ရှမ်းမြောက် တွင် ဂျက်တိုက်လေယာဉ် ပစ်ချခံရပြီ

by Hla Soewai - Jan 19 2024

ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင် မြို့အား ဗုံးကြဲတိုက်ခိုက်လာသည့် ဂျက်တိုက်လေယာဉ်တစီးအား အင်္ဂါနေ့ နေ့လည်ပိုင်း တွင် ပစ်ချနိုင်ခဲ့ပြီ ဟု ကချင် လွတ်လပ်ရေး တပ်မတော် ကေအိုင်အေ မှ အတည်ပြု ပြောကြားခဲ့ပြီ ဖြစ်သည်။

 

ကေအိုင်အေသည် ကွတ်ခိုင်မြို့ မြောက်ဖက် မိုင် ၃၀ အကွာရှိ နမ့်ဖက်ကာ ရွာအနီး ခလရ ၁၂၄ ၏ အထိုင် စခန်းကုန်းအား သိမ်းပိုက်ရန် တိုက်ခိုက်နေစဉ်အတွင်း ပစ်ချခဲ့ခြင်း ဖြစ်သည်။

 

ဂျက်တိုက်လေယာဉ်အား ဗုံးကြဲတိုက်ခိုက်နေစဉ်အတွင်း ပစ်မှတ် ကို ထိမှန်ခဲ့သည်ဟု ကေအိုင်အေ ပြောခွင့်ရ ဗိုလ်မှုးကြီး နော်ဘူးမှ ဆိုသည်။

 

သို့သော် မည်သည့် လက်နက်မျိုး သုံး၍ ပစ်ချနိုင်ခဲ့သည်ကိုမူ ထုတ်ဖေါ်ပြောဆိုခြင်း မရှိပေ။ ဇန်နဝါရီ ၃ ရက်နေ့တွင် လိုင်ဇာ ဌာနချုပ် အနီး ရိက္ခာပို့ ရဟတ်ယာဉ်တစီးအားလည်း ပစ်ချနိုင်ခဲ့ပြန်၍ ယင်းသည် ကေအိုင်အေ မှ နှစ်ပတ်အတွင်း စစ်ဖက်လေယာဉ်အား ဒုတိယ အကြိမ် ပစ်ချနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

 

ထိုသို့ အပြစ်မဲ့ ပြည်သူများ အပေါ် ရုရှားလုပ်၊ တရုတ်လုပ် လေယာဉ်များ ဖြင့် နေ့စဉ်နှင့် အမျှ တဖက်သတ် ဗိုလ်ကျ အနိုင်ကျင့်နေသည်ကို မည်သူသည် ကြာရှည် ခေါင်းငုံ့ခံနေပေမည်နည်း၊ ပစ်ခတ်နိုင်မည့် လက်နက်များကို မဖြစ်ဖြစ်သည့် နည်းဖြင့် ရှာဖွေလာကြမည်သာ ဖြစ်သည်။

 

ရက္ခိုင့် တပ်တော်သည်လည်း မင်းပြား ရှိ ကျိန်းတောင် လက်နက်ကြီးကုန်းအား သိမ်းပိုက်ရရှိသွားပြီး စစ်တပ်၏ တပ်ရင်း များ ဖြစ်သော ၃၇၉. ၃၈၀ နှင့် ၅၄၁ တပ်စခန်းများကို သိမ်းယူ နိုင်ခဲ့ကာ ကစင့်ကလျား ထွက်ပြေး ဆုတ်ခွာသွားသော အကြမ်းဖက် စစ်တပ်အားလည်း နယ်မြေလုံခြုံရေး အတွက် လိုက်လံရှင်းလင်းလျှက် ရှိသည်။ ရသေ့တောင် မြို့နယ်အတွင်းရှိ ရေစိုးချောင်း ဗျူဟာကုန်း စခန်းမှ ဗျူဟာမှုး အပါအဝင် တပ်သား ၁၀၀ ကျော်လည်း လက်နက်ချ အလင်းဝင်ခဲ့ပြန်သည်၊ ထိုစခန်းမှ ထွက်ပြေး တိမ်းရှောင်လာကြသည့် စစ်ကောင်စီ တပ်သား ၂၀ ခန့်ကို လက်ရ ဖမ်းဆီးနိုင်ခဲ့သည်ဟု ဆိုသည်။

 

ကျောက်တော် မြို့နယ် ကန်စောက်ကျေးရွာ အနီးရှိ ၃၇၉, ၃၈၀ နှင့် ၅၄၁ တပ်ရင်းများ လာရောက် ပူးပေါင်းခဲ့သည့် အရှည် ၆ မိုင် ခမရ ၅၃၉ တပ်ရင်း တခုလုံး အေအေ ထံ လက်နက်ချ အလင်းဝင်း လာခဲ့ပြန်သည်။ ထိုဒေသရှိ အမြှောက်တပ် ရင်း ၃၇၇ ကိုလည်း သိမ်းယူနိုင်ခဲ့သည်။

 

မေမြို့ စစ်တက္ကသိုလ် ကျောင်းဆင်း ဗိုလ်ချုပ်ကြီးများအား ကမ္ဘာလှည့် ဧည့်လမ်းညွှန် က ၎င်း၊ စိုက်ပျိုး မွေးမြူရေး သမား က၎င်း ကောင်းစွာ ဒုက္ခပေးနိုင်သည်ကို အထင်အရှား တွေ့မြင်လာရသည်။ အဆိုပါ ဗိုလ်ချုပ်များသည် မိမိတို့ အဓိက သင်ယူခဲ့သော စစ်ပညာ ကို ပင် ကျွမ်းကျင်ခြင်း အလျှင်း မရှိပဲ အရပ်ဖက်အုပ်ချုပ်ရေး အတွင်းသို့ မိုးကျရွှေကိုယ် များ အဖြစ် ဝင်ရောက် ဖျက်ဆီးနေကြသည် ဆိုသည်ကိုလည်း ရှင်းလင်းစွာ သိမြင်ခွင့် ရလာခဲ့ပြီ ဖြစ်သည်။

 

အလားတူပင် တီးတိန် မြို့နယ် သိုင်းငင်း ကျေးရွာ စစ်စခန်းအားလည်း ချင်းတော်လှန်ရေး တပ်ဖွဲ့ဝင်များက သိမ်းပိုက်နိုင်ခဲ့ပြန်သည်။

 

တော်လှန်‌ရေး မဟာမိတ်များသည် ယခုအခါ ရန်ကုန်-မန္တလေး အဝေးပြေး လမ်းအား ခြိမ်းခြောက်လာနေပြီ ဖြစ်၍ ပဲခူး၊ တောင်ငူ နှင့် ပြည် မြို့နယ်များ ရှိ ရွာများ တွင် စစ်သင်တန်းတက်ရန် တရွာလျှင် အမျိုးသား ၃၀ မှ ၅၀ အထိ ပေးရန် ချွေးတပ်ဆွဲ ခံ‌‌နေရပြီ ဟု ဒေသခံ များ အပြောကို ကိုးကား၍ ဧရာဝတီ တွင် ရေးသားထားသည်။

 

စစ်တပ်သည် ဇန်နဝါရီ ၁၀-၁၁ ရက်များ အတွင်း တရုတ်၏ ကမကထ ပြုမှု ဖြင့် ကြားဝင်စေ့စပ်ပေးခဲ့သော ဟိုင်ဂင် သဘောတူညီချက် ကို ထပ်တလဲလဲ ချိုးဖောက်နေပြီ ဖြစ်သည်ဟု ညီနောင် မဟာမိတ် သုံးဖွဲ့က ကြေညာချက် ထုတ်ပြန်လာခဲ့သည်။

 

စစ်တပ်သည် နမ်ဆန်၊ နမ္မတူ၊ ကျောက်မဲ၊ လားရှိုး မြို့ နယ်များ အတွင်းရှိ အရပ်ဖက် ပစ်မှတ်များကို လက်နက်ကြီးများ ဖြင့် ၎င်း၊ လေကြောင်းမှ ၎င်း တိုက်ခိုက်နေခြင်း ဖြစ်သည်။ စစ်တပ်သည် ၎င်းတို့ ရှုံးနိမ့်သွားမှု ကို ပစ်ဒဏ်ခတ်သည့် အနေဖြင့် ထိုဒေသတွင်း နေထိုင်သည့် အပြစ်မဲ့ အရပ်သားများကို ရည်ရွယ်ချက် ရှိရှိ တိုက်ခိုက်နေခြင်း ဖြစ်သည်။ 

 

ထိုသို့ ငြင်းမရအောင် သက်သေ များ ရှိနေသော်လည်း စစ်ဖက် မှ ညီနောင် မဟာမိတ် အဖွဲ့မှ သတင်းများ လီဆယ် ထုတ်ပြန်နေခြင်းသာ ဖြစ်သည်ဟု စွပ်စွဲလာခဲ့သည်။

 

တရုတ် အနေဖြင့်လည်း ငြိမ်းချမ်းရေး ဆိုသည်က စာရွက်ပေါ် လက်မှတ်ထိုးယုံဖြင့် ရရှိနိုင်ကောင်းသည့် အရာ မဟုတ်ဆိုသည်ကိုလည်း ကောင်းစွာ နားလည်သွားခဲ့ပြီ ဖြစ်သည်။

 

ဟိုင်ဂင် သဘောတူညီချက်အား လက်မှတ်ရေးထိုးခဲ့ရခြင်းမှာလည်း ထိုသို့မထိုးပါက ညီနောင် သုံးဖွဲ့ ပိုင် နယ်မြေများ အတွင်းသို့ တရုတ်မှ ရိက္ခာ၊ လောင်စာ နှင့် ဆေးဝါးများ တင်သွင်းမှု ဖြတ်တောက်ပစ်မည်ဟု ခြိမ်းခြောက်ခဲ့ခြင်း ကြောင့် ဖြစ်ကြောင်း သတင်း အတိအကျ ရရှိထားသည်ဟု ဧရာဝတီ မှ အခိုင်အမာ ရေးသားထားသည်။

 

ဤသည်ကို ကြည့်ခြင်းဖြင့် ညီနောင် သုံးဖေါ်သည်လည်း တရုတ်သည် ၎င်း၏ အကျိုးစီးပွားကို သာ ကြည့်ပြီး မည်သူမျက်နှာမှ ထောက်ထားရကောင်းမှန်း မသိကြသည့် အဖြစ်ကို သဘောပေါက် နေကြပြီ ဖြစ်သည်၊ ဖက်ဒရယ် ပြည်ထောင်စု အတွင်း တန်းတူရည်တူ မရပ်တည်သွား နိုင်သရွေ့ တရုတ်၏ ခြိမ်းခြောက်မှုများ အောက် တွင် ကျားကြောက်လို့ ရှင်ကြီးကိုး၊ ရှင်ကြီး ကျားထက်ဆိုးမည့် အဖြစ် နှင့် ရင်ဆိုင်ကြရပေတော့မည် သာ ဖြစ်သည်။

 

လက်ရှိ ပဋိပက္ခကြီးသည် ပြည်သူများ အပေါ် မတရား ဖိနှိပ်အုပ်ချုပ်နေသည့် အင်အားစုများ နှင့် လူပီသစွာ နေထိုင်ခွင့် ရမည့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံ တည်ဆောက်‌ရေး လုံးပမ်းနေသူများ အကြား ဖြစ်ပွားနေခြင်း ဖြစ်သည်ဟု နိုင်ငံတကာမှ ရှင်းလင်းစွာ သိမြင်ကြရန်လည်း မြန်မာ အရေး ကျွမ်းကျင်သူ အင်ဒရူး ဆဲလ် မှ The Interpreter စာစောင်တွင် ရေးသားထားသည်။

 

၎င်းက အရေးအကြီးဆုံး ဦးစားပေး လုပ်ဆောင်ရမည့် အချက်ကား စစ်အာဏာသိမ်း အဖွဲ့ ရုတ်ခြည်း ပြုတ်ကျသွားခဲ့လျှင် မည်သို့မည်ပုံ အုပ်ချုပ်သွားမည် ဆိုသည်ကို တော်လှန်ရေး မဟာမိတ်များ အကြား နိုင်ငံရေး အရ ကွဲလွဲမှု များကို ဘေးချိတ်ပြီး ယေဘုယျ သဘောတူညီမှု ရှိထားဖို့ လိုအပ်နေပြီဟု ထောက်ပြထားသည်။ သို့မှသာ အားလုံး၏ ဘုံရည်မှန်းချက်သည် ရုပ်လုံး ပေါ်လာမည် ဖြစ်သည်ဟု ဆိုသည်။

 

ယခုအခါ မင်းအောင်လှိုင်မှ ဘယ်စခန်းကို အကျ မခံ နှင့် ဘယ်မြို့ကို ဘယ်နှစ်ရက်နှင့် ပြန်သိမ်း ဆိုသည့် အမိန့်များကို သွေးရူးသွေးတန်း ပြောလာနေ၍ စစ်ရုံးရှိ ဗိုလ်ချုပ်များ အကြား ဗျူဟာပိုင်း တွင် အငြင်းပွားမှု များ ရှိလာနေပြီး အချင်းချင်း အစာမကြေ ဖြစ်လာနေ၍ တော်လှန်ရေး အတွက် တတပ်တအား ဖြစ်လာရသည်ဟုလည်း ရေးသားထားသည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!