တရုတ် တို့ ဖက်မှ ကော်ရိုနာ ဗိုင်းရပ်စ် အား ဖုံးဖိထားမှု ထွက်ပေါ်လာ

by Hla Soewai - Feb 01 2020

ယနေ့ နောက်ဆုံး ထွက်ပေါ်လာသော သတင်းအရ သေဆုံးသူ ၂၁၃ ဦး ရှိလာပြီး ရောဂါ ကူးစက်ခံရသူပေါင်း ၉,၆၉၂ ရှိလာပြီ လို့ ဆိုပါတယ်၊

 

စိတ်မာ ခက်ထန်လှသော ရဲရဲတောက် ဂျာမန် အဓိပတိ ကြီး ဖြစ်ခဲ့ဖူးတဲ့ အော်တို ဗွန် ဘစ်စမတ်ခ် ဟာ တခါ က ပြောခဲ့ဖူးပါတယ်။  ‘အရူးတွေသာ ကိုယ့်အတွေ့အကြုံက ကိုယ် သင်ခန်းစာ ယူရမယ်လို့ ပြောတာ။ ကျုပ်ကတော့ သူများတွေရဲ့ အတွေ့အကြုံကပဲ လေ့လာ သင်ယူဖို့ ပို သဘောကျတယ်”

 

တရုတ် သမ္မတ ရှီကျင့်ဖျင် အဖို့ ယခင် SARS ရောဂါကနေ ရလာတဲ့ အတွေ့အကြုံတွေကို ယခုထိ လေ့လာ ဖို့ ကြိုးစား နေ ပုံရပါတယ်။ သို့သော်လည်း အတော်ကို နောက်ကျနေပြီ လို့ ဆိုပါတယ်။ အမေရိကန်တွင် ထုတ်ဝေသော ထိပ်တန်း ဆေးပညာ ဂျာနယ်ကြီး ဖြစ်တဲ့ New England Journal of Medicine မှာ ‘ဗိုင်းရပ်စ်သည် လူသား မှ လူသား သို့ ကူးစက်နိုင်တဲ့ အထောက်အထားကို ဒီဇင်ဘာလ လယ်ထဲက အတည်ပြုနိုင်ခဲ့ကြတယ်’ လို့ တရုတ် ဆေးပညာရှင်များက ထုတ်ဖေါ်ရေးသားခဲ့ကြပါတယ်။

 

အဆိုပါ သုတေသီများသည် တရုတ် ရောဂါ ထိမ်းချုပ်ရေး ဌာနတွင် လုပ်ကိုင်နေကြသူများ ဖြစ်ပြီး  ဇန်နဝါရီ ၃ ရက်နေ့တွင် မှ ဝူဟန်သို့ စတင် ကွင်းဆင်းခွင့်ပြုခဲ့၍ ဝင်ခွင့်ရခဲ့သူများ ဖြစ်ပါတယ်။

 

ဘီဂျင်းသည်သာ ထိုစဉ်ကတည်းက မြန်မြန်ဆန်ဆန် အရေး တယူ လုပ်ခဲ့မယ်ဆိုရင် ယခုလောက်ထိ ပြင်းထန်မလာအောင် ထိမ်းချုပ်နိုင်လိမ့်မယ်လို့ ဝေဖန်မှုတွေ ထွက်ပေါ်လာပါတယ်။ တရုတ် ဆိုရှယ် မီဒီယာ များ တွင် အဆိုပါ သတင်း များ ထွက်ပေါ်လာ၍ ပြင်းထန်စွာ တုန့်ပြန်လာခဲ့ပြီး စောစောက ဘာလို့ မပြောခဲ့တာလဲ ဆိုတဲ့ မေးခွန်းများ ထုတ်လာကြပြီ ဖြစ်ပါတယ်။

 

တရုတ်သုတေသီများ အဆိုအရ ဝူဟန်တွင် ရောဂါ ကူးစက်သူ ၄၂၅ ဦး ကို အတည်ပြုနိုင်ခဲ့ပြီး ဆက်လက် သုတေသန လုပ်ရာတွင် ရောဂါ ကူးစက်သူ ၄၇ ဦးထဲတွင် ၅၅% သည် ပင်လယ်စာ နှင့် တရိစ္ဆာန် အရှင်များ ရောင်းချသည့် ဈေးများ နှင့် ဆက်သွယ်မှု ရှိနေကြောင်း ဇန်နဝါရီ ၁ ရက်နေ့ မတိုင်မီ ကတည်းက အတည်ပြု နိုင်ခဲ့ကြပါတယ်။ ဇန်နဝါရီ ၁ ရက် နှင့် ၁၁ ရက်အကြား ကျန်းမာရေး ဝန်ထမ်း ၇ ဦး ထံ ကူးစက်ခဲ့တယ်လို့ ဆိုပါတယ်။

 

သို့သော် တရုတ် အရာရှိများက ဇန်နဝါရီ ၁၁ ရက်တွင် ထုတ်ဖေါ်ပြောကြားခဲ့မှုများအရ ကျန်းမာရေး ဝန်ထမ်းများ ကြားတွင် ကူးစက်မှု မရှိခဲ့ဖူးလို့ ဆိုပါတယ်။

 

ဇန်နဝါရီ ၂၀ ရက် တွင်မှ တရုတ် ကျန်းမာရေး ကော်မရှင် ရှိ ကျွမ်းကျင်သူ တဦး က အဆိုပါ ရောဂါ ကူးစက်လာနေပြီ ဆိုသည်အား တွေ့ဆုံမေးမြန်းခန်း တခု တွင် ပြောကြားခဲ့ခြင်းဖြင့် လူသိရှင်ကြား ထုတ်ဖေါ်ပြောဆိုလာခဲ့တာ ဖြစ်ပါတယ်။ စောစော သိခဲ့ရင် လူတိုင်း ကြိုတင် ကာကွယ်မှုတွေ လုပ်လာကြမှာ ဖြစ်လို့ အခုလို လျှင်လျှင်မြန်မြန် ပျံ့ နှံ့လာစရာ မရှိဖူးလို့ ပြောလာခဲ့ကြပါတယ်။

 

ထို့အပြင် ယခုမှ ထုတ်ပြောလာတဲ့ ဆေးပညာ ရှင် များအားလည်း ရောဂါ ထိမ်းချုပ် ရေး အတွက် အရေးတကြီး စီမံဆောင်ရွက်တာမျိုး မလုပ်ပဲ ၎င်းတို့ အလုပ်မပြုတ်ရေးသာ ဦးစားပေးခဲ့ကြသူများလို့ ဝေဖန်လာခဲ့ကြပါတယ်။ သို့သော် အချို့က ၎င်းတို့ အနေနဲ့ ဘယ်လို မှ ထုတ်ပြောခွင့် မရှိကြလို့သာ ယခုလို ဆေးပညာ ဂျာနယ်ကနေ လူထုကို သတိပေးမယ်လို့ ရည်ရွယ်ခဲ့တာ ဖြစ်နိုင်တယ်လို့ သုံးသပ်မှုတွေလည်း ရှိနေပါတယ်။

 

ဒီဇင်ဘာလအတွင်း ထိုအချိန်က အမည်မတပ်ရသေးတဲ့ ဗိုင်းရပ်စ် ပိုး တမျိုး ပျံ့နှံ့နေပြီလို့ အင်တာနက်မှ တဆင့် သတင်း ဖြန့်ချီခဲ့တဲ့ လူ ရှစ်ဦးကို အာဏာပိုင်များက ဖမ်းဆီးခဲ့ကြပြီးလည်း ဖြစ်ပါတယ်။ ဖမ်းဆီးခံရသူများ သည် ဝူဟန်ရှိ ဆရာဝန်များ ဖြစ်တယ်လို့ နောက်ပိုင်းမှာ သိလာခဲ့ကြပါတယ်။

 

တရုတ် ရောဂါ ထိမ်းချုပ် ကာကွယ်ရေး ဌာနကတော့ ၎င်းတို့ သုတေသန လုပ်ခဲ့တဲ့ အမှု ၄၂၅ မှုကို  ဂျာနယ် မထွက်ခင်ကတည်းက ထုတ်ပြန်ခဲ့ပြီး ဖြစ်တယ်လို့ တန်ပြန်လာခဲ့ပါတယ်။

 

ဂျီနီဗာရှိ တရုတ် သံအမတ်ကြီးက တရုတ် အနေဖြင့် ရောဂါ ဖြစ်ပွားနေမှုကို ပြတ်ပြတ်သားသား ကိုင်တွယ်နေပြီ ဖြစ်သဖြင့် နိုင်ငံများ အနေဖြင့် “မလိုအပ်တဲ့ အစီအမံတွေ” လုပ်ဖို့ မလိုဖူး၊ အထိတ်တလန့် ဖြစ်စရာ မလိုဖူးလို့ သတင်းထောက်များနဲ့ တွေ့ဆုံရာတွင် ပြောဆိုလိုက်ပါတယ်။

 

ဂျာမန် သုတေသန ဝန်ကြီး အင်ဂျာ ကာလစ်ဇက် က ရောဂါ ကာကွယ်ဆေး ကို လအနည်းငယ်အတွင်း ထုတ်လုပ်နိုင်တော့မယ်လို့ ထုတ်ဖေါ်ပြောဆိုလိုက်ကြောင်း သိရပါတယ်။

 

ဟောင်ကောင် အုပ်ချုပ်ရေးမှူး ကာရီ လမ်း က ဟောင်ကောင် နယ်ခြားကို ပိတ်ဆို့ခြင်းသည် ရောဂါ ပြန့်ပွားအောင် ကာကွယ်ရေး အတွက် အဖြေမဟုတ်ဟု ဆိုကာ ပယ်ချလိုက်ပါတယ်။ ဟောင်ကောင်ရှိ ဆေးဝန်ထမ်းများ နှင့် စားသောက်ဆိုင် ပိုင်ရှင်များမှ အစိုးရ က မလုပ်ဖူးဆိုရင် သပိတ်မှောက်မယ်လို့ ခြိမ်းခြောက်လာခဲ့ကြပါတယ်။

 

နိုင်ငံ အတော်များများကတော့ တရုတ်သို့ ထွက်ခွာမည့် လေယာဉ်ခရီးစဉ်များကို ပိတ်ပင်လိုက်ကြပြီ ဖြစ်ပါတယ်။ လေယာဉ် ခရီးစဉ်များ ရပ်ဆိုင်းနေသည့် နိုင်ငံများသည် ၎င်းတို့ နိုင်ငံမှ တရုတ် ပြည်သို့ ထွက်ခွာမည့် ကိုယ်ပိုင် လေကြောင်းလိုင်း များကို ပိတ်ပင်နေကြတာသာ ဖြစ်ပါတယ်။ ဒီအထဲမှာ ပါကစ္စတန်လည်း ပါဝင်နေပေမယ့်  ဝူဟန်ရှိ ၎င်းတို့ နိုင်ငံသားများကို ပြန်မခေါ်ဖူးလို့ ဆိုပါတယ်။

 

မြန်မာ မှ အရေးယူ ဆောင်ရွက်မှုများ

 

မြန်မာ အာဏာပိုင်များသည် ကွမ်ကျိုး မှ လာသော China Southern Airlines ဖြင့် လိုက်ပါလာသော ခရီးသည် များ အနက် တရုတ် နိုင်ငံသား တဦးတွင် ဖျားနာသည့် လက္ခဏာ တွေ့ရတဲ့ အတွက် အားလုံးနီးပါးကို ဆင်းခွင့်မပြုတော့ပဲ လေယာဉ်တစီးလုံးကို ပြန်လွှတ်ခဲ့ပါတယ်။ အဆိုပါ လေယာဉ်ပေါ်တွင် လိုက်ပါလာသော မြန်မာနိုင်ငံသား နှစ်ဦးကိုမူ အိမ်ထဲတွင် ၁၄ ရက်ကြာ နေထိုင်ရမည်ဟူသော ခံဝန်ချက်ဖြင့် ပြန်လွှတ်ခဲ့တယ်လို့ ဆိုပါတယ်။ ရောဂါ လက္ခဏာ ရှိတဲ့ အသက် ၅၆ နှစ် အရွယ် တရုတ် နိုင်ငံသားကိုတော့ မြောက်ဥက္ကလာ ဝေဘာဂီ ဆေးရုံတွင် သီးသန့် ခွဲခြားထားရှိခဲ့ပြီး ယခု အခါ အခြေအနေ ကောင်းမွန် တည်ငြိမ်နေတယ်လို့ သိရပါတယ်။

 

သမ္မတ ဦးဝင်းမြင့်မှ သောကြာနေ့တွင် ကော်ရိုနာ ဗိုင်းရပ်စ် အရေး အတွက် နိုင်ငံတော် အဆင့် ကော်မတီ တရပ်ကို ဖွဲ့စည်းပေးလိုက်ပြီ ဟု သိရပါတယ်။ နိုင်ငံ အတွင်း ရောဂါ ကူးစက်မှု တွေ့သည်နှင့် စောစီးစွာ တုန့်ပြန်နိုင်ရေး အတွက် ဝန်ကြီးဌာနအချင်းချင်း အလျှင်အမြန် ပူးပေါင်း ဆောင်ရွက်နိုင်အောင် ဖြစ်ပါတယ်။

 

ကျန်းမာရေး နှင့် အားကစား ဝန်ကြီး ဌာန၏ ဖေ့စ်ဘုတ်စာမျက်နှာပေါ်တွင် ကမ္ဘာ ကျန်းမာရေး အဖွဲ့ချုပ်၏ လမ်းညွှန်မှုများ အတိုင်း အစိုးရမှ အရေးယူ ဆောင်ရွက်နေမှုများကို အချိန်နှင့် တပြေးညီ လေ့လာနိုင်ပြီ ဖြစ်သောကြောင့် ကောလဟာလ များ အတွက် စိုးရိမ်စရာ မလိုပါဖူး။

 

လောလောဆယ်တွင် နယ်ခြား နှင့် တရုတ်ပြည်မှ လာသော လေယာဉ်များကို ပိတ်ပင်ရန် အစီအစဉ် မရှိသော်လည်း လေဆိပ်များ နှင့် နယ်ခြားဂိတ်များတွင် ကျန်းမာရေး စစ်ဆေးမှုများ ပြုလုပ်သွားမယ်လို့ အစိုးရ ပြောခွင့်ရ ဦးဇော်ဌေး က ပြောကြားခဲ့ပါတယ်။

 

ဝူဟန် ရှိ မြန်မာ ကျောင်းသား ၆၀ ကိုလည်း ပြန်လည် ခေါ်ယူဖို့ ရှိနေပြီး တနင်္ဂနွေနေ့တွင် ရောက်ရှိလာကြမှာ ဖြစ်ပါတယ်။

 

မြန်မာ အနေဖြင့် ဗိုင်းရပ်စ် ရောဂါ ပိုး စစ်ဆေးနိုင်သည့် အနေအထား မရှိသဖြင့် အိမ်နီးချင်း နိုင်ငံ ဖြစ်သော ထိုင်းသို့ နမူနာများ တင်ပို့ စစ်ဆေးသွားမှာ ဖြစ်ပြီး တပတ်ခန့် အဖြေသိအောင် စောင့်ဆိုင်းရမှာ ဖြစ်တယ်လို့ ကျန်းမာရေး ဝန်ကြီးဌာန ပြောခွင့်ရ ဒေါ်ခင်ခင်ကြီး က ဆိုပါတယ်။

 

ဖေ့စ်ဘုတ် မှလည်း ကော်ရိုနာ ဗိုင်းရပ်စ်နဲ့ ပတ်သက်ပြီး သတင်းမှား များ ဖြန့်ချီနေခြင်းနဲ့ အခြေအမြစ်မရှိတဲ့ conspiracy theory များ လုပ်ကြံ ရေးသားနေမှုများကို စီစစ် အရေးယူသွားမယ်လို့  ထုတ်ပြန်လိုက်ပါတယ်။

 

ကမ္ဘာ ကျန်းမာရေး အဖွဲ့ကြီး (WHO) သည်လည်း ကမ္ဘာ ကျန်းမာရေး အတွက် အရေးပေါ် အခြေအနေ ကြေငြာလိုက်ပြီ ဖြစ်သောကြောင့် အဖွဲ့ဝင် နိုင်ငံ တခု ဖြစ်တဲ့ တရုတ် နိုင်ငံ အပါအဝင် နိုင်ငံ အများအပြားသည် WHO မှ ချမှတ်တဲ့ လမ်းညွှန်မှုများကို မဖြစ်မနေ လိုက်ပါ ဆောင်ရွက်ရတော့မှာ ဖြစ်ပြီး၊WHO မှ ရောဂါတိုက်ဖျက်ရေး အတွက် ရံပုံငွေ များ ပုံအော သုံးစွဲခွင့် ရရှိသွားပြီ ဖြစ်ပါတယ်။

 

ကိုးကား၊  ၊ Nikkei Asia Review / Al Jazeera / Reuters / Irrawaddy