ပုဇင်း အကင်ခံရမှု အတည်ပြု နိုင်ပြီ

by Hla Soewai - Feb 02 2024

စစ်ကောင်စီ ၏ အမှတ် (၄၄) ခြေမြန် တပ်မဌာနချုပ် တပ်မမှုး လိုက်ပါလာသော ရဟတ်ယာဉ် သည် မြဝတီ အနီး သင်္ကန်းညီနောင် တွင် ကရင် တော်လှန်ရေး တပ်ဖွဲ့များ၏ ပစ်ချခြင်း ခံလိုက်ရသည် ဆိုသော သတင်းသည် လူမှု ကွန်ယက်များ တွင် ပျံ့နှံ့လာနေသည်။ 

 

ယခုအခါ ပြည်ပ သတင်းဌာန AFP တွင် ပါရှိလာသလို ဧရာဝတီ မှလည်း သတင်း ဓါတ်ပုံ ဖြင့် အတိအကျ ဖေါ်ပြ နိုင်ခဲ့ပြီ ဖြစ်၍ သေချာသွားပြီ ဖြစ်သည်။ ယခုလ အတွင်း စစ်ဖက်မှ လေယာဉ် သုံးစီး ဆုံးရှုံးသွားခဲ့ရပြီ ဖြစ်သည်။

 

သင်္ကန်းညီနောင်တွင် အခြေစိုက်ထားသော ခမရ ၃၅၅ သို့ ကွပ်ကဲရန် ပူပူနွေးနွေး ခန့်အပ်ခံရသည့် ၄၄ တပ်မ ၏ တပ်မမှုး ဗိုလ်မှုးချုပ် အေးမင်းနောင် လိုက်ပါလာသည့် အင်ဂျင် နှစ်လုံးတပ် ယူရိုကော်ပတာ 365 အမျိုးအစား ရဟတ်ယာဉ် အား ကော်ဘရာ စစ်ကြောင်း မှ တော်လှန်ရေး တပ်ဖွဲ့ဝင်များက သတင်းအရ အသင့်စောင့်ဆိုင်းပြီး စနိုက်ပါများ၊ စက်သေနတ်များ၊ လက်နက်ငယ်များ နှင့် ပစ်ချ ခဲ့ခြင်း ကြောင့် ရာဘာတောကြီးထဲ ထိုးကျသွားခြင်း ဖြစ်သည်၊ တွေ့ရသည့် ပုံအရ မီးလောင်ပျက်စီး သွား ခြင်း မရှိသော်လည်း စုတ်ပြတ်သွားသည်ကို တွေ့မြင်ရသည်။

 

ကရင် နယ်ခြားစောင့် တပ်ဖွဲ့များ မှ စစ်တပ် နှင့် မပူးပေါင်း ဟု ဆိုကာ ခွဲထွက်သွားမှု ကြောင့် ၄၄ တပ်မမှုး ဗိုလ်မှူးချူပ် ဝင်းနောင်စိုး အား ပြန်လည် ခေါ်ယူပြီး ထိုင်း စစ်သံအမတ် ခန့်အပ်လိုက်ခြင်းကြောင့် လစ်လပ်သွားသော နေရာ တွင် အေးမင်းနောင် နှင့် အစားထိုး ခဲ့ခြင်း ဖြစ်သည်။

 

အေးမင်းနောင်သည် ရရှိသော ဒဏ်ရာများ နှင့် သေဆုံးသွားပြီ ဖြစ်သည်ဟု အမည် မဖေါ်လိုသော စစ်ဖက် သတင်းရပ်ကွက်တခုမှ AFP သို့ အတည်ပြု ပြောကြားခဲ့သည်။ ယင်းနှင့် အတူ ၎င်း၏ ပီအက်စ်အို၊ ရဟတ်ယာဉ် မောင်း နှစ်ဦး ပါ သေဆုံးခဲ့ပြီး အခြား အဆင့် ဝန်ထမ်း နှစ်ဦး ဒဏ်ရာများ ရရှိသွားသည်ဟု ဆိုသည်။

 

BGF တပ်များသည်လည်း ၎င်းတို့ အား စစ်တပ်မှ အကာအကွယ် ပေးနိုင်တော့မည် မဟုတ်ဟု ယုံကြည်သည့် အလျှောက် ခွဲထွက်သွားခြင်း ဖြစ်ပြီး ဒေသတွင်း နယ်မြေကျွမ်းကျင်မှုလည်း မရှိ၊ လူထု ထောက်ခံမှု တွင်လည်း သုံည၊ နယ်မြေ ထောက်လှမ်းရေး သတင်းများလည်း မရနိုင်တော့သော စစ်တပ်အတွက် လက်မောင်း တဖက် ပြုတ်သွားသလို ဖြစ်ခဲ့ရသည်။ ယခုအခါ ထောက်လှမ်းရေး သတင်းများ မရတော့သည်သာမက ၎င်းတို့ဖက်ကပင် ပြန် ပေါက်ကြားလာနေပြီ ဖြစ်သည်။

 

လေ့လာသူများကမူ ကရင် တော်လှန်ရေး မဟာမိတ် တပ်ဖွဲ့များသည် ယခုအခါ ကော့ကရိတ် သိမ်းယူ နိုင်ရန် တာစူ နေပြီး ကော့ကရိတ် ကျသွားပါက ကာဆီနိုများ ရှိရာ နှင့် သေနတ်တကမ်း အကွာတွင် ရှိမည့် မြဝတီ သို့ ရောက်ရှိလာတော့မည် ဖြစ်၍ စစ်တပ်နှင့် ဆက်၍ လက်တွဲနေပါက ၎င်းတို့ အတွက် အန္တရာယ် ရှိလာနိုင်၍ ဖြစ်သည်ဟု Frontier Myanmar တွင် ရေးသားထားသည်။ ထို့ပြင် ၎င်း၏ တပ်ဖွဲ့ဝင်များ နှင့် ထိန်းချုပ်ထားသည့် ဒေသများ မှ ပြည်သူများကလည်း ၎င်းတို့၏ အုပ်ချုပ်ပိုင်ခွင့် ရှိမှု အပေါ် မေးခွန်းများ ထုတ်လာကြပြီ ဖြစ်သည်။

 

ထိုသို့ အခြေအနေများ ဆိုးဝါးလာနေ၍ စစ်ကောင်စီ မှ အာဆီယံ ၏ ဖိအား များကို စတင် အလျော့ပေးစ ပြုလာသည့် လက္ခဏ အဖြစ် နိုင်ငံရေး အရ ခန့်အပ်ထားခြင်း မဟုတ်သော နိုင်ငံခြားရေး ဝန်ကြီးဌာန မှ အတွင်းဝန် ဒေါ် မာလာ သန်းထိုက် ဆိုသူအား အာဆီယံ နိုင်ငံခြားရေး ဝန်ကြီး များ အလွတ်သဘော အပန်းဖြေ တွေ့ဆုံကြမည့် လာအိုရှိ ကမ္ဘာ အမွေအနှစ် အဖြစ် သတ်မှတ်ခံထားရသည့် လွမ် ပရာဘမ် သို့ ပထမဆုံး အကြိမ် အဖြစ် စေလွှတ်လာခဲ့သည်။

 

အာဆီယံသည် ၎င်းတို့ အစည်းအဝေးများသို့ မြန်မာ မှ နိုင်ငံခြားရေး ဝန်ကြီး အဆင့် ရှိသူ ကို အကပ်မခံခဲ့သော်လည်း ဗျူရိုကရက်များ ကိုမူ စေလွှတ်ခွင့် ရှိသည်ဟု အရင်ကတည်း က ခွင့်ပြုထားခဲ့သည်။ သို့သော် မင်းအောင်လှိုင်က ငြင်းဆိုခဲ့သည်ချည်းသာ ဖြစ်ပြီး ယခုမှ ပထမဆုံးအကြိမ် စေလွှတ်ခဲ့ခြင်း ဖြစ်သည်။ အင်ဒိုနီရှား နိုင်ငံခြားရေး ဝန်ကြီး ရက်နို မာဆူဒီမှ ရိုက်တာ သတင်းဌာနသို့ ပေးပို့သော မက်ဆေ့ချ်တွင် ထိုသို့ စေလွှတ်လိုက်ခြင်း ကြောင့် အာဆီယံ၏ မူဝါဒ အပြောင်းအလဲ ရှိမည် မဟုတ်ဟု ဆိုသည်။

 

နောက်ထပ် လိုက်လျောမှု ပြသသည့် အနေဖြင့် အာဆီယံ လူသားချင်း စာနာထောက်ထားမှု အကူအညီ ပေးရေး ပူးတွဲ ညှိနှိုင်းရေး စင်တာ ASEAN Coordinating Centre for Humanitarian Assistance (AHA) ၏ ထိုင်း နယ်ခြားမှ တဆင့် ဆေးဝါး၊ အစားအသောက် များ ပေးပို့မည့် အစီအစဉ်ကို စစ်ကောင်စီမှ သဘောတူ လိုက်ပြီ ဖြစ်သည်ဟု သိရသည်။ အာဆီယံ ကမူ ယခင် အချက် ငါးချက် ကိုသာ မဆုပ်မနစ် ဆွဲကိုင်သွားမည် ဖြစ်သည်ဟု ဆိုသည်။ 

 

မာလာ သန်းထိုက်သည် သတင်းထောက်များ၏ အမေးကို ဖြေကြားရန် ငြင်းဆိုခဲ့သည်ဟု သိရသည်။

 

တော်လှန်‌ရေး သတင်းများ အဖြစ် ရက္ခိုင့် တပ်မတော် မှ မင်းပြားရှိ ခမရ ၃၈၀ တပ်ရင်း ဌာနချုပ် ကို သိမ်းပိုက် နိုင်ခဲ့ပြီ ဖြစ်သည်။ ထို့ပြင် ပေါက်တော မြို့အားလည်း စစ်ကောင်စီ မှ လက်လွှတ်ခဲ့ရပြီး စစ်တွေ နေ လူထု သည် လေကြောင်း အပါအဝင် နည်းလမ်း ပေါင်းစုံဖြင့် မြို့မှ စွန့်ခွာ ထွက်ပြေးနေကြသည်ဟုလည်း သိရသည်။

 

ပြည်သူတို့၏ ခုခံ တွန်းလှန်စစ် မုချအောင်ရမည်!!!