အမေရိကန် တွင် နိုက်ထရိုဂျင် ဖြင့် သေဒဏ် စီရင်မှု အငြင်းပွားဖွယ် ဖြစ်လာ

by Hla Soewai - Feb 02 2024

ဇန်နဝါရီ ၂၅ ရက်နေ့တွင် ကင်းနက် ယူဂျင်း စမစ်သည် အောက်စီဂျင် ဖြတ်တောက်ပြီး နိုက်ထရိုဂျင် ထိုးသွင်းပြီး ပထမဆုံး သေဒဏ် စီရင်ခံရသူ ဖြစ်လာခဲ့သည်။

 

‌၎င်းသည် ၁၉၈၉ တွင် အယ်လာဘာမား ပြည်နယ် တွင် သင်းအုပ် ဆရာတဦး၏ ဇနီး အယ်လိဇဘက် ဆင်းနက် အား ခင်ပွန်းဖြစ်သူ၏ ခိုင်းစေချက်ဖြင့် သတ်ဖြတ်ခဲ့ခြင်းကြောင့် သေဒဏ် စီရင်ခံခဲ့ရသူ ဖြစ်သည်။ ပြည်နယ် အစိုးရ မှ၂၀၂၂ နှစ် အတွင်း ဆေးထိုးသွင်းပြီး သေဒဏ်စီရင်ရန် စီစဉ်ခဲ့သော်လည်း လုပ်ရန် ရှိသည့် အစီအစဉ် များ အဆင်မပြေ၍ ဖျက်သိမ်းခဲ့သည်။

 

ထို့နောက်တွင်တော့ စမစ်အား စမ်းသပ်တီထွင်လာသည့် အထက် ဖေါ်ပြပါ နည်းလမ်းသုံး၍ ကွပ်မျက်ခဲ့ကြခြင်း ဖြစ်သည်။ နိုက်ထရိုဂျင်သည် ခံစားရသူ အတွက် နာကျင်မှု မရှိပဲ ချက်ခြင်းလို သေစေနိုင်သည်ဟု အယ်လာဘာမား ပြည်နယ် အစိုးရက ပြောနေ‌သော်လည်း ဆေးပညာရှင်များက ထိုအပြောကို သဘောမတူကြသဖြင့် လူထု အကြား ဒေါသထွက် တုန်လှုပ်သွားခဲ့သည်။ အချို့က ညှင်းပန်းနှိပ်စက်ပြီး သတ်ဖြတ်ခြင်း နှင့် အတူတူပင် ဖြစ်သည်ဟု ဆိုသည်။

 

အမေရိကန် တွင် ၂၀၁၉ မှ ၂၀၂၃ အတွင်း ကွပ်မျက်ခဲ့မှု စုစုပေါင်း ၉၂ ကြိမ် တွင် ၈၉ ကြိမ်သည် ဆေးထိုးသွင်း စီရင်ခဲ့ခြင်း ဖြစ်သည်။ ကျန် သုံးကြိမ်ကိုမူ လျှပ်စစ် ကုလားထိုင်ကို သုံးခဲ့ကြသည်။ အသုံးပြုသည့် ဆေးထဲတွင် မေ့ဆေး၊ ခန္ဓာကိုယ် တွင်းရှိ အကြောများ ဆိုင်း သွားစေသည့်ဆေး နှင့် နှလုံးခုန်မှု ရပ်တန်သွားစေသည့် ဓါတုဆေးများ ရောစပ်ထည့်သွင်းထားသည်။

 

မကြာသေးမီ နှစ်များ အတွင်းက ဆေးကုမ္ပဏီများသည် သေဒဏ်စီရင်နေမှု နှင့် မပတ်သက်လိုတော့ သဖြင့် အဆိုပါ ဆေးများ အစိုးရသို့ ရောင်းချနေမှု ကို ရပ်ဆိုင်းပစ်ခဲ့ကြသည်။ ဥရောပရှိ အီးယူ အဖွဲ့ကြီးမှ လည်း ပြည်ပသို့ တင်ပိုမှုများ ပိတ်ပင်လာခဲ့သည်။

 

ထိုသို့ အခက်အခဲများ ရှိလာနေသည့် အတွက် အမေရိကန် ပြည်နယ် အချို့သည် အခြားနည်းလမ်းများကို ရှာဖွေလာကြသည်။ ပြည်နယ် ငါး ခုသည် သေနတ်ကိုင် တပ်စုဖြင့် ပစ်သတ် စီရင်ခြင်းကို အတည်ပြုပေးခဲ့သည်။ ယင်းအား ၂၀၁၀ တွင် ယူတား ပြည်နယ်မှ နောက်ဆုံး အသုံးပြုထားခဲ့သည်။

 

သို့သော် အယ်လာဘာမား၊ မစ္စစ္စပီ နှင့် အိုကလာဟိုးမား တို့ မှ နိုက်ထရိုဂျင် နည်းကို အတည်ပြုပေးခဲ့သည်။

 

နိုက်ထရိုဂျင်သည် လေထုထဲတွင် ၇၈ ရာနှုန်း ပါဝင်နေသည်။ သို့သော် အောက်စီဂျင် နှင့် ပေါင်းစပ်နေမှသာ ရှုသွင်းရန် အတွက် စိတ်ချရသည်။ နိုက်ထရိုဂျင် အသုံးပြု စီရင်ခြင်း ဆိုသည်မှာ အကျဉ်းသားအား အလုံပိတ် ဓါတ်‌ ငွေ့ကာ မျက်နှာဖုံး မှ တဆင့် နိုက်ထရိုဂျင် ချည်း သက်သက် ထည့်သွင်းပေးလိုက်ခြင်းဖြင့် အောက်စီဂျင် ပြတ်လတ်ပြီး မွန်းကျပ် သေဆုံး သွား‌စေ ရန် ဖြစ်သည်။ အချို့ လေ့လာတွေ့ရှိချက်များအရ အောက်စီဂျင် ပြတ်လတ်မှုသည် နှလုံး ဖောက်ပြန်မှု ဒဏ်ခံရသည့် နာကျင်မှု နှင့် အတူတူ ဖြစ်သည်ဟု သိရသည်။ ခံစားရသူ သတိလက်လွတ် မဖြစ်ခင် မစင်များ ထွက်ခြင်း၊ အော့အန်ခြင်းများလည်း ဖြစ်စေသည်ဟု ဆိုသည်။ ထို့ပြင် မျက်နှာဖုံးကို အသေအချာ တပ်ဆင်ထားခြင်း မရှိက အနီးအနားရှိ လူများကိုပါ အန္တရာယ် ဖြစ်စေနိုင်သည်။

 

စမစ်အား မကွပ်မျက်မီ ရက်သတ္တပတ် ပေါင်း များစွာကပင် ကုလ လူ့အခွင့် အရေး ကော်မရှင် မဟာမင်းကြီး ရုံးမှ ယင်းသည် နှိပ်စက် ညှင်းပန်းခြင်းနှင့် အတူတူ ဖြစ်သည်ဟု သတိပေးလာခဲ့သည်။ သို့သော် အမေရိကန် တရားလွှတ်တော်ချုပ်သည် အကျဉ်းသား၏ ဥပဒေ အကျိုးဆောင် အဖွဲ့မှ သေဒဏ် စီရင်မှု အား ရပ်တန့်ပေးရန် နောက်ဆုံး အချိန် ပန်ကြားချက် ကို ပယ်ချခဲ့သည်။

 

မျက်မြင်သက်သေများ က စမစ်သည် မိနစ် အတန်ကြာ အသိရှိနေပြီး ဝေဒနာကို နာကျင်စွာ ခံစားနေရပုံ ရှိသည်ဟု ပြောကြသည်။ အစ မှ အဆုံး အချိန် ၂၂ မိနစ် ကြာသွားသည်ဟု သိရသည်။

 

အယ်လာဘာမား ပြည်နယ်သည် ဆေးထိုး စီရင်နိုင်ရန် ကျွမ်းကျင် ဆေးပညာရှင်များ ရရှိရေး တွင် အခက်အခဲများ တွေ့လာနေရသည်။ အမေရိကန် ဆေးပညာ အသင်းနှင့် မေ့ဆေး ဘုတ် အဖွဲ့မှလည်း ၎င်းတို့၏ အဖွဲ့ဝင်များ ထိုလုပ်ငန်းများတွင် မပါဝင်ရန် တားမြစ်ထားပြီး ဖြစ်သည်။

 

စမစ် အား ပထမဆုံး အကြိမ် ဆေးထိုးစီရင်ရာတွင် အကြောထဲ ဆေးသွင်းရန် အခက်အခဲ ဖြစ်နေ၍ ရွှေ့ဆိုင်းခဲ့ရပြီး ဖြစ်သည်။ အယ်လာဘာမား တာဝန်ရှိသူ များသည် အလားတူ ပြဿနာ နှင့် နှစ်ကြိမ် ကြုံခဲ့ရပြီး ဖြစ်သည်။ ပထမတကြိမ်တွင် အကျဉ်းသားတဦးသည် အသက်မသေပဲ လွတ်မြောက်သွားခဲ့ပြီး၊ နောက်တဦး မှ ဝေ‌ဒနာ ကို သုံးနာရီ ကြာမျှ ခံစားခဲ့ရပြီး သေဆုံးသွားခဲ့သည်။ ယင်းသည် အမေရိကန် သမိုင်းတွင် သေဒဏ်စီရင်မှု တွင် ‌အရှည်ကြာဆုံး ဝေ‌ဒနာ ခံစားခဲ့ရမှု အဖြစ် မှတ်တမ်းဝင်သွားခဲ့သည်။

 

သို့သော် ဇန်နဝါရီ ၂၆ ရက်နေ့တွင် ပြည်နယ် ရှေ့နေချုပ် စတိဗ် မာရှယ်မှ ကွပ်မျက်ရန် ကျန်ရှိနေသော အကျဉ်းသား ၄၃ ဦးသည် နိုက်ထရိုဂျင် ဖြင့် ကွပ်မျက်ခံရန် ‌ရွေးချယ်ခဲ့ကြပြီး ဖြစ်သည်ဟု ထုတ်ဖေါ် ပြောဆိုလာခဲ့သည်။

 

ပြဿနာက ထိုနည်းလမ်းသည် ဝေဒနာ မခံစားရပဲ အလျင်အမြန် အသက်ထွက်သွားမည်ဟု အာမ မခံနိုင်ခြင်းပင် ဖြစ်သည်။

 

(၂၀၂၄ ဇန်နဝါရီ ၂၇ အီကောနော်မစ် မဂ္ဂဇင်းပါ "Why execution by nitrogen gas is so controversial" ဆောင်းပါးကို ပြန်ဆိုသည်။)