ဖေဖေါ်ဝါရီ လကုန်ထိ အချိန်‌ ပေးထား သည် ဆို‌ သော တပ်ထဲမှ အတွင်း စကားများ

by Hla Soewai - Jan 27 2024

စစ်တပ်သည် မကြုံစဖုးအောင် အရေးနိမ့်လာနေပြီး အောက်‌ခြေ အဆင့်ဆင့် တွင်လည်း မကျေနပ်မှု များ ဖြစ်လာနေ၍ မင်းအောင်လှိုင်၏ အနေအထားသည် တနေ့တခြား ယိမ်းယိုင်လာနေပြီ ဖြစ်သည်ဟု Frontier Myanmar တွင် ‘Worst leader’: Military’s winter of discontent ခေါင်းစဉ်ဖြင့် ယခုလို ရေးသားလာခဲ့သည်။

 

အောက်တိုဘာ လကုန်ပိုင်း လောက်က ရှမ်း‌ မြောက်တွင် စတင်ခဲ့သော ညီနောင် မဟာမိတ် အဖွဲ့၏ ၁၀၂၇ ထိုးစစ်ကြီး ကြောင့် စစ်တပ်သည် ပြိုလဲလိုက်လာနေပြီး မီးဇာကုန် ဆီခမ်းလု အနေအထား ဆိုက်ရောက်လာနေပြီ ဖြစ်သည်။

 

ထိုသို့ အလွန်အမင်း အားပျော့လာနေသော်လည်း ပြီးခဲ့သည့် အပတ်များ အတွင်း စစ်ကောင်စီသည် အာဏာကိုဆက်၍ ဆုပ်ကိုင်ထားနိုင်ဆဲ ဖြစ်သော်လည်း မင်းအောင်လှိုင် အဖို့က နောက်ထပ် အန္တရာယ်ကြီး တခုက စစ်မြေပြင် အပြင်ဖက် မှ တငွေ့ငွေ့ နှင့် ထွက်ပေါ်လာခဲ့သည်။

 

လေတပ် မှ အမည်မဖေါ်လိုသော ဗိုလ်ချုပ်တဦး မှ "စစ်တပ် နှင့် နိုင်ငံ၏ သမိုင်း တလျှောက် အဆိုးဆုံး ခေါင်းဆောင် တယောက်ပါပဲဗျာ၊ သူ့ ခေါင်းဆောင်မှု အောက်မှ တပ်မတော်ရဲ့ ဂုဏ်သိက္ခာလည်း အဖတ်ဆယ်မရအောင် ပျက်စီးသွားခဲ့ပြီ" ဟု ထုတ်ဖေါ်ပြောဆိုလာခဲ့သည်။

 

စစ်ဖက် အထက်တန်း အရာရှိများကလည်း ရှမ်းမြောက်ဒေသတွင် အရှက်တကွဲ ရှုံးနိမ့်ခဲ့မှု များကြောင့် စစ်တပ် အတွင်း တုန်လှုပ် ခြောက်ခြားသွားခဲ့ရသည်ဟု ပြောလာကြသည်။

 

ထို့ပြင် စစ်ခေါင်းဆောင်ပိုင်း၏ တရုတ်အား မဝံ့မရဲ ကြောက်ရွံ့လာမှု အပေါ်လည်း ဒေါသ ထွက်လာကြသည်။ စစ်တပ် မှ ၁၀၂၇ စစ်ဆင်ရေးသည် တရုတ်မှ မီးစိမ်းပြ၍သာ စတင်ခဲ့ခြင်း ဖြစ်သည်ဟု အားလုံးက အခိုင်အမာ ယုံကြည်ထားပြီး မင်းအောင်လှိုင်မှ "ပြည်ပ ကျုးကျော်မှု" ဟု အမည်တပ်ပြီး တရုတ် သံအမတ်အား ဆင့်ခေါ်ကာ ပြစ်တင်ကြိမ်းမောင်းလိမ့်မည်ဟု မျှော်လင့်ခဲ့ကြသည်။

 

ထိုအစား မင်းအောင်လှိုင်သည် ၎င်းအား ထောက်ခံသူ များကိုသာ တရုတ် သံရုံးရှေ့သွား ဆန္ဒပြစေခဲ့သည်။ ထိုဆန္ဒပြပွဲ အား ၎င်းအား သစ္စာခံသော ကြံ့ဖွတ် ပါတီ အတွင်းရှိ အုပ်စုတစု မှ စီစဉ်ခဲ့ခြင်း သာ ဖြစ်၍ ထိုလူများသည် စစ်တပ် ထောက်ခံကြသူများ မဟုတ်ပဲ၊ ၎င်းကို‌ ထောက်ခံကြသူများသာ ဖြစ်သည်ဟု အဆိုပါ အမည်မဖေါ်လိုသော ဗိုလ်ချုပ်က ဆိုသည်။

 

ယခုလ အတွင်း တရုတ်က ကြားဝင်စေ့စပ်ပေးခဲ့သော အပစ်အခတ် ရပ်စဲရေးသည်လည်း ရှမ်းမြောက် ဒေသတခုသာ အကျုံးဝင်နေပြီး ရခိုင် နှင့် ချင်းပြည်နယ် တောင်ပိုင်းတွင် AA မှ ထိုးစစ်ကို အရှိန်မြှင့် တိုက်ခိုက်လာနေပြီ ဖြစ်သည်။

 

ပြီးခဲ့သည့် နိုဝင်ဘာ နောက်ဆုံး အပတ်အတွင်း ၎င်းမှ စစ်ကောင်စီ အတွင်း စည်းဝိုင်းတွင်းရှိ အဖွဲ့ဝင်တဦး နှင့် တွေ့ဆုံခဲ့စဉ် စစ်တပ်မှ ၁၀၂၇ ထိုးစစ်ကို မည်သို့မည်ပုံ တုန့်ပြန်မည်နည်းဟု မေးခွန်းထုတ်ခဲ့ရာ စစ်ကောင်စီ အဖွဲ့ဝင်က မင်းအောင်လှိုင် တွင် အခြား ရွေးချယ်စရာ လမ်းမရှိတော့၍ တန်ပြန် ထိုးစစ် အစား နိုင်ငံရေး အရ ‌ဆွေးနွေးဖို့ လုပ်နေသည်ဟု ပြန်ပြောသွားခဲ့သည်။

 

ဤသည်ကလည်း တရုတ်သည် ညီနောင် မဟာမိတ် အဖွဲ့နောက်တွင် ရှိနေ၍ ပြဿနာ မဖြစ်အောင် အထူး သတိထားနေရသည်ဟု စကစ အဖွဲ့ဝင်က ပြောသည်ဟု ဆိုသည်။

 

၁၀၂၇ စစ်ဆင်ရေး အား မည်သို့တုန့်ပြန်ကြမည် ဆိုသည် မဟာဗျူဟာ နှင့် ပတ်သက်၍ အဆင့်မြင့် စစ်ဖက် အရာရှိ ကြီး များ အစည်းအဝေးများ ကို ၎င်း တက်ခဲ့သော်လည်း မင်းအောင်လှိုင်ကမူ တခါမှ ပေါ်မလာခဲ့ဟု ပြောသည်။

 

"ကာကွယ်ရေး ဦးစီးချုပ် တယောက် အနေနဲ့ နိုင်ငံကို ငြိမ်းချမ်းသွားအောင် လုပ်ဖို့ အစီအစဉ်တွေ ရှိတယ် ဆိုရင်လည်း အမြန်ဆုံး လုပ်ဖို့ လုပ်တယ်၊ နို့မဟုတ်ရင် မြို့‌ တွေ အားလုံးကို သူပုန်တွေက သိမ်းသွားလိမ့်မယ်" ဟု ထို ဗိုလ်ချုပ်ကပင်‌ ပြောပြန်သည်။

 

သူတွင် မဟုတ် အခြား စစ်အရာရှိကြီးများကလည်း မင်းအောင်လှိုင် လုပ်နေပုံကို စိတ်မရှည်ကြတော့ဟု ဆိုသည်။

 

"လက်ရှိ အကျပ်အတည်းကို ဖြေရှင်းဖို့ ကျွန်တော်တို့ ကာချုပ်ကြီးကို အချိန်တခု ပေးထားတယ်၊ ဘာမှ ထူးခြား မလာဘူး ဆိုရင်တော့ နှစ်လ အတွင်း လူတိုင်း သတင်းဦး သတင်းထူးတွေ ကြားလာရလိမ့်မယ်၊ ကျွန်တော် တို့ ပြောတဲ့ အချိန်တခုဆိုတာ ဖေဖေါ်ဝါရီ လကုန်အထိပဲ၊ ဒါ လုံလောက်တဲ့ အချိန်ပဲ" 

 

ကြည်းတပ်မှ ဗိုလ်မှုး တဦး နှင့် လေတပ် ဗိုလ်ချုပ် နှစ်ဦးစလုံး မှ အကယ်၍ လားရှိုး ကျသွားခဲ့မည် ဆိုက မင်းအောင်လှိုင် အတွက် ပွဲပြီးသွားပြီ ဖြစ်သည်ဟု ပြောလာကြသည်။ ယခုအခါ လာရှိုးအား TNLA တပ်များက ဝိုင်းပိတ် ပိတ်ဆို့ထားပြီ ဖြစ်သည်။

 

(ညီနောင် သုံးဖေါ် မဟာမိတ် အဖွဲ့ မှ မိမိတို့သာ တရုတ် စေ့စပ်ပေးသော အပစ်အခတ် ရပ်စဲမှု ကို လိုက်နာစရာ မလိုက ယခုလောက်ဆိုလျှင် လားရှိုးနှင့် မူဆယ်ကို သိမ်းပြီး ဖြစ်မည်ဟု စနေနေ့က ထုတ်ဖေါ် ကြေငြာလိုက်သည်။ ထိုအတိုင်းဆိုက ညီ‌ နောင် သုဲး‌ ဖေါ်လည်း တရုတ်ကို မလှန်ရဲ၊ တရုတ်သည် လည်း မင်းအောင်လှိုင်၏ အသက်သခင် ကျေးဇူးရှင် ဖြစ်လာနေပြီ ဟု ယူဆရတော့မည် ဖြစ်သည်။ - မိမိ၏ စကားချပ်)

 

စစ်ကောင်စီ၏ ပြောခွင့်ရ ဇော်မင်းထွန်းသည်လည်း စစ်တပ်၏ အရေးနိမ့်နေမှုများကို ဖော့ပြောလိုက်၊ ခေတ်သစ်၊ ဗီအိုအေ၊ အာအက်ဖ်အေ တို့ အား ရန်တွေ့လိုက်နှင့် တိုင်ပတ်နေပြီ ဖြစ်သည်။

 

၎င်းတို့အဖို့က ငြိမ်နေ၍ မဖြစ်၊ ကောလဟလ များ နှင့် လူထုအကြား စိုးရိမ်မှူ များ ပြေပျောက်သွားအောင် ပြောမှ ဖြစ်မည်ဟု ယူဆထား၍ ဖြစ်ကြောင်း နိုင်ငံရေး လေ့လာသုံးသပ်သူ နှင့် စစ်အရာရှိဟောင်း တဦး ဖြစ်သူ ဒေါက်တာ အောင်မျိုးက သုံးသပ်ခဲ့သည်။

 

သို့သော် ၎င်းတို့၏ အပြောများကို လူထု ကြားတွင် တဖက်နားကဝင်၊ တဖက်နားက ထွက်ကုန်ကြပြီ ဖြစ်သည်။

 

အာဏာ သိမ်းပြီးချိန်ကစ၍ ဇော်မင်းထွန်းသည် ၎င်းတို့အား လိုလားသည် ဟု ယူဆရသူများကို စုဝေး၍ လစဉ် သတင်းစာ ရှင်းလင်းပွဲ လုပ်လေ့ ရှိသော်လည်း ၂၀၂၂ နိုဝင်ဘာလ အတွင်း ၎င်းတို့အား လိုလားသူဟု ယူဆထားသည့် သတင်းထောက် နှစ်ဦး မှ အထိအခိုက် မခံသည့် မေးခွန်းများ မေးလာ၍ နောက်ပိုင်းတွင် စစ်တပ် မီဒီယာများသို့သာ ကြေငြာချက် များ တိုက်ရိုက် ထုတ်ပြန် ပြောလာခဲ့သည်။ ထို့သို့ မေးသည့် သတင်းထောက် နှစ်ဦးသည်လည်း ဖမ်းဆီးချုပ်နှောင် ခံလိုက်ရသည်။

 

ဇော်မင်းထွန်း ပုံစံကြည့်ရသည်မှာလည်း တက်တက်ကြွကြွ ရွှင်ရွှင်ပျပျ လည်း မရှိ၍ ဖြစ်ပေါ်နေသော အခြေအနေများ အပေါ် စိတ်ဓါတ်ကျဆင်းလာနေပြီဟု လူထုက ထင်လာသည်ဟု ဘူးလက် လှဆွေက ဝေဖန်ခဲ့သည်။

 

ယူကျု မှ နေ၍ စစ်တပ်ဖက် နေ live လွှင့်ပြောနေကြသည့် ထင်ရှားသူများထဲမှ မောင်‌ မောင် သည် မင်းအောင်လှိုင် အား အရည်အချင်း မရှိ၍ နှုတ်ထွက်ပေးရန် ပြောင်ပြောင်တင်းတင်း ပြောဆိုလာပြီး ကြံ့ဖွတ် နှင့် ပတ်သက်နေသည့် ပြည်သူ့ မီဒီယာ အယ်ဒီတာ ဆိုသူ ကျော်စိုးဦးကလည်း သမိုင်းတွင် အရှက်ရခဲ့သည့် ကာလ ဟု ပြောဆိုသုံးနှန်းပြီး စစ်တပ်မှ လက်လွှတ်ပေးခဲ့ရသည့် မြို့အမည်များကို ရွတ်ဖတ်သွားခဲ့ပြန်သည်။

 

မီဒီယာများသာ မဟုတ် ပြင်ပရှိ စစ်တပ်အား လိုလား ထောက်ခံသူများ အကြားတွင်လည်း မင်းအောင်လှိုင်အား နှုတ်ထွက်ပေးရန် စုရုံး တောင်းဆိုလာကြပြီ ဖြစ်သည်။ ပေါက်ကိုယ်တော်မှ ပြင်ဦးလွင် လူထု ဆန္ဒပြပွဲတွင် မင်းအောင်လှိုင်သည် အရပ်ဖက် ရော စစ်ဖက်ပါ အုပ်ချုပ်ရတာ မပင်ပန်းဖူးလား၊ ကာချုပ် ရာထူးကို ဒုခေါင်းဆောင် စိုးဝင်းကို ပေးပြီး ဝန်ကြီးချုပ်ပဲ လုပ်ပါတော့လား ဟု ပြောသွားခဲ့သည်။ (၎င်းတို့ ထည့်မစဉ်းစားသည်က မင်းအောင်လှိူင်သည် စစ်တပ်ကို ချုပ်ကိုင်ထားမှု လက်လွှတ်လိုက်ရပြီ ဆိုသည်နှင့် သူ့အား ဒီအတိုင်း ကြည့်နေကြတော့မည် မဟုတ် ဆိုသည်ကို တွက်ဆထားပြီး ဖြစ်သည် ဆိုသော အချက်ပင် ဖြစ်သည်။ - မိမိ၏ စကားချပ်)

 

အငြိမ်းစား ဗိုလ်မှုးကြီးတဦးက အခြေအနေများ ယခုလို ထိန်းမနိုင်သိမ်းမနိုင် ဖြစ်လာမှု အပေါ် မင်းအောင်လှိုင်အား ပြစ်တင်ဝေဖန်လိုက်ပြီး စစ်တပ်သည် တနိုင်ငံလုံး အနှံ့ လိုက်တိုက်နေရပြီး တင့်ကားများ၊ လက်နက်ကြီးများ လည်း ‌ဆုံးရှုံးလာနေသည့် အပြင် စစ်သားများလည်း ထိတ်လန့်ဖွယ် ကောင်းလောက်သည့် နှုန်းဖြင့် ကျဆုံးနေပြီဟု ပြောလာခဲ့သည်။

 

မင်းအောင်လှိုင် နှင့် စိုးဝင်းတို့ နှစ်ဦးစလုံးသည် ၎င်းတို့အား ထောက်ခံနေကြသူ များ မည်မျှထိ စိတ်ပျက်လာနေကြသည်ကို သဘောပေါက်ချင်မှ ပေါက်ဦးမည် ဖြစ်ပြီး၊ အတွင်းလူများကလည်း သူတို့ ကြားချင်သည့် စကားများကိုသာ ရွေးပြောနေဆဲ ဖြစ်သည်ဟု အငြိမ်းစား ဗိုလ်မှုး တဦးက ဆိုသည်။ အတွင်းလူများ ‌ဆိုသည်ကလည်း ၎င်းတို့ ဆီက ရနိုင်သည့် စီးပွားရေး အခွင့်အလန်းနှင့် အကျိုး အမြတ်များကို မျှော်ကိုးနေကြသူများ  ဖြစ်သည်။

 

၎င်းတို့ နှစ်ယောက်စလုံးကို ရှင်းထုတ်နိုင်က ကောင်းမည် ဖြစ်သော်လည်း မည်သူကမျှ လုပ်လိမ့်မည် မဟုတ်ဟု ဆောင်းပါး တွင် ရေးသားထားသည်။

 

မင်းအောင်လှိုင် အား မလိုလား နေကြသူများသည် တိုင်းပြည် နှင့် လူထု မျက်နှာကို ထောက်ထားလို၍ မဟုတ်ပဲ ၎င်းတို့ အတွက် ဂုဏ်သိက္ခာ ပြန်ဆယ်နိုင်ရန် စစ်အနိုင် တိုက်ပေးမည့် ခေါင်းဆောင်ကို တောင့်တနေကြခြင်းသာ ဖြစ်မည်၊ သို့ဖြစ်၍ မိမိတို့ တော်လှန်ရေး ကြီး အောင်မြင်ရေး အတွက် မင်းအောင်လှိုင် ဆက်ရှိနေမှကို ဖြစ်ပေမည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!