ဗြိတိန် ၏ အီးယူ အလွန် ခရီးကြမ်း

by Hla Soewai - Feb 03 2020

ဇန်နဝါရီလ ၃၁ နေ့ ည ဂရင်းနစ် စံတော်ချိန် ၂၃၀၀ နာရီတွင် ဗြိတိန်သည် အီးယူ ခေါ် ဥရောပ နိုင်ငံပေါင်းချုပ် သမဂ္ဂကြီးမှ စတင် နှုတ်ထွက် လိုက်သည့် ပထမဆုံး နိုင်ငံ ဖြစ်လာခဲ့ရပေပြီ။

 

ထိုသို့ နှုတ်ထွက်ခွင့်ရရန် လူထု ဆန္ဒခံယူပွဲကြီး ဖြင့် အတည်ပြုပေးခဲ့ပြီးနောက် သုံးနှစ်ခွဲကာလအတွင်း ပြင်းထန်သော နိုင်ငံရေး လှိုင်းတံပိုးကြီး များ နှင့် အတူ အထွေထွေ ရွေးကောက်ပွဲ နှစ်ခု ကို ဖြတ်သန်းလာခဲ့ကြရပြီး ဗြိတိသျှ နိုင်ငံသား ၁၇.၄ သန်း ၏ ဆန္ဒ ပြည့်ဝသွားခဲ့ရပြီ ဖြစ်သည်။

 

သို့သော် ဇန်နဝါရီ ၃၁ နေ့သည်ကား ဗြိတိန်၏ ဘရက်စစ် ခရီးရှည် မော်ကွန်း စာအုပ်၏ ပထမ စာမျက်နှာကို လှန်လှောလိုက်ခြင်း ထက် မပိုသေးပေ။ နောက်ထပ် အခန်းများက ယခင်ကလို ဝရုန်းသုံးကား အဖြစ်များနှင့် ဆက်လက်ရင်ဆိုင် ကြရဦးမည်လည်း ဖြစ်သည်။

 

အသွင်ကူးပြောင်းရေး ကာလအား ၁၁ လ အဖြစ် သတ်မှတ်ထားသည်။ ထိုကာလအတွင်း ဗြိတိန် နှင့် အီးယူ အကြား ရှေ့လျောက် မည်သို့မည်ပုံ ဆက်ဆံသွားမည်ကို အသေးစိတ် ဆက်လက် ညှိနှိုင်း ဆွေးနွေးကြရမည် ဖြစ်သည်။

 

အင်္ဂလိပ် ရေလက်ကြား၏ ဟိုဖက် ဒီဖက်ခြမ်းတွင် သံသယ များဖြင့် ရောပြွမ်းလျက် ရှိနေသည်။ အားလုံးကလည်း ရှေ့လျောက် ၎င်းတို့၏ လူနေမှု ဘဝများအပေါ် မည်သို့ ရိုက်ခတ်လာနိုင်ပေမည်နည်း ဆိုသည်ကိုသာ တွေးတောလာခဲ့ကြသည်။

 

သို့သော် ဖေဖေါ်ဝါရီ ၁ ရက် နေ့ အာရုံတက်ချိန်တွင် ၎င်းတို့၏ လူနေမှု ဘဝများ သိသိသာသာ ပြောင်းလဲနိုင်ခြင်း မရှိသည်ကို တွေ့မြင်ခဲ့ကြရသည်။ ဗြိတိန်သည် နောက် ထပ် ၁၁ လ အတွင်း အီးယူ၏ ဥပဒေ များ အတိုင်း အတိအကျ ဆက်လက်လိုက်နာကြရဦးမည် ဖြစ်သောကြောင့်ပင်။ ဗြိတိသျှ လူမျိုးများနှင့် အီးယူ နိုင်ငံသားများသည် ယခင် အတိုင်း အပြောင်းအလဲမရှိ တနိုင်ငံ နှင့် တနိုင်ငံ လွတ်လပ်စွာ ဝင်ထွက်သွားလာခွင့် ရှိနေဆဲပင် ဖြစ်သည်။ လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ တစွန်းတစမျှ ပင် ပြောင်းလဲသွားခြင်းလည်း မရှိပေ။

 

ကွာရှင်းပြတ်စဲ စာချုပ် အပြီးသတ် သွားသည့်အချိန်ကျမှသာ အီးယူ နိုင်ငံများတွင် ရွှေ့ပြောင်းနေထိုင်လျက် ရှိကြသော ဗြိတိသျှ နိုင်ငံသားများ၏ နေထိုင်ခွင့် အဆုံးသတ်သွားမည် ဖြစ်သည်။

 

ဗြိတိန်တွင်ရှိ အီးယူ နိုင်ငံသားများသည် EU’s Settlement Scheme တွင် ပါဝင်နိုင်ရန် ယခုကတည်းက လျှောက်ထားခွင့် ရှိသည်။ သို့မဟုတ်ပါကလည်း အီးယူ ၏ သဘောတူညီချက် ဖြင့် ထွက်နိုင်ခဲ့လျှင် နောက်ဆုံးရက်ဖြစ်သည့် ၂၀၂၁ ဇွန်လ ၃၀ ရက်အထိ စောင့်နိုင်ပြန်သည်။ သဘောတူညီချက်မရပဲ ထွက်ဖြစ်မည် ဆိုက ၂၀၂၀ ဒီဇင်ဘာ ၃၁ နောက်ဆုံးထားပြီး လျှောက်ထားရမည် ဖြစ်သည်။

 

UK-EU ကုန်သွယ်ရေး သဘောတူညီချက် ရရန် ဖြစ်နိုင်ချေ အဆင့်သာရှိပြီး ကြိမ်းသေဟု မပြောနိုင်သေးပေ။

 

အီးယူသည် ဗြိတိန်၏ အကြီးဆုံး ကုန်သွယ်ဖက် ပတ်တနာ ဖြစ်နေသောကြောင့် ကုန်သွယ်ရေး သဘောတူညီချက်ရရန် ဗြိတိန်မှ မဖြစ်မနေ ကြိုးပမ်းဖို့ ရှိနေသည်။ သို့သော် ဗြိတိန်မှ ၎င်းတို့ဖာသာ ပြဌာန်းထားသော ၁၁ လ ဆိုသည့် အချိန်ကာလအတွင်း ပြီးပြည့်စုံသည့် သဘောတူညီချက် ထွက်လာဖို့ကား လွယ်ကူလှမည်တော့ မဟုတ်ပြန်ပေ။

 

သတင်းများအရ စေ့စပ်ဆွေးနွေးမှုများသည် မတ်လ ဆန်းမှသာ စတင်နိုင်ပေမည်ဟုသိရသည်။ နှစ်ဖက်စလုံးက ဆွေးနွေးရန် ရှိမည့် အချက်များကို အထူးသဖြင့် အီးယူ အဖွဲ့ဝင်နိုင်ငံများ အားလုံးကို အရင် ချပြရန် လိုအပ်နေသောကြောင့် ဖြစ်သည်။

 

ဗြိတိန် ဝန်ကြီးချုပ် ဂျွန်ဆင်ကမူ ကနေဒါ-အီးယူ သဘောတူညီချက် ပုံစံမျိုး ရချင်နေသည်။ အဆိုပါ သဘောတူညီချက်တွင် ကန့်သတ်ထားမှုများ သိသိသာသာ ရှိနေသော်လည်း ကုန်စည်များ အပေါ် စည်းကြပ်ခွန် ၉၈% ဖယ်ရှား ပေးထားခဲ့သည်။ ထိုသို့ သဘောတူညီချက်မျိုး ထွက်ပေါ်လာရန်ပင် ၇ နှစ်ခန့် အချိန်ယူ ဆွေးနွေးခဲ့ကြရသည်။

 

ဂျွန်ဆင်သည် အီးယူ၏ စည်းမျဉ်းများ နှင့် အညီ ပြုလုပ်သွားရေး ကို ပယ်ချခဲ့ပြီး ဖြစ်သည်။

 

အလုပ်သမား အခွင့်အရေး၊ အခွန်၊ ပတ်ဝန်းကျင် ထိန်းသိမ်းရေး စသည့် စည်းမျဉ်းများကို ဗြိတိန်မှ သဘောမတူလျှင် မျှတမှု ရှိမည် မဟုတ်ဟု အီးယူ က ခံယူထားခဲ့သည်။

 

အလုပ်သမား အခွင့်အရေး များကို ယခင် ဗြိတိန် ဝန်ကြီးချုပ်ဟောင်း ထရီစာ မေ မှ အကာအကွယ်ပေးရန် သဘောတူထားခဲ့သော်လည်း ဂျွန်ဆင်က လက်မခံပဲ ဆက်လက် တိုက်ပွဲဝင်သွားမည်ဟု စိတ်ပိုင်းဖြတ်ထားခဲ့သည်။

 

ကုန်သွယ်ရေး အရ အငြင်းပွားခဲ့လျှင် အီးယူ ဥပဒေ အရ ဥရောပ တရားရုံးချုပ်မှ ဖြေရှင်းမည်ကိုလည်း ဗြိတိန်က တောက်လျောက် ငြင်းဆိုထားခဲ့သည်။

 

ထို့သို့သော အရေးကိစ္စများတွင် ဗြိတိန်သည် သဘောတူညီချက် တစုံတရာ မရခဲ့လျှင် သတ်မှတ်ရက် ဖြစ်သည့် ဒီဇင်ဘာ ၃၁ ရက်နေ့တွင် ထွက်ခွာပေးရမည် ဖြစ်သည်။ ထို့အတွက် အီးယူ၏ ကုန်သွယ်ရေး အတားအဆီးများ၊ ခွဲတမ်းများ နှင့် စည်းကြပ်ခွန်များ ကို ရင်ဆိုင်လာရဖို့ ရှိနေသည်။

 

ထို့အတွက် ဗြိတိန်မှ ကုန်စည်နှင့် အချို့သော ဝန်ဆောင်မှု အပိုင်းတွင် မည်ကာမတ္တာ သဘောတူညီချက် bare-bone deal ကို ရရန်မဖြစ်မနေ ကြိုးပမ်းသွားရပေမည်။

 

သို့သော် ဂျွန်ဆင် သတ်မှတ်ထားသည့် ၁၁ လ ကာလအတွင်း မည်သို့မျှ ဖြစ်နိုင်ဖွယ် မရှိဟု ဗြိတိန်၏ ဘောဂဗေဒ ပါမောက္ခ အလန် ဝင်းတား က ပြောပြခဲ့သည်။ ဘောရစ် ဂျွန်ဆင်က မူ ၁၁ လ ထက် မည်သို့မျှ တိုးမပေးနိုင်ဟု အခိုင်အမာ ပြောလျှက် ရှိနေသည်။

 

ဗြိတိန် မှ မိမိတို့ ၏ နယ်ခြား လုံခြုံရေး ကို တိုးမြှင့်အောင် ဆောင်ရွက်နိုင်ရေးသည် အီးယူမှ ထွက်လိုသော အဓိက ရည်ရွယ်ချက်လည်း ဖြစ်သည်။ သို့သော် ကြားကာလ ၁၁ လအတွင်း ဗြိတိန်သည် ယခင်အတိုင်း လူများ ဗီဇာ မလို၊ နိုင်ငံကူး လက်မှတ် မလို လွတ်လပ်စွာ ရွှေ့ပြောင်းနိုင်ခွင့် ဆက်လက်ရှိနေမည် ဖြစ်သည်။ သို့သော် မရေရာ မသေချာ မှုများကြောင့် အီးယူ မှ ရောက်ရှိလာမှုများ ကျဆင်းလာဖွယ် ရှိနေသည်။

 

ဗြိတိန်မှ ထူးခြားသော အရည်အချင်း ရှိသူများ၊ ကျွမ်းကျင် လုပ်သား၊ ယာယီ လုပ်သား များ အစရှိသည် အဆင့် သုံးဆင့် အမှတ်ပေး စနစ် ဖြင့် ရွေးချယ် ခေါ်ယူသွားရန် ကြံရွယ်ထားသည်။

 

မိုင် ၃၀၀ ရှည်လျားသည့် အိုင်ယာလန် နှင့် ဗြိတိန် ပိုင် မြောက် အိုင်ယာလန် နယ်ခြားသည်လည်း ကြားကာလတွင် ယခင်အတိုင်း ကုန်စည်များ လွတ်လပ်စွာ ဆက်လက် စီးဆင်းနေဦးမည် ဖြစ်သည်။ အိုင်ယာလန် နှင့် နယ်ခြား ပြဿနာ များ ရှောင်ရှားနိုင်ရေး အတွက် မြောက်အိုင်ယာလန် ပဏာမ ညှိနှိုင်းချက် ဖြင့် ဆွေးနွေး ညှိနှိုင်းသွားရန် ရှိနေ၍ အခက်အခဲ မရှိတော့ဟု ယူဆ၍ ရသည်။ အဆိုပါ  ညှိနှိုင်းချက် သည် မြောက်အိုင်ယာလန်အား အီးယူ၏ ဈေးကွက် နှင့် အကောက်ခွန် သမဂ္ဂ အတွင်း ဆက်လက်ထားရှိရေး ဖြစ်သည်။

 

အဆိုပါ အစီအစဉ်တွင် အကောက်ခွန် စစ်ဆေးရန် ရှိသည့် နယ်ခြား  ဖြစ်လာစရာ မရှိသော်လည်း အိုင်ရစ်ချ် ပင်လယ်ပြင်တွင် စည်းမျဉ်းစည်းကမ်းအရ ထိမ်းချုပ်လာမည့် နယ်ခြားတခု ပေါ်ပေါက်လာဖွယ်ရှိသည်။

 

ထို့အတွက် ပင်လယ်ပြင်ကို ဖြတ်၍ ဝင်လာမည့် ကုန်များ အတွက် စာရွက်စာတမ်း အမြောက်အမြား ဖြည့်စရာ ရှိလာပြီး ကုန်ကျစရိတ် များလာ နိုင်သဖြင့် မြောက် အိုင်ယာလန် ရှိ လူထု အတွက် ဘဏ္ဍာရေး ဖက်တွင် ထိခိုက်လာနိုင်ပေသည်။

 

ယခင်က အကြမ်းဖက်မှု များ ပြင်းထန်စွာ ဖြစ်ပွားခဲ့သည့် မြောက်အိုင်ယာလန် အရေး ကို နှစ်ဖက်မှ သဘောထားကြီးကြီး ဖြင့် ကိုင်တွယ်ရန် လိုအပ်နေပေသည်။

 

အီးယူ ဖက်ကလည်း မိမိတို့ အသင်းကြီးသည် နိုင်ငံပေါင်း ၂၇ နိုင်ငံ ဖြင့် ဖွဲ့စည်းထားသောကြောင့် စည်းလုံးညီညွတ်စွာ ဖြင့် ဗြိတိန်ကို မိမိတို့ တောင်းဆိုချက်များ လိုက်လျောလာရန် ကြိုးစားသွားနိုင်လိမ့်မည်ဟု ယုံကြည်နေလျက် ရှိသည်။

 

အမေရိကန် နှင့် သီးခြား ကုန်သွယ်ရေး စာချုပ် ချုပ်ဆိုနိုင်ရေးသည်လည်း ဗြိတိန်မှ ဟွာဝေး တယ်လီကွန်းအား 5G ကွန်ယက်တွင် ပါဝင်ခွင့် ပြုခဲ့ခြင်းကြောင့် ရီပတ်ဘလီကင်တို့ ဆတ်ဆတ်ခါ ဖြစ်သွားခဲ့ကြသဖြင့် ရှေ့လျောက် အခက်အခဲ နှင့် ရင်ဆိုင်ရဖို့ ရှိနေပြန်သည်။

 

 

ကိုးကား၊  ၊ Al Jazeera News / The Economist