သိန္နီ နှင့် ကွတ်ခိုင်ကို သိမ်းပြီ

by Hla Soewai - Jan 15 2024

ညီနောင် မဟာမိတ် သုံးဖွဲ့ မှ သိန္ဒီ နှင့် ကွတ်ခိုင် မြို့များကို သိမ်းယူ နိုင်ခဲ့ပြီ ဖြစ်သည်ဟု သိရသည်။

 

တနင်္ဂနွေ့ နေ့ နံနက်တွင် အမှတ် (၁၆) ဒေသ စစ်ဆင်ရေး ရုံးချုပ် အဖြစ် အထိုင်ချ လှုပ်ရှားနေသည့် သိန္နီရှိ စစ်စခန်းများကို MNDAA မှ ဝင်ရောက်တိုက်ခိုက်ရာ စစ်ကောင်စီတပ်များ လာရှိုးသို့ ဆုတ်ခွာ ထွက်ပြေးသွားကြသည်ဟု သိရသည်။ ထို့နောက် တရက်တည်းမှာပင် TNLA သည် ကွတ်ခိုင် မြို့အားလည်း အလားတူ ညပိုင်းတွင် သိမ်းယူ နိုင်ခဲ့ကြသည်။ စစ်ကောင်စီ တပ်များသည် အလံဖြူထောင်ကာ လက်နက်ချခဲ့ကြသည်ဟု ဆိုသည်။

 

သိန္နီ နှင့် ကွတ်ခိုင် မြို့များသည် လားရှိုး နှင့် တိုက်ရိုက်ဆက်သွယ်ထားသည့် အဓိက ကုန်သွယ်ရေး လမ်းကြောင်း ပေါ်ရှိ မြို့များလည်း ဖြစ်သည်။

 

ရှမ်းပြည် မြောက်ပိုင်းတွင် ညီနောင် သုံးဖေါ် သိမ်းယူခဲ့သည့် မြို့ပေါင်း ၁၆ မြို့ ရှိနေပြီး ကချင်၊ ကယား၊ ချင်း နှင့် စစ်ကိုင်းတိုင်း တွင်းရှိ မဟာမိတ်တပ်များကလည်း မြို့ ပေါင်း ၁၄ မြို့ကို သိမ်းယူထားနိုင်ပြီ ဖြစ်၍ စုစုပေါင်း မြို့ သုံးဆယ် ရှိလာပြီ ဖြစ်သည်။ ယင်းသည် နိုင်ငံတဝှမ်း ရှိ မြို့ စုစုပေါင်း၏ ဆယ်ရာခိုင်နှုန်း ခန့် ရှိသည်ဟု ပြော၍ ရပေသည်။

 

စစ်ကောင်စီ တပ်များသည် ၁၀၂၇ စစ်ဆင်ရေး စတင်ချိန်မှစပြီး လက်နက်အင်အား၊ လူအင်အား တဖြေးဖြေး လုံးပါး ပါးလာနေရာ လက်လွှတ်လိုက်ရသော မြို့များကို မဆိုထားဘိ စစ်စခန်း တခု တလေမျှပင် သိမ်းပိုက် နိုင်စွမ်း မရှိ ဖြစ်နေသည်ကို တွေ့နေရသည်။

 

ထူးခြားသည့် ဖြစ်စဉ်အဖြစ် ဝ တိုင်းရင်းသား တပ်မတော် UWSA သည် ဟိုပန် မြို့သိမ်း တိုက်ပွဲတွင် MNDAA နှင့်အတူ ပါဝင်လာခဲ့ခြင်းပင် ဖြစ်သည်။ ဟိုပန်သည် “ဝ” ကိုယ်ပိုင် အုပ်ချုပ်ခွင့်ရ ဒေသ ဖြစ်ပြီး ယခင်က စစ် အစိုးရ နှင့် “ဝ” တို့ ပူးတွဲ အုပ်ချုပ်ခဲ့သည့် မြို့လည်း ဖြစ်သည်။

 

မြို့အား ပျက်စီးမည့် အရေး နှင့် ဒေသခံ ပြည်သူများ၏ ဆန္ဒကြောင့် အဆင့်အသီးသီး တွင် ဆွေးနွေးညှိနှိုင်းပြီး မိမိတို့မှ သိမ်းယူလိုက်ခြင်း ဖြစ်သည်ဟု ဝ အဖွဲ့ ပြောခွင့်ရ ဦးညီယန်း မှ မြန်မာနောင်းကို ပြောကြားခဲ့သည်။

 

လောက်ကိုင် မြို့အား သိမ်းယူ အပြီးတွင် စစ်ကောင်စီ တပ်မှ စစ်ကဲကြီးများ ဖြစ်သော ဗိုလ်မှုးချုပ် မိုးကျော်သူ၊ ဗိုလ်မှုးချုပ် ထွန်းထွန်းမြင့် တို့ နှစ်ဦး နှင့် MNDAA အဖွဲ့များ အရက်ဝိုင်း ဖွဲ့နေကြသည့် ဗီဒီယို ဖိုင်အားလည်း ဆိုရှယ်မီဒီယာ များ ပေါ်တွင် တွေ့လာနေရသည်။ 

 

၎င်းတို့ နှစ်ဦး အပါအဝင် ဗိုလ်မှူးချုပ်ဇော်မျိုးဝင်း၊ ဗိုလ်မှူးချုပ်သော်ဇင်ဦး၊ ဗိုလ်မှူးချုပ်အေးမင်းဦး၊ ဗိုလ်မှူးချုပ်အောင်ဇော်လင်းနဲ့ ဒုတပ်မမှူး ဗိုလ်မှူးကြီး ၃ ဦးအား ရဟတ်ယာဉ်များ ဖြင့် ရောက်ရှိလာပြီး နောက် ချက်ခြင်း ဆိုသလို အရှေ့မြောက်တိုင်း စစ်ဌာနချုပ်၏ အကျဉ်းစခန်းထဲ ထည့်သွင်းလိုက်ပြီး နောက်နေ့တွင် နေပြည်တော် သို့ ခေါ်ဆောင်ကာ ချုပ်နှောင်ထားသည်ဟု သိရသည်။ ပြောခွင့်ရ ဇော်မင်းထွန်း မှ စစ်ကဲကြီးများသည် အခြေအနေအရ အကောင်းဆုံး ဆုံးဖြတ်၍ လက်နက်ချခဲ့ကြခြင်း ဖြစ်သည်ဟု လူသိရှင်ကြား ပြောခဲ့ပြီး ဖြစ်သည်။ အဆိုပါ ဗိုလ်ချုပ်များအားလည်း လူအင်အား မရှိ၍ မကြာခင် ပြန်လွှတ်ပြီး တာဝန်ပေးဖွယ် ရှိနေသည်ဟု စစ်ရေး သုံးသပ်သူများက ပြောကြောင်း ဧရာဝတီ သတင်းတွင် ဖေါ်ပြထားသည်။

 

လက်နက်ချသူ များထဲတွင် အရာရှိ အဆင့် ၂၂၈ ဦး၊ အခြား အဆင့် ၁,၈၉၅ ဦး၊ အနီးအနားရှိ စခန်းကုန်း တခုမှ စစ်သည် ၂၆၆ ဦး ပါဝင်သည်။ ၎င်းတို့ နှင့် အတူ မိသားစုဝင် ၁,၆၀၀ ကျော်လည်း ပါဝင်သည်။

 

လောက်ကိုင် အား တရုတ်ကြောင့် လက်လွှတ်ပေးလိုက်ရသည် ဟု ဆိုသော်လည်း စစ်တပ် သမိုင်းတွင် အထိနာဆုံး ပွဲ ဖြစ်သွားပြီး အဆိုပါ မဟာဗျူဟာ အမှားကို ဆက်၍ ခံရတော့မည် ဖြစ်သည်။ “အမိမြေမှ သားကောင်းများ” ဟူ၍ မည်သည့် အခါမျှ ဂုဏ်ယူဝင့်ကြွား၍ မရတော့ပေ။

 

အာဏာသိမ်း အဖွဲ့သည် ယခုအခါ ပဒူအုံကို ဒုတ် နှင့် ဆွ သလို လုပ်လိုက်ပြီ ဖြစ်၍ တပ်တွင်း စိတ်ဓါတ်များ ကျဆင်းလာနေပြီ နောက်ပိုင်းတွင် ဒိုမီနို အချပ်များလို ဆက်တိုက် ပြိုဆင်းလာဖို့ သာ ရှိနေသည်။

 

စစ်ကောင်စီသည် လောက်ကိုင် ကျသွားပြီးနောက် တရုတ် အစိုးရ အရာရှိများ နှင့် လူကိုယ်တိုင်သော်၎င်း၊ အွန်လိုင်းမှ ၎င်း ဆွေးနွေးမှုများ ပြုလုပ်နေပြီ ဖြစ်သည်။

 

နောက်ဆုံး သတင်းအရ ယခင် စက်မှု (၁) ဝန်ကြီး အောင်သောင်း၏ သားဖြစ်သူ ဗိုလ်ချုပ်ကြီး မိုးအောင်အား ရေတပ်ဦးစီးချုပ် ရာထူးမှ ဖယ်ရှားလိုက်ပြီး ရေတပ်စစ်ဦးစီးအရာရှိချုပ် ဒုတိယဗိုလ်ချုပ်ကြီး ဇွဲဝင်းမြင့်ကို ဗိုလ်ချုပ်ကြီးအဆင့် ရာထူးတိုးမြှင့်ကာ အစားထိုး ခန့်အပ်လိုက်သည်ဟု DVB သတင်းတွင် ပါရှိသည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ မှ ၎င်းတို့၏ တရုတ်ပြည် အပေါ် သဘောထား စာတမ်းကို ဇန်နဝါရီ ၁ ရက် နေ့တွင် ထုတ်ပြန် ကြေငြာပြီး လက်ဦးမှု ရယူခဲ့သည်။

 

သို့သော် အဆိုပါ ကြေငြာချက်ထဲတွင် တရုတ်တနိုင်ငံ တည်း ဆိုသည့် မူ ကို ထောက်ခံကြောင်း ပါရှိခဲ့၍ ဝေဖန်မှု များ မြင့်တက်လာခဲ့သည်။

 

တရုတ်တနိုင်ငံတည်း ရှိရမည် ဆိုသော မူ ကို အမေရိကန် က ၁၉၇၀ ကျော် နှစ်များကတည်းက လက်ခံခဲ့ရပြီး ဖြစ်သည်၊ နောက်ပိုင်းတွင် ၎င်း၏ ဥရောပ မဟာမိတ်များ၊ အိမ်နီးချင်း နိုင်ငံများက လက်ခံထားကြပြီး လည်း ဖြစ်သည်၊ ထိုသို့သော အနေအထား တွင် တိုင်ဝမ်သည် နှုတ်မှ လွဲ၍ မိမိတို့ တော်လှန်ရေး အား ငွေ၊ လက်နက် အင်အား ဖြင့် အလုံးအခဲ ကူညီပေးနေခြင်းလည်း မရှိ၊ ယနေ့ထိ ကုလသမဂ္ဂ အဖွဲ့ဝင် နိုင်ငံပေါင်း ၁၉၃ နိုင်ငံ အနက် တိုင်ဝမ်အား သံတမန်ရေး အရ တရားဝင် အသိအမှတ်ပြု ဆက်ဆံနေသော နိုင်ငံ ဟူ၍ ၁၂ နိုင်ငံသာ ရှိပေသည်။ 

 

ထိုသို့ တရားဝင် အသိအမှတ် ပြု ဆက်ဆံနေသော နိုင်ငံတိုင်းသည် တရုတ် နှင့် သံတမန် အဆက်အသွယ် ပြတ်တောက်သွားခဲ့ရပြီ ဖြစ်သည်။

 

အမျိုးသား ညီညွတ်‌ရေး အစိုးရသည် ထို ၁၂ နိုင်ငံ၏ လမ်းစဉ်ကို လိုက်ရမည်လော။ ၁၂ နိုင်ငံထဲတွင် ဗာတီကန် ဟေတီ၊ ဂွာတီမာလာ နှင့် ပါရာ‌ဂွေး မှ လွဲ၍ ကျန် ဆယ်နိုင်ငံသည် မထင်မရှား ကျွန်းနိုင်ငံငယ်လေးများသာ ဖြစ်သည်။ မြန်မာသည် အခြား အိမ်နီးချင်း နိုင်ငံများလို တိုင်ဝမ် နှင့် ဆက်သွယ်ရေး ရုံး ရှိထားပြီး ဖြစ်သည်။

 

လက်ရှိ အခြေအနေများ တွင် မြန်မာက တိုင်ဝမ်ကိုပါ အသိအမှတ် ပြုသည် ဆိုသော သဘောထား ရှိရမည် ဟု ပြောဆိုနေခြင်းသည် ရူးသွပ်ခြင်း သက်သက်သာ ဖြစ်ပေလိမ့်မည်။ စကားထဲတွင်ပင် ထည့်ပြောစရာ မလိုသည့် အနေအထား ဖြစ်သည်။

 

ပြီးခဲ့သည့် လွတ်လပ်ရေး နေ့တွင် မင်းအောင်လှိုင်ထံ တရားဝင် သဝဏ်လွှာ ပို့သည့် နိုင်ငံဟူ၍ ကမ္ဘာလူမိုက်ကြီးများ ဖြစ်သော ဘဲလာရုစ်၊ ရုရှား၊ မြောက်ကိုရီယား၊ ဆီရီယား၊ အာဆီယံ အဖွဲ့ဝင် ဟူ၍ ကမ္ဘောဒီယား အပါအဝင် ကိုးနိုင်ငံသာ ရှိပေသည်၊ တရုတ်၊ အိန္ဒိယ နှင့် ထိုင်း တို့မှ ပေးပို့ခဲ့ခြင်း မရှိပေ။ ထို့အတွက် ကမ္ဘာအလယ်တွင် ဝိုင်းပယ်ခံနေရသည့် အဖြစ်က ထပ်၍ မီးမောင်းထိုးပြလိုက်သလို ဖြစ်သွားခဲ့ရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!