NUG ၏ အထူး အသိပေးချက် ထွက်ရှိ

by Hla Soewai - Feb 02 2024

အမျိုးသား ညီညွတ်ရေး အစိုးရ ယာယီ သမ္မတကြီး ဒူဝါ လရှီးလ မှ ယနေ့ နံနက် မြန်မာ စံတော်ချိန် ၈ နာရီ တိတိတွင် နွေဦးတော်လှန်ရေး၏ အန္တိမ ရည်မှန်းချက် ပန်းတိုင် ဖြစ်သော စစ်အာဏာရှင် စနစ် ချုပ်ငြိမ်းရေး နှင့် ဖက်ဒရယ် ဒီမိုကရေစီ နိုင်ငံတော်သစ် တည်ဆောက်ရေး တို့ အတွက် အတူ လက်တွဲ၍ တိုက်ပွဲဝင်နေကြသော အဖွဲ့များ၏ ဘုံသဘောထား ရပ်တည်ချက်ကို ထုတ်ပြန်သွားမည် ဖြစ်ကြောင်း အထူး သတိပေး ချက် အဖြစ် ၎င်း၏ လူမှု စာမျက်နှာတွင် ဖေါ်ပြထားသည်။

 

ယင်းသည် စစ်အာဏာရှင် များ အစိုးရိမ်ဆုံး အိမ်မက်ဆိုး များထဲတွင် တခု အပါအဝင် ဖြစ်ပြီး ၎င်းတို့ အာဏာသိမ်း သုံးနှစ် မပြည့်မီ အချိန်ကိုက် ထုတ်ပြန်လိုက်ခြင်းလည်း ဖြစ်သည်။

 

အမျိုးသား ညီညွတ်ရေး အစိုးရ နိုင်ငံခြားရေး ဝန်ကြီး ဒေါ်ဇင်မာအောင် မှလည်း သူမ နှင့် အာဆီယံ အထူး သံတမန် လာအို ဝါရင့် သံတမန် တဦး ဖြစ်သူ အလောင်ကီယို ကစ်တီဟွန်း နှင့် တွေ့ဆုံဆွေးနွေးခဲ့သည်ဟု စထရိတ်တိုင်း သတင်းစာနှင့် အင်တာဗျုး တွင် ထုတ်ဖေါ်ပြောကြားသွားခဲ့သည်၊ ထို့အပြင် အာဆီယံ အဖွဲ့ဝင် ငါးနိုင်ငံ နှင့်လည်း နီးနီးကပ်ကပ် ဆက်သွယ် ဆောင်ရွက် နေပြီး ကျန် လေးနိုင်ငံကတော့ မသိကျိုးကျွန် ပြုထားဆဲဟု လည်း ဆိုသည်။

 

လောလောဆယ် တွင် လာအိုတွင် ပြုလုပ်သည့် လွမ် ပရာဘွမ် နိုင်ငံခြားရေး ဝန်ကြီး အဆင့် ‌ဆွေးနွေးပွဲတွင် ထိုင်း-မြန်မာ နယ်ခြားတွင် safe zone တည်ဆောက်ပြီး လူသားချင်း စာနာထောက်ထားသည့် အကူအညီများအား မြန်မာ ကြက်ခြေနီ အဖွဲ့ နှင့် လက်တွဲပြီး ပေးအပ်သွားနိုင်ရေး ဆိုသည့် ထိုင်း၏ အဆိုကို အာဆီယံ အဖွဲ့ဝင် နိုင်ငံများက ထောက်ခံခဲ့ကြခြင်းဖြင့် အာဆီယံသည် စတင် လှုပ်လာပြီ ဖြစ်သည်။

 

သို့သော် ယခုထိ NUG အား တရားဝင် ဆက်သွယ်လာခြင်း မရှိသေးဟု ‌ဒေါ်ဇင်မာအောင်က ထောက်ပြသွားခဲ့သည်။

 

စစ်ကောင်စီ သည် ထိုကိစ္စ အား သဘောတူလာခြင်း နှင့် နိုင်ငံရေး နှင့် မသက်ဆိုင်သော အရာရှိ အား စေလွှတ်လာခြင်း များကြောင့် မင်းအောင်လှိုင်၏ အာဏာ ဆုပ်ကိုင်ထားမှု အားပျော့လာပြီလားဟု ယူဆစရာ ဖြစ်လာသည်။

 

အာဏာသိမ်း ခဲ့သည် မှာ သုံးနှစ် ပြည့်ရန် နီးကပ်လာနေချိန်တွင် နိုင်ငံတကာ မီဒီယာ များ တွင် မြန်မာ၏ အခြေအနေ မည်မျှထိ ဆိုးဝါးလာနေပုံကို ရေးသား ထားသည့် ဆောင်းပါးများ နှင့် ပြည့်နှက်လာနေသည်။ မင်းအောင်လှိုင် နှင့် စစ် ခေါင်းဆောင် များ အလွဲလွဲ အချော်ချော် ဆုံးဖြတ်မိ၍ တိုင်းပြည် နစ်မွန်းသွားခဲ့ရသည်များကို ရေးသားခဲ့ကြသည်။

 

များသော အားဖြင့် ဖြစ်ခဲ့ပြီးသမျှ ကို နိုင်ငံတကာရှိ စာဖတ်သူများအား ရည်ရွယ်ရေးသားထားခြင်း ဖြစ်၍ ပြည်သူ အများစု အဖို့ သိပြီးသားများ ဖြစ်သည်။ ဆောင်းပါး အားလုံးတွင်တော့ အာဏာသိမ်း အဖွဲ့သည် ရုတ်ခြည်းလက်ငင်း ပြုတ်ကျသွားစရာ အကြောင်းမရှိဟု သုံးသပ်ထားကြသည်။ သို့သော် မည်သို့မည်ပုံ ဖြစ်လာမည် ဆိုသည်ကား မည်သူမျှ တပ်အပ်သေချာ ပြော၍ မရသည့် အနေအထားမျိုး ဖြစ်သည်။ 

 

ထိုအထဲတွင် ‌အသေချာဆုံးက စစ်ကောင်စီသည် နိုင်ငံအား အနည်းဆုံး ၎င်းတို့အာဏာ မသိမ်းမီ အနေအထား ပြန် ဖြစ်အောင် မည်သို့မျှ လုပ်နိုင်စွမ်း မရှိတော့ခြင်းပင် ဖြစ်သည်။

 

ဗြိတိန် နိုင်ငံထုတ် The Conservative စာစောင် အတွက် မြန်မာနိုင်ငံ အကြောင်း ကျွမ်းကျင် သူများဟု ပြော၍ ရသည့် ဩ‌စတေးလျှ တောင်ပိုင်း တက္ကသိုလ် မှ အဒမ် ဆင်ဆန် နှင့် တက်စ်မေးနီယား တက္ကသိုလ် မှ နီကိုလပ်စ် ဖာရယ်လီ တို့၏ ၂၀၂၄ တွင် ဘာတွေ ဖြစ်လာ နိုင်သည်လည်း အပေါ် သုံးသပ်ထားသည်များကို ကောက်နှုတ်တင်ပြသွားမည် ဖြစ်သည်။

 

ယခုနှစ် အတွက် အရေးတကြီး ထွက်‌ ပေါ်လာမည့် မေးခွန်းသည်ကား အာဆီယံမှ မြန်မာ၏ ဒီမိုကရေစီ အင်အားစုများ အား အပြည့်အဝ ထောက်ခံမှု ပေးလာမည်လား ဆိုသည့် အရေးပင် ဖြစ်သည်။

 

ယခု အချိန်ထိ အာဆီယံသည် မြန်မာအရေး အပေါ် သတိကြီးစွာ ထား၍ ချည်းကပ် ကိုင်တွယ်နေဆဲပင် ဖြစ်သည်။ သို့‌သော် အာဏာသိမ်း အဖွဲ့ကို ဒီအတိုင်း ဆက်ကြည့်‌ နေမည် ဆိုကာ တိုင်းပြည် အား ပြန်လည် တည်ဆောက်ရန် အချိန် ကြန့်ကြာနေသည်သာ အဖတ်တင်ပြီး တဖက်တွင် ဒေသတွင်း တည်ငြိမ်ရေး ကိုလည်း တိုး၍ ထိခိုက်လာတော့မည်သာ ဖြစ်သည်။

 

အဖွဲ့ဝင် နိုင်ငံများသည် တရုတ်၊ အမေရိကန် နှစ်နိုင်ငံစလုံး နှင့် မဟာဗျူဟာ မြောက် ဆက်ဆံရေး တွင် ချိန်ခွင်လျှာ အစွန်း မထွက်အောင် ထိမ်းသိမ်းထားလိုစိတ် များနေ၍ ပေါင်းစည်း လှုပ်ရှားရမည့် အပိုင်းတွင် အခက်အခဲများ နှင့် ရင်ဆိုင်နေရသည်။

 

အင်ဒိုနီးရှား ရွေးကောက်ပွဲ အချိန်နီးကပ်လာနေခြင်း၊ ထိုင်း တွင် အစိုးရ သစ် ထွက်ပေါ်လာခြင်း၊ စင်္ကာပူ၊ မလေးရှား၊ ဖီလစ်ပိုင် တို့မှ မြန်မာ နိုင်ငံတွင်း အခြေအနေများ အပေါ် စိတ်မရှည် ဖြစ်လာနေခြင်း အစရှိသည့် အနေအထားများ တွေ့လာရပြီးစစ်မျက်နှာများတွင် တော်လှန်ရေး အဖွဲ့များ အောင်ပွဲ ခံနိုင်သည့် အခွင့်အလန်းများ ထွက်ပေါ်လာခြင်း တို့ကြောင့် အာဆီယံသည် သံတမန် ရေး တွင် လက်ဦးမှု ယူ ဆောင်ရွက်လာမည့် အခြေအနေများ ဖြစ်ပေါ်လာနိုင်ပေသည်။

 

စစ်မြေပြင်တွင် ဒရုန်းများ အရေးပါလာခြင်း နှင့် အခြား စစ်မြေပြင် နည်းပညာများ တိုးတက်လာနေမှု များကြောင့် တော်လှန်ရေး အဖွဲ့များအား အကုန်အကျ သက်သက်သာသာ ဖြင့် ပံ့ပိုးပေးနိုင် သဖြင့် အနောက်တိုင်း အစိုးရများ၏ သဘောထားများ ပြောင်းလဲလာဖွယ် ရှိနေပြန်သည်။ လက်ရှိတွင် ယူကရိန်းစစ်ပွဲ ကဲ့သို့ပင် မြန်မာအား ငွေကြေး ထောက်ပံ့ပေးရန် အရေးသည် ကွန်ဂရက်တွင် လိပ်ခဲတည်းလည်း ဖြစ်နေမှုကြောင့် နှောင့်နှေးနေရသည်။

 

စစ်ဗိုလ်ချုပ်များသည်လည်း ရိုဟင်ဂျာ များအား လူမျိုးတုန်း သတ်ဖြတ်မှု ဖြင့် နိုင်ငံတကာ တရားရုံးတွင် ရင်ဆိုင်နေရပြီး ၎င်းတို့အား အရေးယူရေး အပေါ် နိုဝင်ဘာလ အတွင်း နိုင်ငံတကာ၏ ထောက်ခံမှု ရရှိလာခဲ့၍ ဖိအားများ တိုးလာခဲ့ရသည်။

 

စစ်ခေါင်းဆောင်များသည် စစ်တပ် အတွင်း အက်ကြောင်းများ ထလာ‌ပါက နောက်ဆုံးတွင် အပေးအယူ လုပ်ပြီး နိုင်ငံရေးအရ ထွက်ပေါက် ရှာလာနိုင်သည်။ သို့သော် အမျိုးသား ညီညွတ်ရေး အစိုးရ နှင့် တိုင်းရင်းသား လက်နက်ကိုင် မဟာမိတ်များက ၎င်းတို့ နိုင်ငံရေး တွင် ဆက်လက် ပါဝင်မည့် အရေးကို ခွင့်ပြု နိုင်မည်လား ဆိုသည်က ရှင်းရှင်းလင်းလင်း မသိရသေးဟု ရေးသားထားသည်။

 

သုံးနှစ် အတွင်း အိမ်အလုံးရေ ၈၀,၀၀၀ ခန့် နှင့် အများပိုင် အဆောက်အအုံများကို တိုက်လေယာဉ်များ လက်နက်ကြီးများ ဖြင့် အထက်စီးမှ ပြာပုံဘဝ ရောက်အောင် ဖျက်ဆီးခဲ့သည့် စစ်တပ်သည် ယခုအခါ ပြိုလဲစ ပြုလာနေပြီဟု နစ်ကီအေးရှားတွင် ရေးသားထားသည်။ 

 

လာမည့် ကြာသပတေးနေ့တွင် အရေးပေါ် သက်တမ်းကို သေချာပေါက် ထပ်တိုးမည် ဖြစ်ပြီး နောက်ပိုင်းတွင် အနှေး နှင့် အမြန် ဆိုသလို အရပ်သား ပုံစံ ပေါက်အောင် နာမည်ထပ်ပြောင်းပြီး မင်းအောင်လှိုင် ဝန်ကြီးချုပ် ဖြစ်လာနိုင်သည်ဟုလည်း ခန့်မှန်းထားသည်။

 

မြန်မာ့အရေး လေ့လာသူ ဒေးဗစ် မက်သီဆန် မှလည်း လက်ရှိ အရှိန်အဟုန်ကို ဆက်ထိမ်းထားနိုင်မည် ဆိုက စစ်တပ် ကို ပြိုလဲသွားအောင် လုပ်နိုင်စွမ်း ရှိသည်ဟု ဗီအိုအေ ကို ပြောခဲ့သည်။ အများက ၁၀၂၇ နောက်ပိုင်းတွင် စစ်တပ်သည် သုံးလမှ ခြောက်လ အတွင်း ကျဆုံးသွားနိုင်သည်ဟု ပြောနေကြသော်လည်း တပ်အပ်သေချာ ‌ပြောဖို့က ခက်ခဲသည်ဟု လည်း ဆိုသည်။

 

တရုတ်၊ အိန္ဒိယ အပါအဝင် အိမ်နီးချင်း နိုင်ငံများသည် နိုင်ငံတွင်း လျှင်မြန်စွာ ဖြစ်ပေါ်နေသော အရွေ့များ ကြောင့် ၎င်းတို့၏ ရပ်တည်ချက်ကို စဉ်းစားရဖို့ ဖြစ်လာနေသည်ဟု စထရိတ်တိုင်းတွင် ရေးသားထားသည်။

 

နောက်ဆုံး ဘီဘီစီ သတင်းအရ တရုတ်ဖက်မှ ဖမ်းဝရမ်း ထုတ်ထားသော ကိုးကန့် လုပ်ငန်းရှင် ဆယ်ဦး ထဲမှ ပယ်ဆောက်ချိန်၊ သားဖြစ်သူ ပယ်ရင်ချန်း အပါအဝင် ၆ ဦးအား တရုတ်ဖက်သို့ လွှဲပြောင်းပေးလိုက်ရ၍ ‌နေပြည်တော်မှ လေယာဉ် ဖြင့် လာရောက် ခေါ်ဆောင်သွားပြီ ဖြစ်သည်၊ ၎င်းတို့ လက်ဝယ်တွင် ရှိနေမှန်း မည်သို့မျှ ဖုံးဖိထား၍ မရတော့သဖြင့် လွှဲပေးလိုက်ရခြင်းလည်း ဖြစ်သည်။

 

ပြည်သူတို့၏ ခုခံတွန်းလှန်စစ် မုချအောင်ရမည်!!!