စောင့်ကြိုနေပြီ

by Hla Soewai - Jan 02 2024

မင်းအောင်လှိုင် နှင့် အပေါင်းအပါများအား မြင်နေရ‌လေ ပြည်သူတို့ အဖို့ လည်ချောင်းတွင် စိုက်ဝင်နေသော အရိုးသည် ပို၍ ကြီးလာသလို အခံရခက်လေ ဖြစ်နေကြသည်။

 

၎င်းတို့ အားကိုးအားထား ပြုနေရသော တိုက်လေယာဉ်များ၊ MI-35 ရဟတ်ယာဉ်များသည်လည်း တိုင်းရင်းသား မဟာမိတ်များ၏ ထိုးစစ်ကို မည်သို့မျှ ဟန့်တားနိုင်စွမ်း မရှိတော့သည်ကို တအောင်း တိုင်းရင်းသား တပ် TNLA မှ မန်တုံ မြို့သိမ်း တိုက်ပွဲဖြင့် သက်သေပြနိုင်ခဲ့သည်။

 

လေးရက်ကြာ တိုက်ပွဲကြီး အတွင်း စစ်ကောင်စီတပ်မှ လေကြောင်းတိုက်ခိုက်မှု စုစုပေါင်း ၂၆၅ ကြိမ်၊ ဗုံးကြဲချမှု အကြိမ်ပေါင်း ၁၀၃၈ ကြိမ်၊ လက်နက်ကြီး ပစ်ခတ်မှု ၁၃၇ ကြိမ် အသုံးပြုကာ စံချိန်တင် မီးကုန် ယမ်းကုန် တိုက်ခိုက်ခဲ့သော်လည်း နောက်ပိုင်းတွင် လက်မြှောက် အရှုံးပေးသွားခဲ့ရသည်။

 

ယင်းနှင့် အတူ မင်းအောင်လှိုင် နှင့် စစ်ဗိုလ်ချုပ်များ အဖို့ စစ်ရာဇဝတ်မှုများ တသီတသန်းကြီး ကျူးလွန်လာခဲ့ရသည်သာ အဖတ်တင်ခဲ့သည်။

 

ထိုကဲ့သို့ စစ်မြေပြင်တွင် အရေးနိမ့်လာခဲ့မှု များကြောင့် လက်ရှိ နိုင်ငံတကာ တရားရုံး အိုင်စီဂျေ တွင် ရင်ဆိုင်နေရသည့် အမှုအား တရားလို ဖြစ်သူ ဂမ်ဘီယာဖက်မှ ဝင်ရောက် ကူညီရန် နိုဝင်ဘာ ၂၃ ရက်နေ့တွင် နိုင်ငံအများ အပြားက ထုတ်ဖေါ် ပြောဆိုလာကြပြီ ဖြစ်သည်။

 

ထိုအထဲတွင် မော်လဒိုက် ကျွန်းနိုင်ငံ၊ ကနေဒါ၊ ဒိန်းမတ်၊ ပြင်သစ်၊ ဂျာမဏီ၊ နယ်သာလန်၊ ဗြိတိန် တို့ ပါဝင်လာကြသည်။ ထိုနိုင်ငံများက အိုင်စီဂျေ ပဋိညာဉ် အပိုဒ် ၆၃ အရ သက်သေ ထွက်ဆိုကြမည် ဖြစ်သည်။

 

ရိုဟင်ဂျာ များအပေါ် ကျုးလွန်ခဲ့မှု များ ကြောင့် တရားစွဲဆို ခံနေရမှုသည် ထိုသို့ နိုင်ငံ အများ ပါဝင် ပတ်သက်လာပြီ ဖြစ်၍ မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ် အဖို့ အန္တရာယ်သည် တစထက် တစ နီးကပ်လာနေပြီ ဖြစ်သည်ဟု အေးရှားတိုင်းမ် တွင် အဒမ် ဆင်ဆန် မှ ရေးသားထားသည်။

 

ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ အမြဲတမ်း အဖွဲ့ဝင် ဖြစ်သော ဗြိတိန် နှင့် ပြင်သစ်၊ ဂျာမဏီကဲ့သို့ ဩဇာ တက္ကိမ ရှိသော နိုင်ငံများ ပတ်သက်လာသောကြောင့် ဖြစ်သည်။

 

ထိုသို့ အနေအထားနှင့် ရင်ဆိုင်လာရသော စစ်အာဏာသိမ်း အဖွဲ့သည် ပြည်တွင်း တွင်လည်း စစ်ရေးအရ တနေ့ပြီး တနေ့ အရေးနိမ့်လာနေပြန်သည်။

 

ယခင်က ယူကရိန်းစစ်ပွဲ နှင့် အစ္စရေးတို့၏ ဂါဇာ စစ်ပွဲများ အရေးကြောင့် မှေးမှိနိနေခဲ့ရာမှ ယခုအခါ ကမ္ဘာသတင်း မီဒီယာများတွင် ထိတ်တန်း သတင်းအဖြစ် ပြန်လည် နေရာယူလာနေပြီ ဖြစ်သည်။

 

ထိုအဖြစ်သို့ ရောက်လာခဲ့ခြင်းမှာလည်း ဒီဇင်ဘာ ၄ ရက်နေ့ထုတ် ဝါရှင်တန် ပို့စ် သတင်းစာကြီးမှ ကရင် အမျိုးသား သမဂ္ဂ လက်နက်ကိုင် အဖွဲ့ကြီး အကြောင်း ရှေ့ဆုံးစာမျက်နှာမှ ရေးသားဖေါ်ပြခဲ့ခြင်းသည်လည်း တစိတ်တပိုင်း အားဖြင့် ပါဝင်ခဲ့သည်။

 

ယင်းနှင့် အတူ အမျိုးသား ညီညွတ်ရေး အစိုးရ၏ ပဋိပက္ခ အလွန် သဘောထား အပေါ်လည်း မေးခွန်းများ ထုတ်လာခဲ့သည်။ NUG မှ ၎င်းတို့ တိုင်းရင်းသားများ နှင့် စုပေါင်းရေးဆွဲထားသော ဖက်ဒရယ် ဒီမိုကရေစီ ပဋိညာဉ် အပေါ် အခြေခံသည့် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်သွားမည်ဟု အလေးအနက် ပြောခဲ့ပြီး ဖြစ်သည်။

 

နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးမှ ဖက်ဒရယ် ချာတာ အပိုင်း (၁)၊ အခန်း (၄) တွင် ပြည်နယ်တခုစီ ကျင့်သုံးနိုင်တဲ့ အာဏာကို သေချာကျနစွာ ခွဲဝေပေးထားပြီး အချုပ်အခြာ အာဏာကို ထိုပြည်နယ်များရှိ ပြည်သူလူထုက ပိုင်ဆိုင်သည်ဟု ပါရှိကြောင်း ထောက်ပြထားခဲ့သည်။ သို့သော် တကယ်တမ်း တိုက်နေသည့် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များက ဗမာ အများစု ပါဝင်နေသည့် အစိုးရ များ၏ ကတိကဝတ် ဖေါက်ဖျက်မှုများ အကြိမ်ကြိမ် ခံရပြီး ဖြစ်၍ စိတ်ပျက်လာခဲ့ကြသည်။

 

လက်ရှိ တော်လှန်ရေး လားရာ အတိုင်း ဆက်သွားမည် ဆိုလျှင် ဒီမိုကရေစီ နှင့် ဖက်ဒရယ် တည်ဆောက်ရေး တွင် တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များသည် NUG ထက် ပို၍ ပြောပိုင် ဆိုပိုင် ဆုံးဖြတ်ပိုင်ခွင့် ရှိလာနိုင်သည်ဟု အဒမ် ဆင်ဆန် က သုံးသပ်ထားသည်။

 

ရက္ခိုင် တပ်တော် AA သည် ကွန်ဖက်ဒရေးရှင်း တောင်းဆိုထား၍ NUG နှင့် ဖာသိဖာသာ သာ ဆက်ဆံနေဆဲ ဖြစ်သည်ဟု ဆိုသည်။

 

တဖက်တွင် စစ်ခေါင်းဆောင်များသည် ၎င်းတို့ အရေးနိမ့်သွားပါက နိုင်ငံတကာ တရားရုံးများ မှ ၎င်းတို့ကို စောင့်ဆိုင်းနေကြပြီ ဆိုသည်ကို ကောင်းစွာ သတိပြုမိနေပြီလည်း ဖြစ်သည်။

 

သို့သော် ၎င်းတို့တွင် အာဏာကို ဆက်လက် ဆုပ်ကိုင်ထားနိုင်ရေး အတွက် ဗျူဟာ အမျိုး မျိုး ရှိနေဆဲ ဖြစ်သည်၊ ထိုအထဲတွင် အရှူံး နှင့် ရင်ဆိုင်နေရသော နယ်စပ်ဒေသများမှ ဆုတ်ခွာပေးခြင်းမျိုးလည်း ပါဝင်နေသည်။

 

သို့သော် အသစ် တဖန် နိုးထလာသည့် ဆန့်ကျင်တွန်းလှန်လာမှု များကြောင့် ရွေးချယ်စရာ သိတ် မကျန်တော့ပေ။

 

ပြီးခဲ့သည့် နှစ်လ အတွင်း ဖြစ်ပျက်လာမှု များကို ကြည့်က မင်းအောင်လှိုင်သည် ယခင်ကလို နေပြည်တော်တွင် စိတ်ချလက်ချ နေနိုင်တော့မည် မဟုတ်ပေ။

 

ပြောရန် စောလွန်နေသေးသော်လည်း တော်လှန်ရေး အောင်ပွဲက နီးကပ်လာနေပြီ ဖြစ်၍ စစ်ခေါင်းဆောင်ပိုင်းသည် မင်းအောင်လှိုင်ကို ထိုးကြွေးလိုက်မည်ဆိုက ၎င်းတို့ အတွက် အပေးအယူ လုပ်၍ ရမည့် အနေအထားသို့ ရောက်လာလိမ့်မည်ဟု ယူဆကောင်း ယူဆလာကြပေလိမ့်မည်။

 

ထိုအခါတွင်တော့ မင်းအောင်လှိုင်သည် ဂျာမဏီ သို့မဟုတ် နယ်သာလန် တွင် အရိုးထုတ်ရ ပေတော့မည်သာ ဖြစ်သည်။

 

ယမန်နေ့က Centre for Information Resilience (CIR) မှ ထုတ်ပြန်သော Myanmar Witness Project ၏ "ပြာမှုန့်များက ချန်ထားခဲ့‌ သော ဇာတ်လမ်းများ (Stories left behind in the ashes) အစီရင်ခံစာ တွင် ၂၀၂၂ မတ်လ နှင့် ၂၀၂၃ စက်တင်ဘာလ အကြား ဖြစ်စဉ်ပေါင်း ၁၄၆ ခုအား အသေးစိတ် မှတ်တမ်းတင်ခဲ့ရာ မီးလောင် သေဆုဲးခံရသူ ၄၄၀ ကျော် ပါဝင်သည်ဟု ဆိုသည်။

 

ထိုအထံတွင် ၁၅၀ ခန့်အား မည်သူ မည်ဝါ ဖြစ်ကြောင်း ဖေါ်ထုတ် နိုင်ခံ့ပြီး ကလေး၊ လူကြီး၊ အမျိူသမီးများ ပါဝင်နေသည်ဟု ပါရှိသည်၊ သေ‌ဆုံးရသည့် အကြောင်းရင်းများထံတွင် စစ်တပ်၏ ခြေရာလက်ရာ အများအပြား ပါဝင်နေသည်ကို တွေ့ရသည်ဟု ဆိုသည်။

 

ထို့ပြင် NASA ၏ ဂြိုလ်တု ဓါတ်ပုံများ နှင့် ဆိုရှယ်မီဒီယာ သတင်းများ ပေါင်းစပ်၍ ၂၀၂၁ ဖေဖေါ်ဝါရီ နောက်ပိုင်းမှစ၍ မီးရှိုခံခဲ့ရသော ကျေးရွာပေါင်း ရာနင့် ချီ၍ စာရင်းပြုစု နိုင်ခဲ့ကြသည်ဟု သိရသည်။

 

ထိုသို့သော သက်သေ အထောက်အထားများက မင်းအောင်လှိုင် နှင့် အပေါင်းအပါ စစ်ဗိုလ်ချုပ်များ အား ကြိုဆိုရန် နယ်သာလန် နှင့် ဂျာမဏီက စောင့်ဆိုင်းနေပြီ ဖြစ်သည်။

 

(ပုံတွင် ဟိဂ် မြို့စွန် အပြင်ဖက် ဒပ်ခ်ျ အကျဉ်းထောင် အတွင်း ICC အကျဉ်းသားများ သီးသန့်ထားရှိသည် အချုပ်ခန်း အား တွေ့နိုင်သည်။)

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချ အောင်ရမည်!!!