ဘိုင်ဒင် အစိုးရအား တပ်လှန့်လိုက် သော နယူးယောက် တိုင်း ဆောင်းပါး

by Hla Soewai - Jan 02 2024

မြန်မာ စစ်တပ်သည် ဆယ်စုနှစ်ပေါင်း များစွာ ပြည်ပ ဖိအားပေးမှုများ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များစွာ ၏ စိန်ခေါ်မှု များကို ကြံ့ကြံခံ ရင်ဆိုင်နိုင်ခဲ့သည်၊ သို့သော် ပြီးခဲ့သည့် နှစ်လ အတွင်း စစ်ဗိုလ်ချုပ်များ၏ အနိုင်မခံ ဆိုသော အရှိန်အဝါသည် ထိခိုက် ပွန်းရှသွားခဲ့ရပြီ ဖြစ်သည်။

 

၂၀၂၁ အာဏာသိမ်းမှု ကြောင့် ပေါ်ပေါက်လာသော တော်လှန်ရေး အင်အားစုများသည် မကြုံစဖူး အောင်မြင်မှုများ ရလာနေပြီး စစ်စခန်းပေါင်း လေးရာကျော် နှင့် တမြို့ပြီး တမြို့ ဆက်တိုက် သိမ်းယူ လာနေကြသည်။

 

နိုင်ငံတကာ၏ ထိထိရောက်ရောက် ကူညီပံ့ပိုးမှု မရှိပဲ ရရှိလာသည့် အောင်မြင်မှု များသည် စစ်အာဏာရှင် တို့ နဖားကြိုးထိုးထားသည့် တံပိုးကို ဖြုတ်ချနိုင်ရေး အတွက် လွန်စွာ အရေးပါလှသော အနေအထား သို့ ရောက်ရှိလာခဲ့ပြီ လည်း ဖြစ်သည်။

 

ထို့အတွက် အမေရိကန် နှင့် ဒီမိုကရေစီ မဟာမိတ်များ အနေဖြင့် တော်လှန်ရေး အင်အားစုများအား အမှန်တကယ် အကူအညီပေးခြင်း နှင့် အနာဂတ်တွင် လွတ်လပ်လာမည့် မြန်မာ နိုင်ငံ အတွက် ပြင်ဆင်ခြင်းများ စတင်သင့်ပြီ ဖြစ်သည်။

 

၁၉၆၂ စစ်တပ် အာဏာသိမ်းခဲ့ပြီးချိန်မှစ၍ ပြည်ပနှင့် အဆက်အသွယ် ဖြတ်ကာ တသီးတခြား နေထိုင်လာပြီး နိုင်ငံသားများ အပေါ် လည်း လူ့အခွင့်အရေး အမျိုးမျိုး ချိုးဖောက်ကာ အုပ်ချုပ်လာခဲ့ခြင်းကြောင့် အာရှတွင် လူနေမှု အဆင့်အတန်း အနိမ့်ကျဆုံး နိုင်ငံ ဘဝ ရောက်ရှိခဲ့ရသည်။

 

လွတ်လပ် ပွင့်လင်းသော အင်ဒို-ပစိဖိတ် ဒေသကြီး ဖြစ်ရမည်ဟု ကြွေးကြော်လာသည့် ဘိုင်ဒင် အစိုးရ အဖို့ မြန်မာတို့၏ တော်လှန်ရေးကို စိတ်ဝင်တစား ရှိသင့်ပေသည်။ မဟာဗျူဟာ အရ အကွက်အကွင်း ကျလှသည့် မြန်မာသည် ဒီမိုကရေစီ နိုင်ငံ အဖြစ် ပေါ်ထွန်းလာမည်ဆိုက ရုရှားနှင့် တရုတ်တို့၏ ဩဇာ လွှမ်းမိုးမှုကို ပို၍ ကြံကြံ့ခံ ရပ်တည်သွားနိုင်မည့်အပြင် တရုတ် နှင့် မြန်မာအား မည်သို့ ကိုင်တွယ်သွားရမည့် အရေး အပေါ် သဘောကွဲလွဲနေသည့် အာဆီယံ အဖွဲ့ကြီး ပြန်လည်အင်အား တောင့်တင်းလာနိုင်မည်လည်း ဖြစ်သည်၊ ထို့ပြင် အာဏာရှင် စနစ်ကိုလည်း ထိုးနှက်လိုက်သလိုလည်း ဖြစ်သွားပေမည်။ ထိုတိုက်ပွဲအား ဆင်နွှဲရန် ဘိုင်ဒင်သည် သူ၏ သမ္မတ သက်တမ်း အတွင်း အဓိက နေရာတွင် ထားသင့်လှသည်။

 

သို့သော် နိုင်ငံတကာသည် မြန်မာအရေး အပေါ် အကောင်းဖက်က ရှုမြင်ခြင်းမျိုး မရှိပဲ အပျက်သဘောသာ တွေး၍ ယူဆထားလေ့ရှိသည်၊ လက်ရှိ တော်လှန်ရေး သည် ယခင်ကနှင့် ဘာမှမခြား စစ်တပ်၏ ချေမှုန်းခြင်း ခံရမည်၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည်လည်း အချင်းချင်း မညီမညွတ် ဖြစ်နေခြင်းကို ကျော်လွှားနိုင်စွမ်း မရှိသဖြင့် နောက်ဆုံးတွင် ဒီမိုကရေစီ တိုးတက်မှုများ ရရှိရေး အတွက် အဟန့်အတား သဖွယ် ဖြစ်လာလိမ့်မည် အစရှိသည့် အမြင်များ ကိုင်စွဲထားကြဆဲပင် ဖြစ်သည်။

 

ထိုအမြင်များအပေါ် အခြေခံပြီး စစ်တပ်သည်သာ တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲမသွားအောင် ထိန်းသိမ်းထားနိင်သည်ဟု မကြာခဏ ဆိုသလို သဘောထားခဲ့ကြသည်။

 

အမေရိကန်သည် အခြားနိုင်ငံများ နှင့် စာလျှင် မြန်မာဒီမိုကရေစီ အရေး ကို ပို၍ ထောက်ခံသည့် နိုင်ငံ ဖြစ်သော်လည်း နိုင်ငံခြားရေး မူဝါဒ ပိုင်း ဆိုင်ရာ အသိုက်အဝန်း တွင် မြန်မာ တို့၏ တော်လှန်ရေးသည် အောင်မြင်ပါ့မလား ဆိုသည် နှင့် အာဏာသိမ်း အဖွဲ့ မရှိသည့်နောက် မည်သို့ ဖြစ်လာနိုင်သည် ဆိုသည့် အပေါ် စိုးရိမ်မကင်း ဖြစ်နေကြဆဲပင် ဖြစ်သည်။

 

သို့သော် တော်လှန်ရေး၏ အောင်မြင်လာမှုများကြောင့် ထိုသို့သော စိုးရိမ်ကြောင့်ကြစိတ်များ ဖယ်ထုတ်ပစ်ရပေတော့မည်။

 

အာဏာသိမ်း အဖွဲ့သည် လက်နက်ကြီးများ၊ တိုက်လေယာဉ်များ ရှိနေ၍ စစ်အင်အားအရ သာလွန်နေသည်မှာ မှန်သော်လည်း စစ်မျက်နှာ အနှံ့အပြား တွင် အရေးနိမ့်လာနေမှု များကြောင့် စိတ်ဓါတ်များ ကျဆင်းလာနေပြီ ဖြစ်သည်။ တပ်ရင်းတရင်းလုံး လက်နက်ချသည့်သတင်းများ၊ ဘက်ပြောင်းသွားမှုများ၊ အကျအဆုံးများလာခြင်းကြောင့် အလျှင်အမြန်ပင် လုံးပါး ပါးလာနေပြီ ဖြစ်သည်။

 

တော်လှန်ရေး အင်အားစုများ ဖက်တွင်တော့ အရှိန်ရလာနေပြီ ဖြစ်သည်။ ထိုးစစ်များ တခုပြီး တခု အောင်မြင်လာနေပြီး ယခင်က မရှိခဲ့ဖူးသည့် အချင်းချင်း ညှိနှိုင်းတိုင်ပင် ပေါင်းစည်းမှု များ တွေ့လာရပြီ ဖြစ်သည်။ ဤသည်ကပင် အခြေအနေများသည် ၎င်းတို့ဖက် အလေးသာနေသည်ကို ပြသနေသည့် လက္ခဏာများပင် ဖြစ်သည်။

 

မြန်မာ ပဋိပက္ခသည် ယခင်ကကဲ့သို့ တိုင်းရင်းသား လူနည်းစုများက ဗမာတို့၏ လွှမ်းမိုး ချုပ်ကိုင်နေမှု ကို တွန်းလှန်နေခြင်းမျိုး မဟုတ်တော့ပဲ နိုင်ငံအတွင်း ကွဲပြားမှု နှင့် ဒီမိုကရေစီ ကို လျစ်လျူ ရှုနေကြသော အမျိုးသားရေး တဖက်စွန်းရောက် စစ်အုပ်စု ကို ဆန့်ကျင် တွန်းလှန်လာနေသည့် အဖြစ်သို့ပြောင်းလဲသွားခဲ့ပြီ ဖြစ်သည်။

 

တော်လှန်ရေး အင်အားစု များအကြား အားလုံး ပါဝင်နိုင်မည့် ဖက်ဒရယ် ဒီမိုကရေစီကို လိုလားကြသည် တွင်သာ တသဘောတည်း ရှိကြပြီး အနာဂတ် နိုင်ငံရေး အပေါ် မည်သို့သော မူ ဘောင်များ ချမှတ် ဆောင်ရွက်သွားမည် နှင့် ပတ်သက်၍ ဘုံ ရပ်တည်ချက် မျိုး ကို မူ မရှိသေးဟု ဆိုရမည် ဖြစ်သည်။

 

စစ်တပ် ပြုတ်ကျသွားခဲ့လျှင် ထိုသို့သော ဘုံ သဘောတူညီချက်မျိုး ရှိထားဖို့ လွန်စွာ အရေးပါလာသဖြင့် ရှိအောင်လည်း အားစိုက် ကြိုးပမ်းရမည်သာ ဖြစ်သည်။ ပြီးခဲ့သည့် နှစ်လ အတွင်း စစ်မြေပြင်တွင် အချင်းချင်း ညှိနှိုင်း တိုင်ပင် ဆောင်ရွက်ခြင်းမျိုး တွေ့လာရပြီ ဖြစ်၍ အနာဂတ်တွင် အတူတကွ လုပ်ကိုင်သွားနိုင်မည့် အလားအလာ ကောင်းများ ပင် ဖြစ်သည်။ ထို့ပြင် တိုင်းပြည် ပြိုကွဲသွားနိုင်သည့် အန္တရာယ် ရှိနေသည် ဆိုသည်ကား အလွန်အကျွံ ပြောနေခြင်းသာ ဖြစ်သည်ကိုလည်း သက်သေထူရာ ရောက်ပေမည်။

 

မည်သို့ပင် ဖြစ်စေ မြန်မာလူထု အဖို့က စစ်ကောင်စီကို မဖြစ်မနေ ဖြုတ်ချ နိုင်ရေးကို သာ လိုလားနေကြသည်။

 

မကြာမီက အောင်မြင်ခဲ့သော ထိုးစစ်ကြီးသည် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များအကြား လပေါင်းများစွာ ကြာအောင် အတူတကွ စီမံ နိုင်ခဲ့မှု၏ အသီးအပွင့်များပင် ဖြစ်သည်။ အရေးပါဆုံး အချက်သည်ကား ဗမာ အများစု ပါဝင်နေသော ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များနှင့် တိုင်းရင်းသား အုပ်စုများ အကြား နည်းဗျူဟာ ပိုင်းတွင် ပေါင်းစည်း မိလာခြင်းပင် ဖြစ်သည်။

 

NUG ကွပ်ကဲမှု အောက်တွင်ရှိသည့် ဒရုန်းပညာရှင်များသည် ရှမ်းမြောက်‌ဒေသ တိုက်ပွဲများတွင် ကိုးကန့်၊ ပလောင်၊ ရခိုင် တိုင်းရင်းသားများ နှင့် အတူ လက်တွဲ တိုက်ပွဲဝင်ခဲ့ကြသည်။

 

တော်လှန်ရေး အား အဓိက စိန်ခေါ်လာ‌မည့် အရေးကား စစ်တပ်၏ သာလွန် အင်အား မဟုတ်ပဲ မိမိတို့ အား နည်းမျိုးစုံ ဖြင့် သွေးကွဲအောင် ကြံစည်လာမည့် အရေးပင် ဖြစ်ပြီး ယင်းအား ကြံ့ကြံ့ခံနိုင်အောင် ပို၍ အတူတကွ ပူးပေါင်း ဆောင်ရွက်မှုကို တည်ဆောက်သွားနိုင်ဖို့ပင် ဖြစ်သည်။

 

ထိုသို့ ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက် နိုင်ရေးကို ခြိမ်းခြောက်လာနိုင်သည့် တရုတ် အန္တရာယ်လည်း ရှိနေပြန်၍ အမေရိကန် အနေဖြင့် ပို၍ပင် ဝင်ပါသင့်လှသည်။ တရုတ်သည် မြန်မာ အရေး နှင့် ပတ်သက်လျှင် ကာလကြာမြင့်စွာကပင် နှစ်ဖက် ခွ မူ ကို ကျင့်သုံးလေ့ ရှိသည်၊ စစ်အစိုးရ များ နှင့် နိုင်ငံရေး၊ စီးပွားရေး နှင့် စစ်ရေးအရ ဆက်ဆံမှု များ ရှိနေသလို တဖက်တွင်လည်း နယ်စပ်ဒေသရှိ လက်နက်ကိုင် အဖွဲ့များ အပေါ် လည်း ဩဇာလွှမ်းနိုင်အောင် ပြုလုပ်ထားသည်။ ဤသည်ကလည်း နယ်စပ်ဒေသ တည်ငြိမ်ရေး နှင့် မြန်မာကို ဖြတ်ပြီး အကောင်အထည် ဖေါ်ရန် ရှိနေသည့် ဒေါ်လာ ဘီလီယံ ပေါင်း များစွာ ရင်းနှီးမြုပ်နှံထားသည့် စီးပွားရေး စင်္ကြန် လမ်းမကြီး ကို ကာကွယ် လို၍ ဖြစ်သည်။

 

တရုတ်သည် မနှစ်ကစ၍ စစ်တပ်ကို တိုး၍ ပံ့ပိုးပေးလာနေသည့် အတွက် လက်ရှိ ထိုးစစ်ကြီး အောင်မြင်လွန်းအား ကြီးလာနေမည်ကိုလည်း စိုးရိမ်ကောင်း စိုးရိမ် လာနိုင်သည်။ ထို့အတွက်လည်း အတင်းအကျပ် ခေါ် ဆွေးနွေးခိုင်းခြင်းလည်း ဖြစ်သည်။ တော်လှန်‌ ရေး သည် ရှေ့ဆက် အောင်မြင်လာမည် ဆိုလျှင် ပို၍ပင် စွက်ဖက်လာနိုင်ပေသည်။

 

မြန်မာ တော်လှန်ရေး အား ကူညီ ပံ့ပိုးနိုင်ရန် အမေရိကန် တွင် BURMA ACT ဆိုသည့် လုပ်ငန်းဘောင် ချထားပြီး ဖြစ်သော်လည်း အကောင်အထည် ဖေါ်ရေး တွင် နှေးကွေးလွန်းနေ၍ အများက စိတ်ပျက်နေကြသည်။

 

လက်ရှိ အချိန်သည် BURMA ACT ကို အကောင်အထည် ဖေါ်ဖို့ အခွင့်ကောင်းပင် ဖြစ်သည်။ ထိုင်း နှင့် အိန္ဒိယ အားလည်း နယ်ခြား ဖြတ်ကျော် အကူအညီများ ပေးပို့ နိုင်ရေး အဆင်ပြေအောင် ကူညီရေး အတွက် နားချသင့်သည်။ ထို့ပြင် မြန်မာ တွင် မတည်မငြိမ်မှု များ ဖြစ်နေသည် အဓိက တရားခံသည် စစ်အာဏာသိမ်း အဖွဲ့ ဖြစ်နေ၍ ‌တော်လှန်ရေး အောင်မြင်ရေး ရှု့ထောင့်မှ ရပ်တည်သင့်သည်ဟုလည်း တရုတ်အားသဘောပေါက်အောင် နားချသင့်သည်။

 

ထို့ပြင် တော်လှန်ရေး အုပ်စုများ အား ရံပုံငွေ ထောက်ပံ့နိုင်ရန် နှင့် အနာဂတ် အစိုးရ ဖွဲ့စည်းနိုင်ရေး အတွက် အပြန်အလှန် လက်ခံနိုင်မည့် နိုင်ငံရေး လုပ်ငန်း ဘောင် တရပ် ထွက်ပေါ်လာအောင် ၎င်းတို့အကြား ဆွေး‌နွေးပွဲများ ဖြစ်မြောက်ရန် ကမကထ ပြု ကြားဝင် ဆောင်ရွက်သင့်သည်။

 

အမေရိကန် သည် လွတ်လပ် ပွင့်လင်းသည့် အင်ဒို-ပစိဖိတ် ဒေသ ဖြစ်ပေါ်ရေး အတွက် အမှန်တကယ် အလေးအနက်ထား ‌ကြိုးပမ်းလိုစိတ် ရှိက မြန်မာ တို့ ၏ တော်လှန်ရေး ရှေ့လျောက် ပို၍ အောင်မြင်လာရေးသည် အမေရိကန် အကျိုးစီးပွား အတွက် လွန်စွာ အရေးပါနေသည်ဟု ရှုမြင်ရမည် ဖြစ်သည်။

 

(ဒီဇင်ဘာ ၂၂ ရက်နေ့ ထုတ် နယူးယောက်တိုင်းမ် သတင်းစာကြီး၏ "Myanmar’s Resistance Is Gaining Ground, but It Needs U.S. Help" ဆောင်းပါးအား ကောက်နှုတ် တင်ပြသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!