဆုံးခန်း တိုင်သွားခဲ့သည်ဟု အစည်းအဝေး နှင့် နီးစပ်သော သတင်းရပ်ကွက်များအား ကိုးကားပြီး မီဒီယာ များ တွင် ဖေါ်ပြခဲ့ကြသည်။

 

ထိုသို့ ဆွေးနွေးပွဲများ ဖြစ်မြောက်အောင် တရုတ် အထူး သံတမန် တိန် ရှီကျွန်းက စီစဉ်ပေးခဲ့ခြင်း ဖြစ်သည်။

 

ဆွေးနွေးပွဲတွင် တပ်များ ပြန်လည်နေရာချထားရေးနှင့် တရုတ် ကုန်သွယ်ရေး လမ်းကြောင်း ပြန်ဖွင့်ပေးရေး တို့ကို ‌ဆွေးနွေးခဲ့ကြသည်ဟု ဧရာဝတီက ဆိုသည်။

 

ရုရှားလုပ် မစ် တိုက်‌‌ လေယာဉ် များ လက်နက်ကြီးများ ပိုင်ဆိုင်ထား‌ သော်ငြားလည်း စစ်ကောင်စီသည် ၎င်းတို့၏ လိုလားချက်များကို အာပေါက်မတတ် တောင်းဆိုလာနေရသည့် အဖြစ်က သံဝေဂ ယူစရာပင် ဖြစ်သည်။

 

အပစ်အခတ် ရပ်စဲရေး အတွက် နှစ်ဖက်စလုံးသည် ၎င်းတို့ လက်ရှိ ရောက်နေသော နေရာများမှ ရှေ့ဆက်မတက်ရန် ဆိုသည်ကို မည်သည့်ဖက်ကမှ လက်မခံခဲ့ကြပဲ၊ TNLA နှင့် MNDAA တို့မှ ကုန်သွယ်ရေး လမ်းကြောင်းများ ထိန်းချုပ်နေခြင်းကို စစ်တပ်က လက်မခံပဲ ၎င်းတို့အား ပြန်လည် လွှဲပြောင်းပေးစေလိုသည်ဟု သိရသည်။

 

ပထမတကြိမ် ဆွေးနွေးစဉ်က ဒီဇင်ဘာ ၁၁ မှ ၃၁ အထိ ရက်နှစ်ဆယ်ကြာ အပစ်အခတ် ရပ်စဲမည်ဟု နှစ်ဖက် သဘောတူခဲ့သော်လည်း တိုက်ပွဲများက ဆက်တိုက်ဆိုသလို ဆက်လက် ဖြစ်ပွားနေခဲ့သည်။

 

ကိုးကန့်ဒေသ ရှိ MNDAA တပ်စခန်းများအား စစ်တပ်မှ လေကြောင်း မှ၎င်း၊ လက်နက်ကြီးများဖြင့် ၎င်း ပြန်လည် တိုက်ခိုက်လာခဲ့သည်။ MNDAA မှ နောက်ထပ် လောက်ကိုင်ရှိ စစ်စခန်း သုံးခုအား ထပ်မံသိမ်းယူ နိုင်ခဲ့ပြီး လောက်ကိုင်တွင် အခြေစိုက်သည့် အမှတ် (၅၅) ခြေမြန် တပ်မဌာနချုပ် လက်အောက်ခံ စစ်ကောင်စီ တပ်သားများ ရာနှင့်ချီ၍ လက်နက်ချခဲ့ကြသည်။

 

ရခိုင်ပြည်နယ် မြောက်ဦးမြို့ရှိ ရှေးဟောင်း အမွေ အနှစ်များ၊ ပြတိုက်များကို လည်း စစ်တပ်မှ လက်နက်ကြီးများဖြင့် တမင် ပစ်ခတ် ဖျက်ဆီးနေသည်ကို ရက္ခိုင့် တပ်တော်မှ ပြင်းပြင်းထန်ထန် လက်တုန့်ပြန်သွားမည်ဟု ပြောဆိုလာခဲ့သည်။ ယခုအခါ AA သည် မြောက်ဦး ရဲစခန်း နှင့် စစ်စခန်း တခုကို သိမ်းပိုက် နိုင်လိုက်ပြီ ဖြစ်သည်။

 

စစ်တပ်၏ ထိုကဲ့သို့သော လုပ်ရပ်သည် ISIS များ နှင့် မခြား ဖြစ်လာနေသည်။

 

ပေါက်တော၊ မင်းပြား၊ မောင်းတော၊ ဘူးသီးတောင်၊ မြောက်ဦး နှင့် ရမ်းဗြဲ ကျွန်းတွင် တိုက်ပွဲများ ဖြစ်ပွားနေသည်။

 

TNLA သည် ယခုအခါ ပလောင် ကိုယ်ပိုင် အုပ်ချုပ် ခွင့်ရ ဒေသတခုလုံးအား ထိန်းချုပ်နိုင်ခဲ့ပြီး နမ္မတူ မြို့အား ဆက်လက် ထိုးစစ်ဆင် လျက် ရှိသည်ဟု သိရသည်။

 

ပဲခူးတိုင်း ရှိ ပဲနွယ်ကုန်း နှင့် ကျောက်ကြီး အကြားရှိ နတ်သံကွင်း မြို့အား တော်လှန်ရေး မဟာမိတ်တပ်များက သိမ်းယူနိုင်ခဲ့၍ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းမ နှင့် ခုနှစ်မိုင်ခန့် အကွာသို့ ချည်းကပ်လာပြီ ဖြစ်သည်။

 

တနေ့တခြားလည်း စစ်ကောင်စီ သည် အစိုးရ လုပ်ရန် သုံးနှစ်ကြာ ကြိုးပမ်းခဲ့သော်လည်း ကမ္ဘာအလယ်တွင် အုပ်ချုပ်ခံ နိုင်ငံသားများက လက်နက်စွဲကိုင် တွန်းလှန် ခြင်း ခံနေရသည့် အဖွဲ့သာသာ အဖြစ် တနေ့တခြား ထင်ရှားလာနေပြီ ဖြစ်သည်။

 

စစ်‌ ကောင်စီသည် ၂၀၂၃ အတွင်း စစ်ရာဇဝတ်မှု များ စံချိန်တင်အောင် ကျုးလွန်နေသော အဖွဲ့ ဖြစ်သည်ဟု ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့သည် ဗုဒ္ဓဟူးနေ့က ကြေငြာချက် ထုတ်ပြန်လာခဲ့သည်။

 

ပုံတွင် မင်းအောင်လှိုင်သည် တရုတ် ကမကထ ပြု မဲခေါင် မြစ်ဝှမ်း ဖွံဖြိုးရေး အစည်းအဝေး တွင် အလှည့်ကျ ဥက္ကဌ အဖြစ် အွန်လိုင်း မှ ပြောဆိုနေသည်ကို တွေ့နိုင်သည်၊ ၎င်းသည် လက်ရှိ အ‌နေအထား အပေါ် မသာယာ နိုင်တော့ပဲ ယုံကြည်မှု ပျောက်ဆုံးနေပြီ ဆိုသည်ကို အတိုင်းသား တွေ့နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!