အိန္ဒိယ ခြံစည်း ရိုးခတ်မည့်အရေး

by Hla Soewai - Jan 27 2024

တရုတ်သည် လက်ရှိ ထော့ကျိုး ထော့ကျိုး ဖြစ်လာနေသော နေပြည်တော်ရှိ အုပ်ချုပ်ရေး အဖွဲ့ ကို သာမက ၎င်းတို့အား ထိုးစစ်ဆင် တိုက်ခိုက်နေသော မြောက်ပိုင်းရှိ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များကို ပါ ထိန်းချုပ် နိုင်သွားပြီ ဖြစ်ပြီး နောက်ခြေလှမ်း အဖြစ် ၎င်းတို့ အကျိုးရှိရာ ရှိကြောင်း အမြတ်ထုတ် နိုင်ရန် ကြံစည်နေပြီ ဖြစ်သည်။

 

ထိုအချိန်တွင် အိန္ဒိယ သည် မြန်မာ နယ်စပ်တွင် ခြံစည်းရိုးကာရန် ပြင်ဆင်နေခြင်းဖြင့် Look East Policy သည် ကျဆုံးခန်း ရောက်လာခဲ့ပြီ ဖြစ်သည်။

 

မြန်မာ နှင့် နယ်နမိတ်အားဖြင့် ၁,၆၄၃ ကီလိုမီတာ ထိစပ်နေသောလည်း ကီလိုမီတာ ၁၀၀ ခန့်သာ ကွင်း၍ ခတ်မည်ဟု အိန္ဒိယ ပြည်ထဲရေး ဝန်ကြီးဌာန မှ စီစဉ်နေပြီဟု ကြေငြာချက် ထုတ်ပြန်လာခဲ့သည်။

 

ထိုသို့ ပိတ်လိုက်ခြင်းမှာ တော်လှန်ရေး တပ်ဖွဲ့များက ခမ်းပတ်၊ ရီဝါဒ အပါအဝင် နယ်ခြား မြို့များကို သိမ်းယူနိုင်ခဲ့ခြင်းကြောင့် အိန္ဒိယ ၏ ရံပုံငွေ မ တည် မှု ဖြင့် တည်ဆောက်နေသည့် အာရှ အဝေးပြေး လမ်းမကြီး (၁) အား ပိတ် ဆို့ လာနိုင်တော့မည့် အရေး ကို စိုးရိမ်မကင်း ဖြစ်လာကြသော ကြောင့် လည်း ဖြစ်သည်။

 

အိန္ဒိယ အစိုးရသည် နယ်စပ် ရှိ သောင်းကျန်းမှု များကို စစ်ကောင်စီ တပ်များ နှင့် လက်တွဲ၍ နှိမ်နှင်း နိုင်လိမ့်မည် စိတ်ထဲတွင် တယူသန် စွဲမှတ်နေရာ မှ စစ်ကောင်စီကို လက်တွဲ မဖြုတ်နိုင် ဖြစ်လာရသည်။ ယခုအခါ တွင် တော့ အိန္ဒိယ ဗဟို အစိုးရ အား တော်လှန်နေသည့် လက်နက်ကိုင်များသည် မြန်မာဖက်ခြမ်း တွင် လုံခြုံစိတ်ချစွာ လှုပ်ရှားခွင့် ရသွားပြီဆိုသော အခြေအနေနှင့် ရင်ဆိုင်လာရပြီ ဖြစ်သည်။

 

ခြံစည်းရိုး ကာမည့် အပိုင်းသည်လည်း တောတောင်ထူထပ် သော အပိုင်းတွင် ဖြစ်နေပြန်၍ ပြီးစီးအောင် နှစ် အတန်ကြာ အချိန်ယူရဦးမည် ဖြစ်သည်။ 

 

မဏိပူရ တွင် ဖြစ်ပေါ်နေသော လူမျိုးရေး အကြမ်းဖက် မှု များသည် ပြည်နယ် ဝန်ကြီးချုပ်၏ လူမျိုးရေး ခွဲခြားလိုမှု ကြောင့် ဖြစ်ပြီး နယ်စပ်ဒေသ တင်းမာနေမှု များ နှင့် ပတ်သက်ခြင်း မရှိပေ။

 

ယခုကဲ့သို့ ခြံစည်းရိုး ခတ်ခြင်း၊ Free Movement Regime ခေါ် တောင်တန်းဒေသနေ တိုင်းရင်းသား များ နယ်စပ်ဖြတ်ကျော်ခွင့် လက်မှတ်ဖြင့် အချိန်မရွေး ကူးသန်း ခွင့် ကို ပိတ်ပင်လိုက်ခြင်းသည် ထိုဒေသ ရှိ မီဇို နှင့် ကူကီး တိုင်းရင်းသားများ အား တဖက်တချက် ရှိ ဆွေမျိုးများ နှင့် အဆက်ဖြတ်သလို ဖြစ်သွား၍ ပို၍ပင် နာကြည်းလာနိုင်သည်။

 

ထို့ပြင် အိန္ဒိယ ‌အနောက်မြောက် ဒေသ သည် ချင်း နှင့် ရခိုင်တိုင်းရင်းသားများ နှင့် ဆက်နွယ်နေ၍ အိန္ဒိယ သည် စစ်ရေး အရှိန် မြင့်တက်လာသည် နှင့် အမျှ စစ်ကောင်စီ ဖက်က ရေရှည် ရပ်တည်သွား၍ မဖြစ်ပေ။ 

 

ယခုအခါ အိန္ဒိယဖက် မီဇိုရမ် ပြည်နယ်ထဲသို့ ထွက်ပြေး ဝင်ရောက်လာသော စစ်ကောင်စီ တပ်ဖွဲ့ဝင် ၂၇၆ ဦးအား မြန်မာ စစ်တပ်ပိုင် လေယာဉ်များ နှင့် စစ်တွေသို့ ပြန်ပို့ရန် စီစဉ်နေသည်ဟု ၎င်းတို့အား လက်ခံထားသော အာသံ ရိုင်ဖယ် တပ်ရင်းမှ အရာရှိများ ပြောသည်ဟု အိန္ဒိယ သတင်းစာများတွင် ရေးသားထားသည်။

 

ထွက်ပြေးလာသူများအား ဗိုလ်မှုးကြီး အဆင့် ရှိသူ တဦး မှ ဦးဆောင်လာပြီး အခြား အဆင့် အရာရှိ အရာခံ ၃၆ ဦး နှင့် အောက်ခြေ အဆင့် စစ်သား ၂၄၀ ပါဝင်သည်ဟု သိရသည်။

 

နိုဝင်ဘာ လ အတွင်း ရက္ခိုင်တပ်တော်မှ စတင် ထိုးစစ် ဆင်ချိန်မှစပြီး ထွက်ပြေးလာသူ ၆၃၅ ဦး ရှိနေပြီး ၃၅၉ ဦး အား ပြန်ပို့ပြီး ဖြစ်သည်။

 

၃၅၉ ဦး အနက် ပထမ အသုတ် ၁၀၄ ဦး အား အိန္ဒိယ လေတပ် ရဟတ်ယာဉ်များ ဖြင့် နိုဝင်ဘာလ အတွင်း ပြန်ပို့ပေးခဲ့ပြီး ကျန် ၂၅၅ ဦးအား စစ်ကောင်စီ လေတပ် မှ ဇန်နဝါရီ ၂ ရက် နှင့် ၉ ရက်နေ့များ တွင် လာရောက် ခေါ်ယူသွားခဲ့သည်။

 

နောက်ဆုံး အသုတ် အဖြစ် စနေ နှင့် တနင်္ဂ‌ နွေ နေ့များ တွင် ပြန်ပို့မည် လူများသည် ဇန်နဝါရီ ၁၇ ရက်နေ့က ဝင်ရောက်လာသူများ ဖြစ်သည်။

 

နောက်ထပ်လည်း ထွက်ပြေးလာကြဦးမည် ဖြစ်၍ အိန္ဒိယ ဖက်ခြမ်းတွင် နိုင်ငံတကာ ကြက်ခြေနီ အသင်း မှ မြန်မာ စစ်သား ကယ်ဆယ်ရေး စခန်း တခု အသင့် ဖွင့်လှစ်ထား သင့် လှပြီ ဖြစ်သည်။

 

တိုင်းပြည်၏ အချုပ်အခြာ အာဏာ နှင့် နယ်မြေ တည်တံ့ ပိုင်ခွင့်ကို ကာကွယ်စောင့်ရှောက်ရန် သစ္စာ ဆိုထားသူများ သည် လက်နက်ချသူချ၊ ထွက်ပြေးသူ ပြေး နှင့် ဖြစ်ချင်တိုင်း ဖြစ်နေသည်ကို ပြည်သူ တရ‌ပ်လုံး အတိုင်းသား မြင်တွေ့နေရပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!