မင်းအောင်လှိုင် သက်တမ်းတိုး၊ လူထုက တုန့်ပြန်ရန် ပြင်ဆင်

by Hla Soewai - Feb 02 2024

အရှုံးများ နှင့် သာ ရင်ဆိုင်နေရသော စစ်ကောင်စီသည် နိုင်ငံရေး အရ အပြောင်းအလဲများ ပြုလုပ်နေပါသည်ဟု ကမ္ဘာ အား လှည့်စားရန် ကြံစည်လာနေပြီ ဖြစ်သည်ဟု နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင်မှ ဝါရှင်တန် ဒီစီ ရှိ မြန်မာ မိသားစုများ နှင့် တွေ့ဆုံရာတွင် သတိပေးသွားခဲ့ခြင်းသည်လည်း အစိုးရိမ် ကြီးလွန်းသည့် သဘော ဖြစ်သွားခဲ့သည်။

 

မင်းအောင်လှိုင်သည် အခြားလည်း ဘာမျှ တွေးတတ် ခေါ်တတ်၊ လုပ်တတ်ကိုင်တတ်သူ မဟုတ်သည့် အားလျှော်စွာ သူ သိထားသည့် လမ်းရိုးကြီး အတိုင်း သူ၏ သက်တမ်းကို နောက်ထပ် ၆ လ တိုးလိုက်ပြန်ပြီ ဖြစ်သည်။

 

အခြား မလုပ်တတ်၍ တော့ ဖြစ်ပုံမရ၊ လူမှန်လျှင် အကြံတော့ ရှိစမြဲ ပင်၊ သို့သော် ထိုသို့ လုပ်လိုက်မှ ပိုဆိုးသွားလေမည်လားဟူသော ကြောက်စိတ်ဖြင့် ဇွတ်တိုးလာခြင်း ဖြစ်သည်။

 

တိုင်းပြည်သို့ ထုတ်ပြန် ကြေငြာ ရာတွင် ၎င်းတို့အား ဆန့်ကျင်သူမှန်သမျှ မဖြစ်ဖြစ်သည့် နည်း ဖြင့် ချေမှုန်းသွားမည်၊ အကြမ်းဖက် သမားများအား ဆက်၍ တိုက်သွားမည်ဟု ကြွေးကြော်လာပြန်သည်၊ ဤသည်ကလည်း ၎င်းတို့ သိသည့် တခုတည်းသော အတတ်ပညာ ဖြစ်သည့် လက်နက်အားကိုး ဖြင့် ဓါးဓါးခြင်း လှံလှံခြင်း ဟု စိန်ခေါ်လိုက်ခြင်းပင် ဖြစ်သည်။

 

သို့သော် အောက်ခြေ အရာရှိ အရာခံ တပ်သားများ အဖို့တော့ စစ်မြေပြင်တွင် ၎င်းတို့ ရင်ဆိုင်နေရ‌သော အန္တရာယ်ကြီး ကို ပြေပျောက်လို ပြေပျောက်ညား အထက်လူကြီးများက တခုခု စီမံ လာကြလေမလား ဟူသော မျှော်လင့် ချက်များလည်း သဲထဲ ရေသွန် ဖြစ်သွားခဲ့ရာ ရှာပြီ ဖြစ်သည်။

 

မြန်မာ အရေး လေ့လာသူ ဒေးဗစ် မက်သီဆန် မှ ယင်းသည် ပြိုလဲ လာနေပြီ ဖြစ်သော အဖွဲ့ထံမှ လုံးဝ မျှော်လင့်ထားပြီးသော လုပ်ရပ်မျိုးသာ ဖြစ်သည်ဟု ဆိုသည်။

 

ယခုအခါတွင် လယ်တော တင်းကုပ်များတွင် ထင်းခွေ ရေခပ် နေရသူပင် ၎င်းနှင့် နေရာချင်းလဲဖို့ ကမ်းလှမ်းမည် ဆိုလျှင် ခါးခါးသီးသီး ငြင်းဆန်ကြပေရော့မည်။

 

ပြည်သူတို့ဖက်ကလည်း ၎င်းတို့ ၏ ဆန္ဒ တလုံးတပါဒမျှ မပါပဲ အတင်းအဓမ္မ ထပ်တလဲလဲ အုပ်ချုပ်လာနေသည့် စစ်အာဏာရှင်များ အားလည်း အလားတူ မဖြစ်ဖြစ်သည့် နည်းဖြင့် ချေမှုန်းသွားရန် သန္နိဋ္ဌာန် ချထားပြီး ဖြစ်သည်။

 

ယခုလည်း ၎င်းတို့၏ ဘဝများကို နင်းခြေ ဖျက်ဆီးခဲ့သည့် စစ်အာဏာသိမ်း အဖွဲ့အား မည်မျှထိ ရွံရှာ မုန်းတီးနေကြောင်း ကမ္ဘာသိ ပြသရန် ငါးကြိမ်မြောက် အသံတိတ် သပိတ်ကို လာမည့် ကြာသပတေးနေ့ မနက် ၁၀ နာရီ မှ ညနေ ၄ နာရီ အတွင်း ဆင်နွှဲရန် တပ်လှန့် နှိုးဆော်ထားပြီး ဖြစ်သည်။

 

တကယ်တမ်း တွင် စစ်တပ်သည် ထိုသို့သော အကြမ်းဖက် နည်းလမ်းများနှင့် ပြည်သူတရပ်လုံး မကြုံစဖူး ညီညွတ်သွားအောင် ကူညီ ပံ့ပိုးပေးခဲ့ခြင်းပင် ဖြစ်သည်။ 

 

အမျိုးသား ညီညွတ်ရေး အစိုးရမှ ရှေ့လုပ်ငန်းစဉ် များအတွက် တော်လှန်ရေး မဟာမိတ် အဖွဲ့ အချို့ နှင့် မျှော်မှန်းချက်၊ ဦးတည်ချက်၊ ရပ်တည်ချက် နှင့် လုပ်ငန်းစဉ် အဆင့်ဆင့်ဟူ၍ အပိုင်း ‌လေးပိုင်း ခွဲ၍ ထုတ်ပြန် ကြေငြာလာသည်ကို တွေ့ရသည်။

 

အသေးစိတ်ကို အောက်ပါ လင့်ခ် တွင် ဖတ်ရှူ နိုင်ပေသည်။

 

https://m.facebook.com/story.php?story_fbid=pfbid0t2Eg6bj5zeNo9icy2QbXd2RbKFcJYkwDr2ANkD17cma8uRRoVnRF9rrJ6q9RS7dUl&id=100068796986578&mibextid=Nif5oz

 

အဓိက အချက် အဖြစ် စစ်တပ်သည် နိုင်ငံရေး ဦးတည်ချက် ၆ ရပ်တွင် ပါဝင်သည့် စစ်အုပ်ချုပ်ရေး ကို အဆုံးသတ် မည်ဆိုလျှင် အေးချမ်း တည်ငြိမ်စွာ အာဏာလွှဲပြောင်းပေးရေး ကို လက်ခံ ဆွေးနွေးသွားမည်ဟု ပါရှိသည်။

 

နောက်ထပ် အရေးပါသော အချက် အဖြစ် အသွင်ကူးပြောင်းရေး ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရအား တော်လှန်ရေး တွင် ပါဝင်ခဲ့သည့် နိုင်ငံရေး အစုအဖွဲ့များနှင့် ပြန်လည် ဖွဲ့စည်းပြီး ပြည်နယ် ဖက်ဒရယ် ယူနစ် အစိုးရများ သတ်မှတ် ဖွဲ့စည်းပေးသွားမည်ဟု ပါရှိသည်။

 

သို့သော် ဆက်သွယ်ရန် ဟူ ၍ ချင်းအမျိုးသား တပ်ဦး (CNF)၊ ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP)၊ ကရင် အမျိုးသား အစည်းအရုံး (KNU) မှ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အမည်များကို ‌ဖေါ်ပြထား၍ လောလောဆယ် အဆိုပါ ကြေငြာချက်အား NUG နှင့် အတူ သ‌ဘောတူ ထားသည့် အဖွဲ့များဟု ယူဆရသည်။

 

ဆက်လက်၍ လည်း တော်လှန်ရေး မဟာမိတ် အင်အားစု များ နှင့် ပူးပေါင်း ညှိနှိုင်းသွားမည်ဟု ပါရှိသည်။

 

ယင်းသည် မြန်မာ ပြည်သူများ၏ ဆန္ဒကို ထင်ဟပ်ထားခြင်း ဖြစ်၍ နားအေးပါးအေး ပြီးရော ဆိုကာ ဝင်ရောက် ဖြန်ဖြေရန် ကြိုးစားလာမည့် အာဆီယံ အပါအဝင် နိုင်ငံတကာသို့ NUG မှ ၎င်း၏ ရပ်တည်ချက်အား ပြတ်ပြတ်သားသား အသိပေးလိုက်ခြင်း ဖြစ်ပြီး ဆွေး‌‌ ‌နွေး ရန် ငြင်းဆန်နေခြင်း မဟုတ်ဆိုသည်ကိုပါ အသိပေးခဲ့သည်။

 

မင်းအောင်လှိုင်သည် NUG မှ ကမ်းလှမ်းလာမှု အား လက်ခံလိုစိတ် ရှိပုံမရ ပဲ မည်သူမျှ အသိအမှတ် ပြုမည် မဟုတ်သော အယောင်ဆောင် ရွေးကောက်ပွဲ ဖြင့် နိုင်ငံရေး အာဏာကို ဆုပ်ကိုင်သွားမည်ဟု ရည်ရွယ်နေပုံရသည်။

 

လက်ရှိတွင် NUG လက်အောက်ရှိ ကောလင်းအား ပြန်လည် သိမ်းယူရန် စစ်ကောင်စီသည် တပ် အင်အား ၁၀၀၀ ခန့် ကန့်ဘလူ တွင် စုရုံးနေပြီ ဖြစ်သည်ဟု သတင်းများက ဆိုသည်။

 

ကောလင်းအား ထိုးစစ်ဆင်လာမည့် အရေးသည် နှစ်ဖက်စလုံး အတွက် လွန်စွာ အရေးပါနေသည်၊ ‌‌မင်းအောင်လှိုင်သည် စိတ်ဓါတ်ရေးရာ အပါအဝင် အဖက်ဖက်မှ ချွတ်ခြုံကျလာနေသည့် ၎င်း၏ တပ်များကို စိတ်ဓါတ် မြှင့်တင်ပေးနိုင်ရန် ရှိသမျှ အင်အားများကို ထုတ်နှုတ် အသုံးချကာ သွေးတိုးစမ်းလာခြင်း ဖြစ်သည်။

 

ယင်း ထိုးစစ်အား အပြတ်အသတ် ရိုက်ချိုး နိုင်ရေးသည် နှစ်ဖက်စလုံး အတွက် စိတ်ဓါတ်ရေးရာ အရ လွန်စွာ အရေးကြီးနေ၍ တော်လှန်ရေး မဟာမိတ် အဖွဲ့များလည်း ပူးပေါင်း ပါဝင်လာမည်ဟု မျှော်လင့်ရပေသည်။

 

ဂျီနီဗာ ရှိ ကုလ လူ့အခွင့် အရေး ကော်မရှင် အကြီးအကဲ ဗော်ကာ တပ်ခ် မှ မြန်မာ ပြည်သူများ သုံးနှစ်မျှ ဒုက္ခသုက္ခများ ခံစားခဲ့ရပြီး ဖြစ်၍ ၎င်းတို့အား ငဲ့ညှာသည့် အနေဖြင့် နိုင်ငံတကာ မှ ပို၍ အာရုံစိုက်ပြီး ဖြေရှင်းပေးပါရန် ကြေငြာချက် ထုတ်ပြီး ပန်ကြားခဲ့ပြန်သည်။

 

မင်းအောင်လှိုင်၏ အာဏာသိမ်းမှု ကြောင့် ယခု အချိန်အထိ လူပေါင်း ၄,၄၅၃ ဦး အသက်ဆုံးရှုံးခဲ့ရပြီး ၁၉,၉၇၇ ဦး အကျဉ်းချ ခံနေရဆဲ ဖြစ်သည်။

 

ထိုမျှထိ တိုင်းပြည်မျက်နှာကိုလည်း တစက်ကလေးမျှ ထောက်ထားညှာတာရကောင်းမှန်း မသိ မျက်နှာပြောင်တိုက်ကာ ခေါင်းမာ နေသည့် အဖွဲ့မျိုး ကမ္ဘာတွင် ရှိမည်ဟုပင် မထင်မိပေ။

 

ထိုသို့ ခေါင်းမာနေခြင်းသည် အစွမ်းအစ ရှိ၍ မဟုတ်၊ ပြည်ပ မှ စစ်ရေးအရ ဝင်ရောက် စွက်ဖက်လာလျှင်ပင် ၄၈ နာရီ ပင် ခံမည် မဟုတ်ပဲ ပြိုလဲသွားမည့် လူများ ဖြစ်သည်ကို အားလုံးက သိထားကြပြီး ဖြစ်သည်။ ၎င်းတို့ အဖို့ကလည်း မလုပ်လောက်ဟု သော အတွေးဖြင့် မိုက်ရူးရဲနေကြသည့် အဆင့်မျိုးသာ ဖြစ်သည်။

 

စစ်ဗိုလ်ချုပ်များသည် ထိုကဲ့သို့ ၎င်းတို့ အာဏာ တည်မြဲရေး နှင့် စည်းစိမ်ခံစားနိုင်ရေး ဆိုသည့် ကွက်ကွက် ကလေး လောက်ကိုသာ မိုက်မဲစွာ ကြည့်ရှုတတ်ကြသူများ ပီပီ နိုင်ငံတကာမှ စီးပွားရေး၊ သံတမန်ရေးအရ ပိတ်ဆို့ ဒဏ်ခတ်ခြင်း ဖိအားပေးခြင်းများ လျော့ပါးသွားစေရန် သက်သက်ဖြင့် တော့ မည်သည့်အခါမျှ အလျော့ပေးကြမည် မဟုတ်ပေ။ ထိုအတွက်ကြောင့်လည်း စစ်အာဏာရှင် အဆက်ဆက်သည် နိုင်ငံတကာ ဖိအားများကို အမှုမထားဟု ကျော်ကြားနေသူများ ဖြစ်သည်။

 

 ၎င်းတို့ အား အကြီးအကျယ် တုန်လှုပ်သွားစေမည့် လုပ်ရပ်တခုတော့ ကျန်‌နေပေသေးသည်။ ဤသည် မှာ နိုင်ငံတကာ မှ အမျိုးသား ညီညွတ်ရေး အစိုးရကို တရားဝင် အသိအမှတ်ပြု ဆက်ဆံ လာကြခြင်း မျိုးပင် ဖြစ်သည်။

 

 ထိုသို့ ပြုလုပ်ခြင်းသည် မနာလို ဝန်တိုစိတ် အားကြီးလှသော စစ်ဗိုလ်ချုပ်များကို စီးပွားရေး အရ အခါ တရာ ပိတ်ဆို့သည်ထက် ပို၍ ထိရောက်သော လက်နက်ကြီး ဖြစ်သည်ကို နိုင်ငံတကာ မှ သဘောပေါက်သင့်ပေသည်။

 

နိုင်ငံတကာ အနေဖြင့် ယခုအချိန်အထိ မယိမ်းမယိုင် နှင့် တိုးတက်မှုများ ဖေါ်ဆောင်လာနေသည့် NUG အစိုးရ အား ခေတ်သစ် မြန်မာကို ဦးဆောင်မှု ပေးနိုင်သည်အထိ အရေးပါလာသည့်အဖြစ်၊ လူထု၏ ထောက်ခံမှု အပြည့်အဝ ရရှိထားသည့် အဖြစ်၊ တို့ကို အသိအမှတ် ပြုရန် တုံ့နှေးနေကြဆဲ ဖြစ်သည်။ အဓိက ကတော့ အမေရိကန်ပင် ဖြစ်သည်။ အမေရိကန် သည် NUG အား တရားဝင် အသိအမှတ်ပြုပြီး ကမ္ဘာ ဒီမိုကရေစီ တိုးတက် ပြန့်ပွားရေး အတွက် မည်မျှ အလေးအနက် ရှိသည် ဆိုသော ခေါင်းဆောင်မှုကို အခိုင်အမာ ပြသ နိုင်မည် ဆိုက နိုင်ငံအများအပြားမှာ နောက်က လိုက်လာကြမည်သာ ဖြစ်သည်။

 

မိကျောင်းဘဝဖြင့် အယောင်ဆောင် နေခဲ့ရာမှ ဘဝမှန် ဖွတ် ဖြစ်နေကြောင်း ဗူးပေါ်သလို ပေါ်သွားခဲ့ရသူ သူတို့၏ မလွဲမသွေ ကြုံရမည့် နိဂုံးကြီးက မကြာခင် ဆိုက်‌ရောက်လာတော့မည် ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချ အောင်ရမည်!!!