ဒရုန်းသည်သာ ငါတို့ ၏ လေတပ်

by Hla Soewai - Jan 27 2024

ချင်းတောင်တန်း များ ပေါ်တွင် ဒရုန်းများသည် ဟိုနေရာ မှ ဒီနေရာ တိတ်ဆိတ်ငြိမ်သက်စွာ ပျံသန်းနေကြသည်။ စစ်ကောင်စီ တပ်များက တော့ ၎င်းတို့ ခေါင်းပေါ် ဘယ်တော့ ဗုံးသီး ကြွေကျလာလေမည်နည်း ဟု ခေါင်းမပြူရဲအောင် ဖြစ်နေသည်။

 

ချင်း အမျိုးသား တပ်မတော် ၏ ဒရုန်း တပ်ဖွဲ့ အော်ပရေတာ များကတော့ တောနက်ကြီး ထဲ တနေရာ မှ နေ‌၍ စကရင်ပေါ်တွင် မြင်နေရသော ဒရုန်းများကို အေးအေးလူလူ ဖြင့် ထိန်းချုပ်ကွပ်ကဲလျက် ရှိသည်။ (ပုံတွင် ရှု)

 

ထိုသို့ ထိန်းချူပ် ကွပ်ကဲနိုင်အောင်လည်း တနှစ်ကျော်မျှ လေ့ကျင့်သင်ကြားခဲ့ရသူ များလည်း ဖြစ်သည်။ ယခုအခါ ဒရုန်း စစ်ဆင်ရေး ဌာန ကို သီးခြား ဖွင့်လှစ်ထားနိုင်ခဲ့ပြီ ဖြစ်သည်။ ထိုဌာနအား အင်ဂျင်နီယာ ကျောင်းသားများ၊ ဝါသနာရှင်များ ဖြင့် ဖွဲ့စည်းထားသည်။ အိန္ဒိယသည် ၎င်းတို့ နယ်ခြားအား တင်းတင်းကျပ်ကျပ် စောင့်ကြည့်နေကြ၍လိုအပ်သည့် ပစ္စည်းများကို ထိုင်း နှင့် တရုတ် ဖက်မှ သွင်းယူခဲ့ရသည်။

 

ယခုအခါ ချင်းပြည်နယ် ၏ ၇၀ ရာနှုန်းကို ချင်း အမျိုးသား တပ်များက ထိန်းချုပ်နိုင်ခဲ့ပြီလည်း ဖြစ်သည်။ ထိုသို့ အောင်မြင်မှုများ ရလာခဲ့ခြင်းမှာလည်း ဒရုန်း အသစ်စက်စက်များ လက်ဝယ် ပိုင်ဆိုင်လာခဲ့ခြင်းကြောင့် လည်း ဖြစ်သည်။

 

စစ်ဌာနချုပ် ရှိရာ ဝိတိုရိယ စခန်းသို့ သွားရောက် လေ့လာခဲ့သည့် လန်ဒန် ရှိ အော်ဇာဗား သတင်းစာတိုက်မှ သတင်းထောက်သည် ထောင်ချီ ရှိနေသော လုပ်ငန်းသုံး နှင့် လယ်ယာသုံး ဒရုန်းများကို တွေ့ခဲ့ရသည်ဟု ရေးသားထားသည်။ အများစုသည် တရုတ်ပြည်မှ တင်သွင်းခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။

 

စစ်တပ်သည် လေတပ် အင်အား ဖြင့် ယခင်က အသာစီးရ‌ နေသည် ဆိုသော်လည်း တိုက်လေယာဉ် တစီး ကောင်းကင်သို့ ပျံတက်သွားသည်နှင့် ဒေါ်လာ သောင်းနှင့်ချီ ကုန်ကျပြီး ပြုပြင် ထိန်းသိမ်းစရိတ်များလည်း ရှိနေ၍ ဈေးပေါပေါ နှင့် သုံး၍ရသော ဒရုန်းများက တပန်းသာလျက် ရှိနေသည်။

 

ဒရုန်းများ အသုံးပြု နိုင်လာခြင်း ကြောင့် စစ်မြေပြင် အနေအထားသည် ကြီးမားသော အရွေ့ကြီးတခု ဖြစ်ပေါ်လာပြီး အင်အား ကွာဟမှု လည်း လျော့နည်းသွားသည်ဟု အိန္ဒိယ သုတေသီတဦးက ဆိုသည်။

 

ဒရုန်း အော်ပရေတာ များက စစ်ကောင်စီ တပ်များ အား သိုသိုသိပ်သိပ် ထောက်လှန်းစောင့်ကြည်ကာ အချိန်မရွေး၊ နေရာမရွေး တိုက်ခိုက်နိုင်လာ၍ စိုးရိမ် ထိတ်လန့်နေကြသည်၊ အာဏာ မသိမ်းမီက ထိုအခြေအနေမျိုး ဖြစ်လာလိမ့်မည် ဟု တွေးပင် တွေးခဲ့ကြမည် မဟုတ်ဟု လည်း ပြောခဲ့သည်။

 

ချင်း အမျိုးသား တပ်မတော်သည် တိုင်းတပါး၏ ဩဇာခံ မဟုတ်သော လက်နက်ကိုင် အဖွဲ့အစည်း အဖြစ် ဂုဏ်ယူဝင်ကြွားစွာ ရပ်တည်နေပြီဖြစ်သည်၊ ရရှိလာသော အောင်ပွဲများ‌ ကြောင့် စိတ်ဓါတ် တက်ကြွ‌ နေကြပြီး ဆက်လက်တိုက်ပွဲ ဝင်နိုင်ရန် တပ်ဖွဲ့ဝင် အသစ်များလည်း တဖွဲဖွဲ ဝင်ရောက်လာနေ၍ ဝိတိုရိယ စစ်ဌာနချုပ် စစ်‌ ရေးပြ ကွင်းတွင် ရာနှင့် ချီသော တပ်သားသစ်များ၏ စစ်ရေး လေ့ကျင်နေသည့် အသံများသည် နေ့စဉ်လို ဘဝက်ဂ် ညံလျက် ရှိနေသည်။

 

‌ဒရုန်း စစ်ဆင်ရေး ဌာန၏ တပ်မှုး ဖြစ်သူ အသက် ၄၉ နှစ်ရှိ ဆာဘူး မှ ဒရုန်းသည် ကျွန်တော်တို့ရဲ့ လေတပ်ပဲ၊ ဒါနဲ့ စစ်ကို နိုင်အောင် တိုက်မယ်ဟု ပြောကြောင်း သတင်းဆောင်းပါးတွင် ရေးသားထားသည်။

 

အိန္ဒိယ စစ်ဖက် အရာရှိများက မြန်မာဖက်ရှိ နယ်ခြားကင်းစခန်း အများစုအား တော်လှန်ရေး တပ်များက ထိန်းချုပ်ထားပြီး ဖြစ်ကြောင်းနှင့် ကျန်ရှိနေသည်များသည်လည်း ခြိမ်းခြောက်ခံနေရသည်ဟု ဆိုသည်။ ချင်းပြည်နယ် နှင့် နယ်စပ်တလျှောက် ၅၁၀ ကီလိုမီတာခန့် ထိစပ်နေသော မီဇိုရမ် ပြည်နယ်ထဲသို့ ထွက်ပြေးလာကြသော စစ်ကောင်စီ တပ်သား ၆၀၀ နီးပါး ရှိလာနေပြီး အာသံ ရိုင်ဖယ် သေနတ်ကိုင် တပ်စခန်းဝင်း အတွင်း နေရာထိုင်ခင်း ပေးထားသည်ဟု သိရသည်။

 

ယခုအခါ အိန္ဒိယ အစိုးရ မှ နယ်ခြား တလျှောက် ခြံစည်းရိုးကာရန် ပြင်ဆင်နေပြီ ဖြစ်သည်။ နောက်ပိုင်းတွင် အိမ်နီးခြင်း နိုင်ငံများ အားလုံး၏ ခြံစည်းရိုး ကာခြင်း ခံရတော့မည့် နိုင်ငံ ဖြစ်လာပေတော့မည်။

 

စစ်တပ်သည် တနိုင်ငံလုံး တွင် ယောက်ယက်ခ ဖြစ်လာနေသည့် အနေအထားကို မင်းအောင်လှိုင်သည် မည်သို့မျှ ဦးမော့လာအောင် ပြန်‌၍ လုပ်နိုင်စွမ်း ရှိတော့မည် မဟုတ်ဟု လေ့လာသူများက သုံးသပ်နေကြပြီ ဖြစ်သည်။ တပ်မှူး အများစုသည် အဖွဲ့အစည်း အပေါ် သစ္စာရှိနေကြသော်လည်း မင်း‌ အောင်လှိုင် သည် မည်သို့မျှ ၎င်းတို့ အပေါ် ခေါင်းဆောင်မှု ပေးနိုင်တော့မည် မဟုတ် ဆိုသည်ကို သိလာကြပြီဖြစ်သည်၊ ၎င်း၏ အခြေအနေ ယိမ်းယိုင်နေပြီ ကို ရိပ်စားမိလာ၍ အနားတွင် အရည်အချင်း ရှိသည် မရှိသည်က အဓိက မဟုတ် တော့ပဲ သစ္စာခံသူများဟု လုံးဝ ယုံကြည်စိတ်ချရသူများ နှင့် ဝိုင်းရံလာပြီ ဖြစ်သည်။

 

မင်း‌ အောင်လှိုင်သည် ၎င်း၏ နောက်ဆုံး လက်နက်ဖြစ်သော လေတပ်သည်လည်း အခြားအရာများကဲ့သို့ပင် ရုတ်လျော့ကျဆင်းလာနေပြီ ဖြစ်သည်။ တိုက်လေယာဉ်များသည် ဆီဖြည့်ချိန်မှ လွဲ၍ တနေ့တနေ့ မနားရအောင် ပျံနေရ၍ ချိနဲ့လာနေသည်။ တဖက်တွင်တော့ တော်လှန်ရေး အဖွဲ့များက လေကြောင်းကာကွယ်ရေး အတွက် စနစ်တကျ ပြင်ဆင်နေကြပြီ ဖြစ်သည်။

 

တိုင်းရင်းသား လက်နက်ကိုင်များ ထဲတွင် ဝ တပ်မတော် တခုသာ Man-Portable Air -Defence System (MANPADs) ဟု ခေါ်သော ပုခုံးထမ်း မြေပြင်မှ ဝေဟင်ပစ် ဒုံးလက်နက် ပိုင်ဆိုင်ထားသော်လည်း ကေအိုင်အေ သည် Mi-17 အား တရုတ်လုပ် FN-6 MANPADs နှင့် ပစ်ချခဲ့သည်ဟု ပြောလာ၍ စဉ်းစားစရာ ဖြစ်လာရသည်ဟု ဝါရှင်တန် စစ်ကောလိပ်မှ ပါမောက္ခ ဇာကာရီ အဘူဇာက RFA တွင် ရေးသားထားသည်။

 

စစ်ကောင်စီ ၏ နောက်ဆုံး လက်နက်ဖြစ်သော လေတပ်သည်လည်း အခြားအရာများကဲ့သို့ပင် ရုတ်လျော့ကျဆင်းလာနေပြီ ဖြစ်သည်။

 

မြောက်ပိုင်း မဟာမိတ် အဖွဲ့သည် အပစ်အခတ် ရပ်စဲရေး ကို အခွင့်ကောင်းယူကာ လက်နက် လူသူ အင်အား စုဆောင်းခွင့်၊ တပ်များ အနားပေး၊ ပြန်လည် စုစည်း ခွင့် ရနေပြီ ဖြစ်သည်။ သို့သော် မင်းအောင်လှိုင်၏ တပ်များသည် ထိုသို့ အခွင့်အရေး မရရှာပေ။ တနိုင်ငံလုံး အနှံ့ တိုက်နေရရ၍ ကျီးလန့်စားစား ဖြစ်လာ‌သည့် အပြင် စစ်ပန်းလာနေပြီ ဖြစ်သည်။

 

ညီနောင် မဟာမိတ်များက အခြေအနေ ပေးသည် နှင့် ပြန်၍ စတင်လာမည့် ထိုးစစ်ကို မည်သို့မျှ ခုခံ တွန်းလှန်နိုင်တော့မည် မဟုတ်သည်က သေချာနေပြီ ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!