တပ် အမာခံများ မင်းအောင်လှိုင် နှုတ်ထွက်ရန် တောင်းဆိုပြီ

by Hla Soewai - Jan 19 2024

မည်သည့်ဖက်က ကြည့်ကြည့် ‌တိုင်းပြည် ကို ခေါင်းဆောင် နိုင်စွမ်း မရှိသူ နှင့် ၎င်း၏ မိသားစုသည် တိုင်းပြည်ကို သွန်လိုသွန် မှောက်လိုမှောက် လုပ်နေသည့် အဖြစ်ကို အဘယ်သူသည် သည်းခံ ခွင့်လွှတ် နိုင်အံပေမည်နည်း။

 

ယခုအခါ NLD ကို မုန်းသည့် စိတ်တခုတည်းဖြင့် ၎င်းတို့ဘာလုပ်လုပ် ထောက်ခံပေးခဲ့သူများက မင်းအောင်လှိုင်အား ကာကွယ်ရေး ဦးစီးချုပ် အဖြစ်မှ ဆင်းပေးရန် လူသိရှင်ကြား တောင်းဆိုလာကြပြီ ဖြစ်သည်။

 

တိုက်ပွဲတိုင်း ရှုံးနေသည့် စစ်ဦးစီးချူပ်တဦးသည် ရှက်တတ်မည် ဆိုက ရာထူးမှ နှုတ်ထွက်သွားလောက်ပြီ ဖြစ်သော်လည်း မိမိ အဖွဲ့အစည်း မျက်နှာ မကြည့် နေ့လိုရသမျှ ကြံဖန် လုပ်စားသွားမည်ဟူသော အကြံကို ရိပ်စားမိလာကြပြီလည်း ဖြစ်သည်။

 

အမျိုးသားရေး တဖက်စွန်းရောက် မဘသ ကိုယ်တော်များ ဦးဆောင်သည့် လူထု အစည်းအဝေး ကြီးကို ပြင်ဦးလွင်တွင် ပြုလုပ်လာကြသည်။

 

အဆိုပါ လူထု အစည်းအဝေး အား လောင်ကိုင်တွင် MNDAA တပ်ဖွဲ့ဝင် တဦးမှ တူ နှင့် ထုရိုက် ဖျက်ဆီးနေသည် ဟု ဆိုကာ ကန့်ကွက် မည်ဟု အကြောင်းပြပြီး မင်းအောင်လှိုင် အား နှုတ်ထွက်ပေးရန် တောင်းဆိုလာကြခြင်း ဖြစ်သည်။

 

ထိုလူထု အစည်းအဝေး ကြီးသို့ စစ်ပြန် စစ်မှု ထမ်းဟောင်းများ၊ ကြံ့ဖွတ် ပါတီဝင်များ၊ ရပ်ကျေး အဖွဲ့ဝင်များ၊ မဘသ ကိုယ်တော်များ စုစုပေါင်း ၃,၂၀၀ ခန့် တက်ရောက်လာသည်ဟု ၎င်းတို့၏ ဆိုရှယ်မီဒီယာ ပို့စ်များ တွင် ဖေါ်ပြခဲ့သည်ဟု မြန်မာနောင်း သတင်းက ဆိုသည်။

 

အဆိုပါ အစည်းအဝေး အား မ‌ကွေးတိုင်း ပေါက်မြို့နယ်မှ ပေါက် ကိုယ်တော် ဟု ထင်ရှားသူ အရိယ ဝံသ က ဦးဆောင်သွားခဲ့သည်ဟု ဆိုသည်။ ၎င်းသည် ဝီရသူ၏ တပည့်ရင်း လည်း ဖြစ်သည်။ ၎င်းမှ ကာကွယ်ရေး ဦးစီးချုပ် အား အရပ်ဖက် ဝန်ကြီးဌာန သို့ ပြောင်းပေးလျှင် မကောင်းပေဘူး လော ဟု စင်ပေါ်မှ အမေးကို အောက်မှ "ကောင်းပါတယ် ဘုရား" ဟု တခဲနက် ဩဘာပေးခဲ့ကြသည်ဟု သိရသည်။

 

ထို့ပြင် မင်းအောင်လှိုင် နေရာတွင် စစ်သား တယောက်၏ ‌ဥပဓိရုပ်မျိုး ရှိသည့် ဒုခေါင်းဆောင် စိုးဝင်း နှင့် အစားထိုးရန်လည်း အကြံပြု သွားပြန်သည်။ စိုးဝင်းအားလည်း စစ်သား စစ်စစ်၊ ခေါင်းဆောင်ကောင်း စစ်စစ်ကြီးဟု ဆိုပြန်သည်။

 

စစ်တပ် သတင်းစာများက ပြင်ဦးလွင် လူထု စုရုံးပွဲကြီးအား သတင်းအဖြစ် ဖေါ်ပြခဲ့သော်လည်း မင်းအောင်လှိုင် နှုတ်ထွက်ရန် တောင်းဆိုခဲ့မှု ကို တလုံး တပါဒမျှ ဖေါ်ပြခဲ့ခြင်း မရှိပေ။

 

စစ်ဖက် ခေါင်းဆောင်များ အဖို့က ၎င်းတို့ကို ထောက်ခံသူ များပင် မခံမရပ်နိုင် ဖြစ်ကာ ထိုသို့ တောင်းဆိုလာကြသည် အထိ တုတ်တုတ်မျှ မလှုပ် ဖြစ်နေကြသည်ကပင် ရှက်ဖွယ်လိလိ ဖြစ်သွားခဲ့ရသည်။ အားလုံးကလည်း လူမိုက် ခေါင်းဆောင် နောက်တွင် သာ ရေသာခို ‌နေခြင်ကြသည့် ကိုယ်ကျိုးရှာ သမားများ ဖြစ်နေသည်၊ ၎င်းတို့သာ ခေါင်းဆောင်ရဲသည့် သတ္တိရှိပါက မင်းအောင်လှိုင် ကွယ်ပျောက်သွား သည်မှာ ကြာမြင့်နေလောက်ပြီ ဖြစ်သည်။

 

အမျိုးသားရေး သမားများကလည်း ယခုအခါ စစ်တပ်မှ အတင်းအကျပ် စစ်သားစုဆောင်းလာပြီ ဖြစ်ရာ ၎င်းတို့သည် ထိပ်ဆုံးမှ ပါလာတော့မည့် အရေး ကို တန်ပြန်ရန် လှုပ်ရှားလာခြင်း ဖြစ်ပုံရသည်ဟု ယူဆရပေသည်။

 

မင်းအောင်လှိုင် စီစဉ်ပေးခဲ့သည့် လောက်ကိုင် ရှိ စေတီ ဖျက်ဆီး သည် အကြောင်းပြ လူထု ထောက်ခံပွဲသည် ၎င်းဖက်သို့ မြှားဦး လှည့်ရန် ဆွပေးလိုက်သလို ဖြစ်သွားပြီး ယင်းအား မည်သို့ မည်ပုံ ကိုင်တွယ်သွားမည် ဆိုသည်ကား စိတ်ဝင်စားဖွယ်ပင် ဖြစ်သည်။

 

လောက်ကိုင်ရှိ တူဖြင့် ထုရိုက်ဖျက်ဆီး ခံရသည့် စေတီ နှင့် ပတ်သက်ပြီး စစ်တပ်မှ ကွယ်ဝှက်ထားသော နောက်ခံ သမိုင်းကြောင်းကို ဧရာဝတီက ဖေါ်ထုတ်ရေးသားထားသည်။

 

မြန်မာ စစ်တပ်သည် နန်တန်မင်း တောင်ကုန်းရှိ ကိုးကန့် တိုင်းရင်းသား များ အထွတ်အမြတ်ထားအစဉ်အလာ ကိုးကွယ်ခဲ့သည့် နတ်ကွန်း အား ဖျက်စီးကာ စေတီ တည်ခဲ့ခြင်း ဖြစ်သည်။ ထို့အတွက် MNDAA တပ်သား တဦး၏ တုန့်ပြန်ခဲ့မှု အား နားလည်ပေး၍ ရသည်ဟု ဆိုသည်။ ထိုဖြစ်ရပ် အပေါ် MNDAA ကလည်း မဆိုင်းမတွ တောင်းပန်ခဲ့ပြီး ဖြစ်သည်။

 

လူမျိုးတမျိုး၏ ယုံကြည်ရာ ကို ဖျက်ဆီးခဲ့သည်ကကော မှန်ကန်သည့် လုပ်ရပ် ဟုတ်မဟုတ် အရင်ဆုံး ဆန်းစစ်သင့်ပေသည်။

 

ယခုအခါ ကချင်လွတ်လပ်ရေး တပ်နှင့် ပြည်သူ့ကာကွယ်ရေး တပ်များသည် မိုးကုတ် နှင့် ၂၈ မိုင်သာ ဝေးသည့် မိုးမိတ်မြိုသိမ်း တိုက်ပွဲကို စတင်နေပြီ ဖြစ်သည်ဟု သိရသည်။

 

မိုးမိတ်မြို့နယ်တွင် ခမရ ၃၄၈၊ ခလရ ၂၇၆ ၊ ခလရ ၂၂၃ တပ်ရင်း ၃ ခုနှင့် အခြေချ ဗျူဟာရှိနေပြီး ယင်းတပ်ရင်း ၃ ခုနှင့် အခြေချဗျူဟာတို့က မိုးမိတ်မြို့ မကျစေရေး အပြင်းအထန်ခုခံနေကြောင်း သိရှိရသည်။ လက်ရှိတွင် မိုးမိတ် မြို့မရဲစခန်း ကတော့ အလံဖြူ ထောင်သွားပြီဟု သိရသည်။

 

ရက္ခိုင်‌တပ်တော် အေအေ၏ ပလက်ဝ မြို့သိမ်းတိုက်ပွဲ တွင် ဆက်လက် မခုခံတော့ပဲ အိန္ဒိယ ဖက်သို့ စစ်ကောင်စီ တပ်သား ၃၀၀ ခန့် ထွက်ပြေး တိမ်းရှောင်သွားကြသည်ဟု သိရသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ်မုချအောင်ရမည်!!!