အယုဒ္ဓရ ရှိ ရာမ ဘုရားကျောင်းတော်ရာ အသစ်သည် အိန္ဒိယ နိုင်ငံသားများ အတွက် အဘယ့်ကြောင့် လွန်စွာ အရေးပါနေရသနည်း

by Hla Soewai - Jan 27 2024

အဆိုပါ ဘုရားကျောင်းသည် ဟိန္ဒူတို့၏ ရာစုနှစ်ချီ ကြာလာပြီ ဖြစ်သော ဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့သော်လည်း နာရန်ဒါ မိုဒီ ၏ ပုံရိပ်ကိုတော့ ညိုးနွမ်းသွားစေခဲ့သည်။

 

အိန္ဒိယတွင် ဘုရားကျောင်းပေါင်း ၇၀၀,၀၀၀ ခန့် ရှိသည်ဟု သိရသည်။ သို့သော် ဟိန္ဒူဘာသာဝင်များ အတွက်တော့ ၎င်းတို့ ကိုးကွယ်သည့် နတ်ဘုရား ရာမ၏ မွေးရပ်မြေကို အထိမ်းအမှတ် ပြု သည့် ဘုရားကျောင်းသည် ထိုအထဲတွင် မပါဝင်ခဲ့သေးပေ။

 

သို့သော် ဇန်နဝါရီ ၂၂ ရက်နေ့တွင်တော့ ၎င်းတို့ အားလုံး မျှော်လင့်တောင့်တနေခဲ့မှု သည် ဆုံးခန်းတိုင် သွားပြီ ဖြစ်သည်။ ထိုနေ့တွင် ဝန်ကြီးချုပ် နာရန်ဒါ မိုဒီသည် အယုဒ္ဓယမြို့ မြောက်ဖက်ရှိ ဘုရားကျောင်းဆောင်ကြီး အား ဖွင့်လှစ်ပေးနိူင်ခဲ့သည်၊ ထိုအခမ်းအနားသို့ လူ ၈,၀၀၀ ခန့် တက်ရောက်ခဲ့ကြပြီး ထိုအထဲတွင် မိုဒီ၏ အာဏာရ ပါတီ ဖြစ်သော BJP မှ ထိပ်တန်း ခေါင်းဆောင်များ နင့် နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ဂုဏ်သရေရှိ ပုဂ္ဂိုလ်များလည်း ပါဝင်သည်။

 

အဆိုပါ ဘုရားကျောင်းကြီးသည် အဘယ်ကြောင့် လွန်စွာ အရေးပါနေရသနည်း။

 

ထိုအဖြေကို ရာမ ဇာတ်တော် နှင့် စ ရမည် ဖြစ်သည်။ ရာမသည် ဟိန္ဒူတို့ ကိုးကွယ်ကြသည့် နတ်ဘုရားပေါင်း များစွာ ရှိသည့် အနက် အရေးပါဆုံးဟု ဆို၍ရပေသည်။ ၎င်းသည် လွန်ခဲ့သည့် နှပေါင်း ၇,၀၀၀ ခန့်တွင် ကမ္ဘာမြေပေါ်တွင် ရှင်သန်ကြီးပြင်းခဲ့သူ ဖြစ်သည်ဟု ပြောဆိုခဲ့ကြသည်။

 

မိထွေး ဖြစ်သူ၏ အကောက်ကြံမှုကြောင့် တောနက်ကြီးထဲသို့ ပြည်နှင်ဒဏ် ပေးခံခဲ့ရပြီး ၊ ဇနီး ဖြစ်သူ အားလည်း မကောင်းဆိုးဝါး မင်းတပါး ဖြစ်သော ရာဝဏ က အတင်းအဓမ္မ ဖမ်းဆီး ခေါ်ဆောင်သွားခဲ့ပြန်သည်။

 

ရာမသည် ရာဝဏ အပေါ် အောင်နိုင်ကာ ဇနီး အား ကယ်တင်နိုင်ခဲ့ပြီး အောင်ပွဲခံ ပြန်လည် ရောက်ရှိလာခဲ့သည်။ ရာမ မင်းလုပ်အုပ်ချုပ်လာသည့် ကာလတလျှောက်လုံး တိုင်းနိုင်ငံ အနှံ့အပြား မကြုံစဖူး အောင် စည်ပင် ကြွယ်ဝလာခဲ့သည်။ ဤသို့ဖြင့် ရာမ သည် လူများ၏ ကိုးကွယ် ဆည်းကပ်ရာ ဖြစ်လာခဲ့ပြီး ၎င်း၏ မွေးရပ်မြေ အားလည်း ဘာသာရေး အရ အထွတ်အမြတ်ထားရာ အဖြစ် သတ်မှတ်ခဲ့သည်။

 

သမိုင်းပညာရှင်များကတော့ ရာမ မည်သည့် အရပ်တွင် မွေးဖွားခဲ့သည် မဆိုထားနှင့် ရှိခဲ့သည်လား ဆိုသည်ကိုပင် အချက်အလက် အထောက်အထားများ နှင့် အတည်ပြုနိုင်ခဲ့ခြင်း မရှိသေးပေ။ သို့သော်ဟိန္ဒူများကတော့ အယုဒ္ဓယ တွင် ဖြစ်သည်ဟု ယုံကြည်ထားကြသည်။

 

လွန်ခဲ့သည့် ရာစု နှစ်ပေါင်း များစွာကပင် ရာမ မွေးဖွားခဲ့သည့် နေရာကို အမှတ်အသား ပြု တည်ဆောက်ကိုးကွယ်ထားသည့် ရာမ ဂျမဘူမိ ဘုရားကျောင်း ရှိခဲ့ပြီး ဖြစ်သည်ဟု ပြောဆိုခဲ့ကြပြီး ဖြစ်သည်။ သို့သော် ၁၆ ရာစု နှစ်တွင် အိန္ဒိယ အား ပထမဆုံး သိမ်းပိုက် အုပ်ချုပ်ခဲ့သည့် မဂို အင်ပါယာ ပြည့်ရှင် ဘားဘာ မှ ဖျက်ဆီးပစ်ခဲ့ပြီး ထိုနေရာတွင် ဘာဘရီ မက်စ်ဂျစ် ဗလီကြီးကို ဆောက်လုပ်ခဲ့သည်။ထိုအချိန်မှစ၍ ဟိန္ဒူတို့အဖို့ စော်ကားခံရသလို ဖြစ်ခဲ့ပြီး လူမျိုးရေး တင်းမာမှု များ စတင်လာခဲ့သည်။

 

မဂိုမင်းဆက် ပျက်သုံးပြီး ဗြိတိသျှ လက်အောက် ရောက်လာသည့် အခါတွင်တော့ လိမ္မာပါးနပ်စွာ ဖြေရှင်းနိုင်ခဲ့သဖြင့် တင်းမာမှုများ ပြေလျော့သွားခဲ့သည်။ ဗြိတိသျှ အာဏာပိုင်များက မူဆလင်များအား ဗလီအတွင်း ဝင်ရောက် ဖူးမျှော် ခွင့်ပေးပြီး ဟိန္ဒူများကို အပြင်ဖက် ရှိ စင်မြင်တခု ပေါ်မှ ကိုးကွယ်ခွင့် ပြုခဲ့သည်။

 

သို့သော် အိန္ဒိယ လွတ်လပ်ရေး ရပြီး နှစ်နှစ် အကြာ ၁၉၄၉ တွင် ရာမ ရုပ်ထုကြီး သည် ဘာဘရီ မက်စ်ဂျစ် ဗလီကြီး အတွင်း ထူးဆန်းစွာ ပေါ်ထွက်လာခဲ့သည်။ ဟိန္ဒူများက တန်ခိုးရှင်များက ဖန်ဆင်းပေးလိုက်ခြင်းဟု ယုံကြည်ကြသော်လည်း တကယ်တမ်းတွင်မူ ဘာသာရေး တက်ကြွ လှုပ်ရှားသူများက ညအချိန်တွင် ဝင်ရောက် စိုက်ထူသွားခြင်းသာ ဖြစ်သည်။

 

ထိုအဖြစ်အပျက်သည် ဒေသ အာဏာပိုင်များ အတွက် ခေါင်းခြောက်စရာ ဖြစ်လာခဲ့သည်၊ ရုပ်ထုအား ဖယ်ရှားပစ်လိုက်ကလည်း လူထု၏ ဒေါသကိုဆွပေးသလို ဖြစ်သွားမည်ကို စိုးရိမ်လာကြပြီး နောက်ဆုံးတွင် ဗလီကို အပြီးအပိုင် ပိတ်ပစ်ခဲ့ခြင်းဖြင့် လိမ္မာပါးနပ်စွာ နောက်တကြိမ် ဖြေရှင်းနိုင်ခဲ့ပြန်သည်။

 

ပြဿနာသည် တငွေ့ငွေ့ နှင့် လောင်ကျွမ်းနေပြီး ၁၉၈၀ တွင် ဟိန္ဒူ အမျိုးသားရေး အဖွဲ့ ဗစ်ရှဗား ဟိန္ဒူ ပရီရှတ် မှ "မူဆလင်ထောင်" ထဲ အကျဉ်းကျနေသည့် ရာမ အား ကယ်တင်ရန် နှင့် ဗလီ နေရာတွင် ဘုရားကျောင်း ဆောက်လုပ်ရန် ဆိုသည့် ကမ်ပိန်းကို စတင်လာခဲ့သည်။ ၎င်း၏ ကမ်ပိန်းသည် BJP ပါတီ အပါအဝင် လူများကို ဆွဲဆောင်လာနိုင်ခဲ့သည်။ ယင်းနှင့်အတူ BJP ပါတီသည်လည်း ရုတ်ခြည်း လူသိများလာခဲ့သည်။ ၁၉၈၄ ရွေးကောက်ပွဲတွင် BJP ပါတီသည် အမတ် နှစ်နေရာ အနိုင်ရရှိလာခဲ့သည်။ ၁၉၈၉ တွင် အမတ်နေရာ ၈၈ နေရာ အထိ ဖြစ်လာခဲ့သည်။

 

ရာမဇာတ်တော်အား ရုပ်မြင်သံကြား မှ အခန်းဆက် ရိုက်ကူး ထုတ်လွှင့်လာပြန်သဖြင့် လူထု ၏ စိတ်ကို ဆွပေးသလို ဖြစ်လာခဲ့ပြန်သည်။

 

၁၉၉၀ အစောပိုင်းနှစ်များတွင်တော့ အခြေအနေများ သည် ပွက်ပွက်ဆူလာသည့် အဆင့် ရောက်လာခဲ့သည်။ BJP ပါတီမှ ထိပ်တန်း နိုင်ငံရေး သမား တဦး ဖြစ်သူ အယ် ကေ အက်ဗာနီသည် ဘုရားကျောင်း ဆောက်လုပ်ရေး အား ထောက်ခံကြောင်း ပြသသည့် အနေဖြင့် ၁၉၉၀ တွင် မြင်းရထားလုံးကြီး ဖြင့် မိုင်ထောင်ပေါင်းများစွာ ဝေးသည့် ဘုရား ကျောင်းတော်ရာ ရှိရာသို့ ခရီးရှည်ကြီး စထွက်လာခဲ့သည်။ 

 

ထိုစဉ်က မိုဒီသည် ဒေသပါတီ၏ အတွင်းရေးမှုး အဆင့်သာ ရှိသေးသော်လည်း ၎င်း၏ ပြည်နယ် ဂူဂျာရတ် သို့ ဖြတ်လာမည့် အက်ဗာနီ၏ မြင်းရထားအား သောင်းသောင်းဖျဖျ ကြိုဆိုနိုင်ရန် စီစဉ်ပေးခဲ့သည်။

 

အက်ဗာနီ ၏ အောင်မြင်မှုကြောင့် ဟိန္ဒူ အမျိုးသားရေး အဖွဲ့ ဗစ်ရှဗား ဟိန္ဒူ ပရီရှတ် သည် ရဲတင်းလာပြီး ၁၉၉၂ တွင် နောက်ထပ် ဘုရား‌ ကျောင်းကြီးအား လူထုအားဖြင့် ဆောက်လုပ်ရန် ဟု ကြွေးကျော်ပြီး လူထု လှုပ်ရှားမှု ကြီး တခု ကို စတင်လာခဲ့သည်။

 

အစိုးရ မှ ဘုရားကျောင်း ရှိရာတွင် ထောင်ပေါင်းများစွာသော လုံခြုံရေး တပ်ဖွဲ့ဝင်များ ကို အဆင်သင့် ချထားခဲ့သည်။ သို့သော် ဘုရားကျောင်းကြီးဆီသို့ တဟုန်ထိုး ပြေးဝင်လာသော သိန်းနှင့် ချီသော လူအုပ်ကြီး အား မည်သို့မျှ ဟန့်တားနိုင်စွမ်း မရှိတော့၍ ဗလီကြီးလည်း ရစရာ မရှိအောင် ဖျက်ဆီးခြင်း ခံလိုက်ရသည်။ ယင်းကို အကြောင်းပြု၍ နိုင်ငံ တဝှမ်းတွင် လူမျိုးရေး အဓိကရုဏ်းကြီး ဖြစ်ပွားလာပြီး လူ ပေါင်း နှစ်ထောင်ခန့် အသက် ဆုံးရှုံးသွားခဲ့ရသည်။

 

ဘုရားကျောင်း ဆောက်လုပ်နိုင်ရေး အတွက် တရားရုံး အဆင့်ဆင့် တွင် ဥပဒေကြောင်းအရ နှစ်ပေါင်းများစွာ အငြင်းအခုံ များ ဖြစ်ခဲ့သည်၊ BJP သည် ထိုကာလများ အတွင်း ဘုရားကျောင်း ဆောက်လုပ်ရမည် ဟူသော သန္နိဋ္ဌာန်မှ ယိမ်းယိုင်သွေဖီသွားခဲ့ခြင်း မရှိပေ။ ထိုအကြောင်းခြင်းရာသည် မိုဒီ၏ ၂၀၁၄ ရွေးကောက်ပွဲ အတွက် မဲဆွယ်ရာတွင် ရှေ့ဆုံးမှ ပါဝင်လာခဲ့သည်။

 

၂၀၁၉ တွင် မိုဒီအား ဝန်ကြီးချုပ် အဖြစ် ထပ်မံ အရွေးခံရပြီးနောက်တွင် တရားလွှတ်တော်ချုပ်မှ ထိုဘုရားကျောင်းနေရာအား ဟိန္ဒူများ အား ပိုင်ဆိုင်ခွင့် ပေးအပ်ခဲ့ပြီး မူဆလင်များ အတွက် အနီးအနားရှိ မြေနေရာတွင် ဗလီ ဆောက်လုပ်ခွင့် ပေးခဲ့သည်။

 

အချို့သော ဟိန္ဒူ များက ဘုရားကျောင်း ဖွင့်လှစ်လိုက်ခြင်းသည် တိုင်းပြည်အား ဟိန္ဒူ လူမျိုးကြီး ဝါဒ ဖက်သို့ တွန်းပို့လိုက်ခြင်းဟု ရှုမြင်ခဲ့ကြသည်။ သို့သော် ဟိန္ဒူအများစု အတွက်တော့ အောင်ပွဲခံရမည့် အချိန်ဟု ယူဆခဲ့ကြသည်။

 

မည်သည့်အခါမှ မကြွားမဝါ၊ မဝင့်ဝါ ပဲ နေလေ့ မရှိတတ်သော မိုဒီ အတွက်တော့ ၎င်းကြောင့် ဖြစ်လာရသည်ဟု ဝင့်ကြွားစွာ ပြောဆိုလာခဲ့သည်။ ဘုရားကျောင်းအား တက်ရောက် ဖွင့်လှစ်နေသော ၎င်း၏ ပုံသည် ယခုနှစ် ရွေးကောက်ပွဲတွင် နောက်ခံ ပိုစတာကြီး အဖြစ် ထွက်ပေါ်လာတော့မည်လည်း ဖြစ်သည်။

 

ယခုလို နိုင်ငံရေး ဇာတ်သွင်းလာခြင်းအား ဟိန္ဒူ ဘာသာဝင် အချို့ ဒေါသထွက်လာခဲ့ကြပြီး ဝါရင့် ဟိန္ဒူ ဂုရုကြီး အများအပြားက အခမ်းအနားကို သပိတ်မှောက်ခဲ့ကြသည်။ ဝန်ကြီးချုပ်သည် အခမ်းအနားကို အသုံးချကာ ၎င်း၏ နိုင်ငံရေး အကျိုး အတွက် အသုံးချခဲ့သည်ဟု စွပ်စွဲခဲ့ကြသည်။

 

ဘုရားကျောင်း၏ ဇာတ်ထုတ်သည် ရာမ နှင့် စတင်‌ ကောင်း စတင်ခဲ့ပုံ ရှိသော်လည်း ယခုအခါ မိုဒီ နှင့် အဆုံးသတ်နေပြီ ဖြစ်သည်။

 

(၂၀၂၄ ဇန်နဝါရီ ၁၉ ရက်နေ့ အီကော်နောမစ် မဂ္ဂဇင်းပါ "Why a new temple to Ram in Ayodhya matters so much to Indians" အား ပြန်ဆိုသည်။)